ရှေးဟောင်းပစ္စည်း လာတူးတဲ့လူအုပ်ကို မင်းဘူး ရဲက သေနတ်ဖောက်လူစုခွဲ

မင်းဘူးမြို့နယ်၊ ချောင်းကောက်ရွာ အတွင်းက လယ်မြေမှာ လာတူးနေကြတာဖြစ်

မင်းဘူးမြို့နယ်၊ ချောင်းကောက်ရွာက လယ်မြေထဲကို အောက်တိုဘာ ၁၀ ရက်နေ့ ညက ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့၊ ပုတီးစေ့၊ အိုးခွက်၊ လှံတွေ တွေ့တယ်ဆိုပြီး လူအုပ်လိုက်လာရောက်ပြီး တူးဖော်တာတွေရှိခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက် တားမြစ်ခဲ့ရာမှာ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် သေနတ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ဒေသခံရွာသားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ကို ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လူအုပ်စုကြီး လာရောက်တူးဖော်နေစဥ် အကြောင်းကြားခဲ့ကြပါတယ်။ရဲတွေရောက်လာတဲ့ အခါမှာတော့ ပစ္စည်းတွေကိုယူပြီး လူအုပ်ကြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံရွာသားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဒေသခံအချို့ဆီကရတဲ့ ဓာတ်ပုံအထောက်အထားတွေထဲမှာတော့ အလှဆင် ပုတီးကုံးလို အရာတွေကို တွေ့ရသလို လူအုပ်စုလိုက် ဓာတ်မီးတွေနဲ့ တူးဖော်နေတာကို ဘီဘီစီကသိခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က လာရောက်လူစုခွဲပေမဲ့ ရဲတပ်ဖွဲ့ကို ခဲ၊ လေးခွတွေနဲ့ လူအုပ်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့ ကတစ်ဆင့် သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ရှေး‌ဟောင်းသုတေသန ကလာရောက်လေ့လာ

လာတူးတဲ့သူတွေက ဘယ်ကလူတွေလို့ မသိရပေမဲ့ အနီးအနား‌ကျေးရွာက ဒေသခံတွေလို့ ယူဆမှုတွေ ရှိပါတယ်။

ရဲတပ်ဖွဲ့က လာတားစဥ်် ပြန်လည်ခုခံတာကြောင့် ရဲတပ်ဖွဲ့က သေနတ် ၆ချက်အထိ ပစ်ဖောက်ပြီး လူစုခွဲပြီးနောက်မှသာ ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

အဲဒီလို ထွက်ပြေးသွားချိန်မှာတော့ တူးဖော်ရရှိတဲ့ ပစ္စည်းတွေကို ပါယူဆောင် သွားကြတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အဲဒီနေရာကို မကွေးတိုင်း ရှေးဟောင်းသုတေသနဌာနက လာရောက်ကာ ကြည့်ရှု့ မှတ်တမ်းတင်တာတွေပြုလုပ်ပြီး ညပိုင်းမှာပဲ အခုလိုလူအုပ်စုလိုက် လာရောက် တူးဖော်မှုတွေဖြစ်ခဲ့တာလို့လည်းသိရပါတယ်။

ရှေးဟောင်းပစ္စည်းလို့ ယူဆမှုတွေရှိ

အဲဒီနေရာက တူးဖော်ရတဲ့ရှေး‌ဟောင်း ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀ ကျော်ခန့် သံခေတ်က ရှေးဟောင်းပစ္စည်းတွေလို့ ယူဆရကြောင်းလည်း မကွေးတိုင်း ရှေးဟောင်းသုတေသနဌာနရဲ့ဦးစီးအရာရှိ ဦးရဲလွင်က ဘီဘီစီကိုပြောပါတယ်။

အောက်တိုဘာ၁၀ ရက် ညပိုင်းမှာ လူအုပ်စုလိုက် လာရောက်တူးဖော်မှုကို ဖြစ်ခဲ့အပြီးမှာ အဲဒီနေရာ ကို ရဲတပ်ဖွဲ့က လုံခြုံရေးလာယူထားတာတွေ့ရပြီးတော့၊ အောက်တိုဘာလ ၁၁ ရက်နေ့ အထိ တူးဖော်သူတွေကို ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေ ဆီကတစ်ဆင့် သိရပါတယ်။

မင်းဘူးမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ကံက လူအုပ်စုလိုက်တူးဖော်သူတွေကို ရဲတပ်ဖွဲ့က သတင်း ဆက်လိုက်ပြီး စုံစမ်းနေတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

ရှေးဟောင်းသုတေသနဌာနရဲ့ ယူဆချက်အရ အခုတွေ့တဲ့ ရှေးဟောင်းပစ္စည်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ နဲ့ ၁၅၀၀ အတွင်းက အသုံးအဆောင်တွေဖြစ်ပြီး တူးဖော်ကာ မှတ်တမ်းပြုစုနိုင်တဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

လှံလို့ယူဆရတဲ့ ရှေးဟောင်းပစ္စည်း

မင်းဘူးမြို့နယ် ချောင်းကောက်ရွာ၊ မင်းဘူး- မင်းလှကားလမ်းဘေး၊ ဧရာဝတီမြစ်ကမ်းအနီးက လယ်ကွက်တွေထဲမှာ ပျူခေတ်သင်္ချိုင်းလို့ ယူဆရတဲ့နေရာကို အနီးဝန်းကျင်ရွာတွေက ဒေသခံတွေက အောက်တိုဘာလ ၆ ရက်နေ့ကတည်းကစပြီး လူအုပ်စုလိုက် လာရောက်တူးဖော်ကာ ပုတီးစေ့၊ အိုးခွက်၊လှံတံ၊ ဓား အစရှိတာတွေကို ရယူခဲ့ကြတာဖြစ်ပါတယ်။

အခု တူးဖော်နေတဲ့နေရာက အရပ်ကပြောနေသလို ပျူရှေးဟောင်းသင်္ချိုင်းနေရာဟောင်းဟုတ်မဟုတ်နဲ့ ဘယ်လို ဆက်လက် လုပ်ဖို့ရှိတယ်ဆိုတာကို စိစစ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်း ရှေးဟောင်းသုတေသနဌာနရဲ့ ဦးစီးအရာရှိ ဦးရဲလွင်က ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54500429

ရှေးဟောင်းပစ္စည်း လာတူးတဲ့လူအုပ်ကို မင်းဘူး ရဲက သေနတ်ဖောက်လူစုခွဲ  ရှေးဟောင်းပစ္စည်း လာတူးတဲ့လူအုပ်ကို မင်းဘူး ရဲက သေနတ်ဖောက်လူစုခွဲ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.