စစ်တွေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ရဟန်းတော်တစ်ပါးနှင့် လူငယ် ၃ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားဟုဆို


စစ်တွေ၊ အောက်တိုဘာ ၁၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဇီးတောတောရဘုန်းတော်ကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းမှ ရဟန်းတော်တစ်ပါးနှင့် လူငယ် ၃ ဦးတို့အား တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ကျောင်းထိုင်ဆရာတော်ဦးခေမာစာရက နိရဥ္စရာကို မိန့်ကြားသည်။

ဖမ်းဆီးခံလိုက်သူတို့မှာ စစ်တွေမြို့နယ် အုန်းရေဖော်ကျေးရွာအနီးရှိ  ဇီးတောတောရ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသည့် ဦးပညာသာမိ (၂၃ နှစ်)၊ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာမှ မောင်သန်းဝင်း (၁၇ နှစ်)၊ မောင်ကျော်ဇောလှ (၁၆ နှစ်)နှင့် ကိုနေဆန်းဦး (၂ဝ နှစ်) တို့ဖြစ်ကြသည်ဟု မိန့်သည်။

သူတို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်က မြို့မှပြန်လာမည့် ကျောင်းထိုင် ဆရာတော်ကို စောင့်ကြိုရန်သွားစဉ် အုန်းရေဖော်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု ကျောင်းထိုင်ဆရာတော်က နိရဥ္စရာကို မိန့်သည်။

“အဲဒီကလေးတွေက ဆရာတော့်ကျောင်းကိုရောက်ပြီးမှ အင်္ဂလိပ်စာလည်း မတတ်ဘဲ ARAKAN ဆိုပြီးတော့ တစ်ယောက်ပြောခဲ့တာကို အကုန်လုံး မှင်ထိုးထားတယ်။ အဲဒီကိစ္စနဲ့ ဖမ်းတာလား မသိဘူး။ လက်တွေမှာထိုးထားတယ်သူတို့ အင်္ဂလိပ်စာလည်း မတတ်ဘဲ။ အဲဒါတွေကို ဦးဇင်းကို ကျောင်းကိုရောက်ပြီးမှ ထိုးကြတာ။ သူတို့တွေ မဟုတ်တာမလုပ်ဘူးဆိုတာကိုတော့ ဆရာတော် အာမခံတယ်။ သူတို့တွေ ဟုတ်ခဲ့ရင်လည်း ဆရာတော်ကိုဖမ်းလို့ ပြောချင်တယ်။ ဆရာတော်ကတော့ အာမခံတယ်”ဟု ဆရာတော်က မိန့်သည်။

ဖမ်းဆီးခံရသူများအနက် ဦးပညာသာမိသည် ဇီးတော တောရစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသူဖြစ်သည်ဟု ဆိုသည်။  

ကျန်သည့် လူငယ် (၃)ဦးအနက် မောင်သန်းဝင်းမှာ နဝမတန်းတက်ရောက်မည့်သူဖြစ်ပြီး မောင်ကျော်ဇောလှသည် အဋ္ဌမတန်းကို တက်ရောက်မည့်သူဖြစ်သည်။ ကိုနေဆန်းဦးမှာ လက်လုပ် လက်စား လူငယ်တစ်ဦးဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံလိုက်ရသူ မောင်သန်းဝင်း၏ မိခင် ဒေါ်ရွှေစိုးက “သူတို့တွေ အခုလို ဖမ်းဆီးခံလိုက်ရတဲ့ အတွက် စိုးရိမ်တာကတော့ ပြောစရာတောင် မလိုတော့ဘူး။ ထမင်းမစားဘဲ နေ့မအိပ်၊ ညမအိပ် ငိုနေတာပဲ။ သူတို့တွေကို လွှတ်ပေးဖို့ လူကြီးတွေကို တောင်းဆိုချင်ပါတယ်”ဟု နိရဥ္စရာကိုပြောသည်။

မည်သည့်စစ်တပ်က ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း ထူးခြားဖြစ်စဉ် အဖြစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ သွားရောက်နေသည်ဟု စစ်တွေမြို့နယ် ကျက်တောပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကြည်က နိရဥ္စရာကို ပြောသည်။

“ ဖမ်းသွားတာ ဘယ်စစ်တပ်ကလဲလို့ မေးလို့လည်း မရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ထူးခြား ဖြစ်စဉ် အဖြစ်တင်ဖို့ ကျနော်ရုံးကို သွားနေပါတယ်။ အဲဒီက ဘယ်လို အကြံဉာဏ်ပေးမလဲတော့ မသိ သေးဘူး”ဟု သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ထံ နိရဥ္စရာက ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိကြပါ။

ဇီးတောတောရစစ်ဘေးရှောင်စခန်းတွင် ယခုနှစ် ဖေဖော်ဝါလအတွင်းမှ စတင်ကာ ပလက်ဝမြို့နယ် သူဌေးကုန်းနှင့် နှမဒါစသည့်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၄ဝ ခန့် နေထိုင်လျက် ရှိသည်ဟုလည်း သိရသည်။


မာန်ယုကျော် (ရွှေဝမြေ)

Narinjara

https://www.facebook.com/narinjara.info

စစ်တွေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ရဟန်းတော်တစ်ပါးနှင့် လူငယ် ၃ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားဟုဆို စစ်တွေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ရဟန်းတော်တစ်ပါးနှင့် လူငယ် ၃ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားဟုဆို Reviewed by THITHTOOLWIN on 18:50 Rating: 5

No comments:

Powered by Blogger.