လော့ဒေါင်းချထားတဲ့ မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံမှာ ပိုးတွေ့သူရာနဲ့ချီရှိလာ

Myanmar Asia Optical စက်ရုံမှာ ပိုးတွေ့သူပေါင်း ရာနဲ့ချီရှိလာ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်က လော့ဒေါင်းချထားတဲ့ Myanmar Asia Optical စက်ရုံမှာ ပိုးတွေ့သူပေါင်း ရာနဲ့ချီရှိလာပြီလို့ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ဘီဘီစီကိုပြောပါတယ်။

အဆိုပါစက်ရုံဟာ အနံ့ပျောက်သူ အချို့ရှိတဲ့အတွက် စက်တင်ဘာ၁၃ ရက်နေ့ကစပြီး စက်ရုံအဝင်အထွက်ကို ပိတ်ထားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရသူ တစ်ဦး တွေ့ရှိပြီးတဲ့နောက် ဝန်ထမ်းထောင်ကျော်ရှိတဲ့ စက်ရုံတစ်ခုလုံးကို အဝင်အထွက်ကန့်သတ်ပြီး လော့ဒေါင်းချခဲ့တာဖြစ်တယ် လို့ စက်ရုံဝန်ထမ်းတွေက ဘီဘီစီကိုပြောပါတယ်။

' ' မနေ့ကအထိ သိရတာတော့ ၁၄၀ ကျော်သွားပြီ ပိုးတွေ့သူက ၊ လောလောဆယ်တော့ အဲဒီမှာ ကျန်းမာရေးဌာနတစ်ခုထားပေးထားတယ်။ မီးသတ်တို့ ဘာတို့လည်း ထားပေးထားတယ်။ပိုးတွေ့တဲ့သူတွေကိုတော့ ဆေးရုံပို့ပေးတယ်။ သူတို့နဲ့ ဆက်စပ်တဲ့အခန်းဖော်တွေကို ကွာရန်တင်းစင်တာတွေ ပို့ပေးထားတာလည်းရှိတယ်။ '' လို့ အဆိုပါ မှန်ဘီလူး စက်ရုံမှာ လုပ်ဆောင်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကပြောပါတယ်။

တစ်ခန်းကို လူ ၁၀ယောက်ကျော် ရှိ

လော့ဒေါင်းချထားတဲ့ စက်ရုံတွင်းက ဝန်ထမ်းတွေ ဘယ်လို အခြေအနေ ရှိနေသလဲ

ကျန်းမာရေး ဝန်ထမ်းအချို့ ချထားပေးတယ်လို့ ဆိုပေမဲ့ အလုပ်သမားဦးရေ ထောင်နဲ့ချီရှိတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

' ' အခုက အနံ့ပျောက်တဲ့သူတွေနဲ့ ဖျားတဲ့သူတွေကအများကြီးပဲ။ ဖျားလို့ အနံ့ပျောက်လို့ သွားပြောရင်လည်း ကိုယ့်အခန်းပဲ ကိုယ်ပြန်နေခိုင်းတယ်။ ကွာရန်တင်း စင်တာတွေကလည်း လူပြည့်နေလို့ မစီစဉ်ပေးနိုင်တာလားတော့မသိဘူး။ ဖျားတဲ့သူကိုလည်း ရက်ကြာတဲ့အထိ အခန်းကိုပဲ ပြန်နေခိုင်းလို့ ကျန်းမာရေးကို လှမ်းပြောမှ မနေ့က သူ့ကိုစစ်တော့ ပေါ့စတစ်ထွက်တယ်။ကျွန်တော်တို့ ကျန်တဲ့သူတွေက ဒီအခန်းထဲမှာပဲ ဆက်နေရတာ''လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

စက်ရုံဝင်းထဲက အလုပ်သမားအဆောင်တွေမှာ တစ်ခန်းကို လူ ၁၈ ဦးခန့်နေထိုင်ကြရပြီး နှစ်ထပ်ခုတင်နဲ့ အိပ်ကြရတာဖြစ်လို့ ဖျားနေသူ အနံ့ပျောက်သူတွေနဲ့ ရောနေရတဲ့အတွက် အခြားသူ တွေကိုပါ ကူးစက်တာတွေ များလာတယ်လို့ စက်ရုံဝန်ထမ်းအချို့က ဘီဘီစီကိုပြောပါတယ်။

'' စိုးရိမ်ပြီး ရင်တမမနဲ့ နေရတာပေါ့။ လက္ခဏာ မပြတဲ့သူတွေကို မစစ်ပေးဘူးဆိုရင်တောင် အနံ့မရတဲ့ သူတွေ ဖျားတဲ့သူတွေ အကုန်လုံးကို စစ်ပေးစေချင်တာ။ ပေါ့စတစ်ဆိုလည်း ပေါ့စတစ်ပေါ့ နဂ္ဂတစ်ဆိုလည်း နဂ္ဂတစ်ပေါ့။ အခုက အကုန် ရောကောသောကောဖြစ်နေတာ။ ညီမတို့အခန်းက အမတစ်ယောက်ဆိုလည်း အနံ့ပျောက်တာ သွားပြောတာ အခန်းမှာပဲပြန်နေခိုင်း တယ်။ ရက်ကြာမှ ထပ်ပြောမှ စက်ရုံထဲမှာပဲ တခြားအခန်းကို ခွဲထားပေးတယ် '' လို့ ပစ္စည်း အရည်သွေးပိုင်း စစ်ဆေးရတဲ့နေရာမှာ လုပ်ကိုင်တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စက်ရုံက နေ့လယ်စာနဲ့ညစာအတွက် တာဝန်ယူပေးထား

ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့စားသောက်ရေး

အစားအသောက်အတွက်က အလှူရှင်တွေလာလှူတာလည်းရှိတယ်။ စက်ရုံကလည်း ထောက်ပံ့ပေးထားတယ်လို့ ဦးဇော်လင်းက ပြောပါတယ်။

' 'အရင်က စက်ရုံက မနက်စာ၊ နေ့လယ်စာ၊ ညစာ ပါစားဖိုဆောင်မှာပဲ ချက်ပြုတ်ပေးထားတယ်။ အဲ့ဒီမှာ သွားစားရတယ်။ ချက်ဖို့ နေရာတွေလည်းပေးထားတော့ ကိုယ့်ဘာသာ ချက်စား လို့ရတယ်။ အခုတော့ လူစုဝေးဖြစ်လို့ဆိုပြီး ချက်စား လို့မရတော့ဘူး။ စက်ရုံကကျွေးတာပဲစားရတယ်။ မနက်စာလည်း မကျွေးတော့ဘူး။ ဒီထဲမှာ ဖွင့်ထားတဲ့ မုန့်ဆိုင်ကိုလည်း ၂ရက်လောက်ရှိပြီ ပိတ်လိုက်တာ။ အပြင်က လာပို့မယ်ဆိုလည်း ကားနဲ့ပဲ ဂိတ်ကို အဝင်ခံတယ် လူ လမ်းလျှောက် လာလို့မရဘူးလို့ပြောတော့ ပို့လို့အဆင်မပြေဘူး''လို့ လည်း စက်ရုံ အလုပ်သမတစ်ဦးက လတ်တလော အခြေအနေကို ပြောပြပါတယ်။

စက်ရုံကနေ နယ်ကို ပြန်တဲ့ဝန်ထမ်းတွေမှာပါပိုးတွေ့သူတွေရှိနေ

မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ Myanmar Asia Optical စက်ရုံဟာ ဝန်ထမ်းအင်အား ငါးထောင်ကျော်နဲ့ ဖုန်းတွေ၊ TVတွေမှာ အသုံးပြုတဲ့ မှန်ဘီလူးအမျိုးမျိုးကို ထုတ်လုပ်တဲ့ စက်ရုံဖြစ် တယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာ ရှိလာပြီးတဲ့နောက် စက်ရုံဝန်ထမ်းအချို့ကို နယ်ပြန်လိုပါက လစာမဲ့ခွင့်နဲ့ ပေးပြန်တာကို အောက်တိုဘာ ၆ ရက်နေ့အထိ ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နေရပ်ကို ပြန်တဲ့ စက်ရုံဝန်ထမ်းတွေထဲက မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းကို ပြန်သွားသူ တွေအားလုံးနီးပါးမှာ ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၀၀ ကျော်အထိရှိတယ်လို့လည်း သက်ဆိုင်ရာ မြို့နယ်တွေကနေ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

' ' မနေ့ကလည်း မကွေးကိုပြန်သွားတဲ့သူ ၁၈ ယောက်လုံးမှာ ပိုးတွေ့တယ်လို့ ပြန်ကြားရတယ်။ ညီမတို့ ကတော့ ကားကလည်း ပြန်ဖို့မရှိလို့ မပြန်ရတာ။ ၊ပြန်ရင် လစာကလည်း မရဘူး လို့ပြောတယ်။ အခုတော့ စက်ရုံကပိတ်ထားရလို့ အခြေခံလစာကို မပေးဘူးပြောတယ်။ လူမှုဖူလုံရေးကပေးမယ့် ၄၀ ရာခိုင်နှုန်းကိုပဲ ပေးမယ်လို့ပြောတယ်။''လို့ စက်ရုံ ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖျားနာသူ ရှိပေမယ့် အခန်းမှာပဲ ပြန်စုနေရတာတွေရှိနေ

နေရပ်ပြန်သူတွေနဲ့ ပိုးတွေ့သူ၊ ကွာရန်တင်းစင်တာတွေကို ရောက်သူတွေကို ဖယ်လိုက်ပါက စက်ရုံတွင်းကျန်သူ တစ်ထောင်ကျော်ရှိနိုင်တယ်လို့ မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပေမဲ့ ဝန်ထမ်းတွေကတော့ စက်ရုံထဲမှာ နှစ်ထောင်ကျော်ဝန်းကျင် ကျန်နေသေးတယ်လို့ ပြောကြပါတယ်။

' ' ကျန်းမာရေးအရ ပိတ်ထားတယ်လို့ ပြောတာပဲ၊ ဘယ်တော့ပြန်ဖွင့်မလဲတော့မသိရဘူး။ အခုက ကိုယ့်အလှည့် ဘယ်တော့‌ရောက်လာမလဲ စောင့်ရသလိုမျိုး ဖြစ်နေတာ။'' လို့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။

ရာနဲ့ချီရှိလာပြီဖြစ်တဲ့ Myanmar Asia Optical စက်ရုံရဲ့ ပိုးတွေ့လူနာအခြေနေနဲ့ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့အခြေအနေတွေကို သိရှိနိုင်ဖို့ မြို့နယ်ကျန်းမာရေးမှူးဖြစ်သူ ဒေါက်တာဝင်းမာကို တယ်လီဖုန်းကတစ်ဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ 


BBC Burmese

https://www.bbc.com/burmese/burma-54519973

လော့ဒေါင်းချထားတဲ့ မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံမှာ ပိုးတွေ့သူရာနဲ့ချီရှိလာ  လော့ဒေါင်းချထားတဲ့ မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံမှာ ပိုးတွေ့သူရာနဲ့ချီရှိလာ Reviewed by THITHTOOLWIN on 19:33 Rating: 5

No comments:

Powered by Blogger.