ကိုဗစ် နှစ်ခါပြန်ဖြစ်တာရှိပြီး ဒုတိယအကြိမ်ဖြစ်တာက ပိုခံရ


အမေရိကန်မှာ လူတစ်ယောက်ဟာ ကိုဗစ်ရောဂါ နှစ်ကြိမ် ပြန်ကူးစက်တာခံခဲ့ရပြီး ဒုတိယအကြိမ်ဖြစ်ရာမှာ ပထမတစ်ခါ ထက်ကို ပိုပြီး အန္တရာယ်များခဲ့တယ်လို့ ဆရာဝန်တွေက ထုတ်ပြန်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ အဲဒီ အမျိုးသား လူနာဟာ သူ့အဆုတ်တွေ ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်ခဲ့ရပြီး အောက်စီဂျင်လုံလုံလောက်လောက် မရခဲ့တဲ့အတွက် ဆေးရုံတက်ခဲ့ရကာ အခုတော့ ပြန်သက်သာ လာနေပါပြီ။

ဒီလို ကိုဗစ် ရောဂါ နှစ်ကြိမ်ဖြစ်တယ်ဆိုတာဟာ ရှားရှားပါးပါးပါ။

ဒါပေမဲ့ ဗိုင်းရပ်စ် တစ်ခါကူးစက်ခံရပြီးရင် လူမှာ အဲဒီဗိုင်းရပ်စ်အတွက် ကိုယ်ခံအား ဘယ်လောက် ရသွားခဲ့သလဲ ဆိုတဲ့ အမေးက ပေါ်လာပါတယ်။ ဒီ အမေးကို ဖြေနိုင်ဖို့အတွက် ပညာရှင်တချို့ စူးစမ်းနေကြပြီဆိုတာကို လန်းဆက် (Lancet) ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရရင် ကိုယ်ခန္ဓာကနေ ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့ ပဋိပစ္စည်းတွေ (Antiboodies) တွေထွက်လာတာ မှန်ပေမဲ့ ဒီ ပဋိပစ္စည်းတွေကြောင့် နောက်တစ်ခါ ကိုဗစ်မကူးဘူး လို့ အာမ မခံနိုင်တာ ပိုပြီး ပေါ်လွင်လာစေတဲ့ အဖြစ်ပါ။

နဗားဒါး ပြည်နယ်က အဲဒီလူနာဟာ တခြား ရောဂါထူးထူးခြားခြားလည်း မရှိသလို၊ ကိုယ်ခံအားနဲ့ ပတ်သက်တဲ့ ရောဂါတွေလည်း မရှိဘူးလို့ သိရပါတယ်။

သူ ဘယ်တုန်းက ဘာတွေဖြစ်ခဲ့သလဲ

၂၅ ရက်၊ မတ်လ - လည်ချောင်းနာ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ပျို့အန်ချင်၊ ဝမ်းလျော စတဲ့ ရောဂါလက္ခဏာတွေ ကို ခံစားခဲ့ရ

၁၈ ရက်၊ ဧပြီလ - သူ့မှာ ကိုဗစ် - ၁၉ ပိုး ရှိကြောင်း (ပေါ့စတစ်) စမ်းသပ်တွေ့ရ

၂၇ ရက်၊ ဧပြီလ - ရောဂါလက္ခဏာတွေအားလုံးကို ကုသပြီး သက်သာပျောက်ကင်း

၉ ရက် နဲ့ ၂၆ ရက်၊ မေလ - ဗိုင်းရပ်စ်ပိုး မရှိတော့ကြောင်း (နဂေးတစ်) ၂ ကြိမ်စမ်းသပ်တွေ့ရှိ

၂၈ ရက်၊ မေလ - အဖျား၊ ခေါင်းကိုက်၊ မူးဝေ၊ ချောင်းဆိုး၊ ပျို့အန်ချင်၊ ဝမ်းလျော စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာ

၅ ရက်၊ ဇွန်လ - သူ့မှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း နောက်တစ်ကြိမ် စမ်းသပ်တွေ့ရှိ၊ သူ့သွေးထဲမှာ အောက်စီဂျင်နည်းနေပြီး အသက်ရှူရာမှာ အမြန်လုရှူနေရ

သူဖြစ်တဲ့ နှစ် ကြိမ်မှာ တွေ့ရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်က ဗီဇ သင်္ကေတဝှက်စာတွေ (genetic codes) ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူတာကို တွေ့ရတဲ့အတွက် ဒါဟာ ပိုးကူးစက်ခံရတာ နှစ်ခါဖြစ်ခဲ့ပြီး ရောဂါ နှစ် ကြိမ်ဖြစ်တာလို့ ပညာရှင်တွေက ဆိုပါတယ်။

နဗားဒါး တက္ကသိုလ်က ဒေါက်တာ မတ်ခ် ပန်ဒိုရီက "အရင်တစ်ခါရောဂါရဖူးရင် နောက်တစ်ခါဝင်လာတဲ့ ရောဂါပိုးကို မကာကွယ်နိုင်ဘူးဆိုတဲ့ အချက်ကို အခု ကျွန်တော်တို့ တွေ့ရှိချက်က ပြသနေတယ်" လို့ ပြောပါတယ်။

"ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရတာမျိုးက တစ်ခါဖြစ်ပြီးလည်း ထပ်ပြီးခံရနိုင်ရတယ်ဆိုတဲ့ အချက်က ဒီရောဂါပြီးသွားစေတဲ့ လူတွေရဲ့ကိုယ်ခံအားအပေါ် နားလည်မှုနဲ့ပတ်သက်ပြီး အများကြီး လေ့လာစရာတွေတွေ့ခဲ့ပါတယ်။"

ပိုးကူးစက်ခံရပြီး ပြန်နာလန်ထလာသူတွေ အနေနဲ့ လူတွေနဲ့ ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာ စတဲ့ လမ်းညွှန်ချက်တွေကို ဆက်လက်လိုက်နာသွားဖို့ လိုအပ်တယ်လို့လဲ သူက တိုက်တွန်းပါတယ်။

ကိုဗစ် နှစ် ကြိမ်ပြန်ဖြစ်တဲ့ ကိစ္စကတော့ ရှားရှားပါးပါးဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ကူးစက်ခံရသူပေါင်း ကမ္ဘာမှာ ၃၇ သန်းကျော်ရှိပြီး ပြန်ဖြစ်တဲ့ ဥပမာကတော့ အနည်းအကျဉ်းသာရှိပါသေးတယ်။

ဟောင်ကောင်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန် မှာ တွေ့ရတာတွေကတော့ နောက်တစ်ခါ ပြန်ဖြစ်တဲ့အခါ ပထမအကြိမ်လောက်လူနာခံစားရတာ မပြင်းထန်ဘူးလို့ ဆိုပါတယ်။ အီကွေဒေါမှာ ဖြစ်တာတစ်ခုကတော့ ဒုတိယအကြိမ်ပြန်ဖြစ်တာက ပိုဆိုးပေမဲ့ ဆေးရုံတက်ရတဲ့အထိ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ရင်ဆိုင်နေကြရတဲ့ ကမ္ဘာ့နိုင်ငံတွေအဖို့ ပိုပြီးရှင်းလင်းတဲ့ အဖြေကို သိလာနေရပါပြီ။

ဗိုင်းရပ်စ်က ပထမအကြိမ် လူကိုတိုက်ခိုက်ပြီးတဲ့နောက် လူ့ခန္ဓာအတွင်းက ကိုယ်ခံအား စနစ်ကနေ ဒီဗိုင်းရပ်စ်ကို ဘယ်လိုပြန် တုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာ သိသွားပြီ၊ ဒီတော့ ဗိုင်းရပ်စ် ဒုတိယ အကြိမ်ဝင်လာပြန်ရင် အရင် တစ်ခါကလောက် မခံရတော့ဘူးလို့ မှတ်ယူခဲ့ကြတာပါ။

နဗားဒါးက လူနာက ဘာလို့ ဒုတိယအကြိမ်မှာ ပိုပြီးခံရသလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်ကြသေးပါဘူး။ တွေးဆနေတာ တစ်ခု ကတော့ ဒုတိယအကြိမ် ကူးစက်ခံရတုန်းက အရင်တစ်ခါထက် ပိုပြီး ပမာဏများတဲ့ ပိုးတွေနဲ့ တွေ့ရလို့ ရောဂါပိုပြင်းတာလို့ လည်းတွေးနေကြပါတယ်။

နောက်ပြီး တခြားဗိုင်းရပ်စ်ရောဂါတွေမှာ ဥပမာ - သွေးလွန်တုပ်ကွေးရောဂါမှာ နောက်တစ်ကြိမ်ဖြစ်တာက ပိုဆိုးတာတွေရှိပါတယ်။ ရှင်းပြရရင် ပထမအကြိမ် ကူးစက်ခံရချိန် သွေးလွန်တုပ်ကွေး (Dengue) ဗိုင်းရပ်စ် ကို တုံ့ပြန်ပြီး ထွက်လာတဲ့ ကိုယ်ခံအား ပဋိပစ္စည်းတွေက နောက်တစ်ခါ သွေးလွန်တုပ်ကွေး ဖြစ်ရင် ပိုဆိုးစေတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ နောက်တစ်ခါ ဝင်လာတဲ့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်က အရင်ဗိုင်းရပ်စ်နဲ့ မျိုးစိတ်ကွဲ (Strain) မတူတာကြောင့်ပါ။ အခု ကိုရိုနာဗိုင်းရပ်စ် ရောဂါရလို့ ဒုတိယအကြိမ်က ပိုဆိုးတယ် ဆိုတာ အဲဒါမျိုး ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက တွေးဆ ကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54524129

ကိုဗစ် နှစ်ခါပြန်ဖြစ်တာရှိပြီး ဒုတိယအကြိမ်ဖြစ်တာက ပိုခံရ  ကိုဗစ် နှစ်ခါပြန်ဖြစ်တာရှိပြီး ဒုတိယအကြိမ်ဖြစ်တာက ပိုခံရ Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.