မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း


ရခိုင်ပြည်နယ်ထဲက တချို့မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရအောင် တောင်းဆိုသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရဖို့ စီစဉ်နေတာပါ။

စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေ ရှိပါတယ်။ အဲဒီအထဲက ပေါက်တောနဲ့ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတချို့မှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီမနက် စစ်တွေမြို့ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြသွားမယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင် ပြောပါတယ်။

“စစ်တွေမှာဆိုလို့ရှိရင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ထားတဲ့ ကျေးရွာအုပ်စု လေးခုပေါ့နော်။ အဲဒါရှိမယ်။ နောက်တစ်ခုက တောင်ကုတ်မှာ ကျန်ခဲ့တဲ့ ကျေးရွာအုပ်စုတွေပေါ့နော်။ နောက်ပြီး တောင်ကုတ်မြို့ပေါ်က ရပ်ကွက်တချို့လည်း ပါပါတယ်။ နောက်တစ်ခုကတော့ မောင်တောမှာဆိုရင် မြို့ပေါ် အပါအဝင် တောင်ဘက်ခြမ်းပေါ့။ နောက်တစ်ခုကတော့ ပေါက်တောမြို့နယ်ပေါ့နော်။ ဒီနေရာတွေကို ကျင်းပပေးဖို့ ဖြစ်နိုင် မလားဆိုပြီးတော့ တင်ပြမယ်ပေါ့နော်။”

ဒီနှစ် ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ အောက်တိုဘာ ၁၆ ရက်နေ့ကမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေ ထုတ်ပြန်ထားတာ မြို့နယ် ၉ မြို့နယ်နဲ့ ကျေးရွာပေါင်း ၁၅ဝ ကျော်ရှိပါတယ်။

အဲဒီမဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တို့ ဖြစ်ပါတယ်။

လုံခြုံရေးကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ကိစ္စကို တင်ပြဖို့ အစီအစဉ်မရှိဘူးလို့ ဥက္ကဋ္ဌဒေါ်တင်လှိုင် က ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးသောင်းစိန် ကလည်း ရွေးကောက်ပွဲကျင်းပလို့ ရနိုင်တဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်ကျေးရွာကို ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲ ကျန်ခဲ့တဲ့မြို့နယ်တွေမှာ မလုပ်နိုင်တဲ့အပေါ်  တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီအထဲမှာ လုပ်လို့ရနိုင်တဲ့ အခြေအနေက ကျနော်တို့အမြင်၊ ကျနော်တို့ပါတီအမြင်က မောင်တော။ မောင်တောဘက်မှာ မဲဆန္ဒရှင်ပြည်သူတွေက နည်းတယ်။ လုံခြုံရေးအင်အားက များတယ်။ တကယ်လို့ လုံခြုံရေးသာ ပေးမယ်ဆိုရင် အဲဒီမောင်တောမြို့ပေါ်၊  မြို့နယ်တစ်စိတ်တစ်ပိုင်း လုပ်လို့ရမယ်မြင်လို့ အကြံပြု တင်ပြခဲ့ပါတယ်။ ပြီးတော့ ပေါက်တော။ ပေါက်တောကတော့ လက်ရှိ မြေပြင်အနေအထားမှာ တစ်ခါမှ တိုက်ပွဲ ဖြစ်တာမရှိဘူး။ ပါတီပြိုင်ဘက်တွေ သိပ်မပြင်းဘူး။ ဆိုတော့ လုပ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။”

မွတ်စလင်အများစု နေထိုင်ရာ မောင်တောမြို့နယ်မှာဆိုရင် လက်ရှိ မဲပေးခွင့်ရှိသူ ၂၈၀၅၄ ဦးရှိတယ်လို့ မောင်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးမြတ်သူဇာကျော်က ပြောပါတယ်။ ဒီအထဲမှာ မွတ်စလင် ဘယ်နှစ်ဦး ပါဝင်တယ်ဆိုတာကိုတော့ သီးခြားစာရင်းမခွဲထားဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကတော့ မောင်တောမြို့နယ်မှာ မဲပေးခွင့်ရှိသူ မွတ်စလင် ၇၁ ဦး ရှိတယ်လို့ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ပြောဆိုချက်အရ - ရွေးကောက်ပွဲမကျင်းနိုင်တဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ ဒီနှစ် မဲပေးခွင့်ရှိသူ ခန့်မှန်းခြေ ၁၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်ကတော့ ပြည်သူတွေအတွက် တော်တော်လေးကို ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ ထောက်ပြပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်က တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ တခြား တိုင်းနဲ့ပြည်နယ်နဲ့ မတူဘူး။ ကျနော်တို့မှာက အကျပ်အတည်းတွေ အများကြီးရှိတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ကျနော်တို့မှာ လူဦးရေ နှစ်သိန်းခွဲ လောက် စစ်ဘေးရှောင်စခန်းကို ရောက်နေတဲ့အခြေအနေ။ နောက်ပြီးတော့ ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် မသွားရ မလာရ ကန့်သတ်ထားတဲ့အတွက် စီးပွားရေအခြေအနေ ယိုင်လဲသွားမှုတွေ။ နောက်တစ်ခုက အင်တာနက် အခုအထိ မရသေးဘူး။ အဲဒီလိုအခြေအနေမှာ နိုင်ငံစည်းမျည်းအသီးသီး လွှတ်တော်ကတဆင့် တင်ပြဖို့ အဓိကဆုံးရှုံးမှာက ပြည်သူတွေပဲ။ အဲဒါကြောင့် ဒီလိုသာ ရွေးကောက်ပွဲမလုပ်ဘဲနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆုံးရှုံးမယ်ဆိုရင် ပြည်ထောင်စုဆိုတဲ့ မြန်မာနိုင်ငံမှာ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ဆုံးရှုံးမှုက အန်မတန် ကျယ်ပြန့် ကြီးမားမယ့်အခြေအနေရှိတယ်။”

အခုလို ရခိုင်ပြည်နယ်က မြို့နယ်တွေ၊ ရပ်ကွက်ကျေးရွားတွေတစ်ချို့မှာ ရွေးကောက်ပွဲ့ကျင်းပပေးဖို့ တောင်းဆိုတာနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုကြောင်းပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

နိုဝင်ဘာ ၈ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ၂ဝ၂ဝ ရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၉ မြို့နယ်ကတော့ ဒီနှစ် ကျင်းပနိုင်ခြင်း မရှိပါဘူး။ အဲဒီမြို့နယ်တွေကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပေါက်တော တို့ ဖြစ်ကြပါတယ်။

ကျန်တဲ့ သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲအပြည့်အဝ ကျင်းပခွင့်ရထားပြီး၊ တောင်ကုတ်၊ စစ်တွေ၊ အမ်းနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာတော့ ကျင်းပခွင့်ရတယ်ဆိုပေမယ့် မဲဆန္ဒနယ်မြေ အားလုံးတော့ မပါဝင်ပါဘူး။

အောက်တိုဘာ ၂ဝ ရက်နေ့က လုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အမ်းမြို့နယ်ကို အပြည့်အဝ ကျင်းပခွင့်ပြုဖို့ကိစ္စ ပြန်သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲတွေ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/going-to-submit-to-held-election-in-two-townships-and-others-10262020091037.html

မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.