တိုင်းရင်းသားဒေသတချို့ ကိုဗစ်ကူးစက်မှု တိုးလာ

အလုပ်သွားဖို့ ကားစောင့်နေသူတချို့ကို ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်မှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အသွားအလာ ကန့်သတ်တာအပါအဝင် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်လာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင််း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ်မှာ ခရီးသွားရာဇဝင် မရှိသူတွေနဲ့ အတည်ပြုလူနာနဲ့ ထိတွေ့မှု မရှိသူတွေ အပါအဝင် ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် မြို့နယ်တချို့မှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်တာပါ။ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တွင်း နေထိုင်သူတွေကို ဒီကနေ့ကစပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အတည်ပြုလူနာ ၁၀၀ ကျော်ရှိနေတဲ့ ကချင်ပြည်နယ်မှာ ပိုးတွေ့လူနာတွေကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးနဲ့ မိုးညှင်းခရိုင် ဆေးရုံကြီးအပါအဝင်၊ မိုးကောင်းမြို့နယ်ဆေးရုံနဲ့ ဖားကန့်ဆေးရုံ၊ သီတဂူဆေးရုံအပြင် ရွှေကူဆေးရုံတို့မှာပါ ထားရှိကုသပေးနေတာပါ။ အတည်ပြုလူနာ ၁၇ ဦးရှိတဲ့ မိုးညှင်းမြို့နယ်မှာတော့ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းနေတုန်းပဲလို့ မေတ္တာမွန်လူမှု ကူညီရေးအသင်း (မိုးညှင်း) ဥက္ကဋ္ဌ ဦးခင်အောင်က ပြောပါတယ်။

“လိုက်နာမှုက ပထမ First Wave တုန်းက တော်တော်အားနည်းတယ်။ အခု Second Wave မှာတော့ အရင်ထက်စာရင် အများကြီးတော့ လိုက်နာလာပါတယ်။ သို့သော်လည်း အပြည့်အဝတော့ မဖြစ်နိုင်သေးဘူးဗျ။ (ပိုးတွေ့လူနာတွေကို) စက္ခုပါလဆေးရုံမှာ ထားတယ်။ အခု နောက်ထပ် မိုးညှင်းဒီဂရီကောလိပ်မှာ ထားတယ်ပေါ့။ ကုသရေးပိုင်းကတော့ ဂရုတော့စိုက်ပါတယ်။ သို့သော် ခုနကပြောသလိုပေါ့ဗျာ၊ စည်းကမ်းလိုက်နာမှု အပိုင်းကတော့ နည်းနည်းအားနည်းတာပေါ့ဗျာ။”

မိုးညှင်းမြို့နယ်က ရောဂါသံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးနေရတယ်လို့ ဦးခင်အောင်က ပြောပါတယ်။ ကချင်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၁၈ ခုမှာ ရောဂါသံသယရှိသူအပါအဝင်၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာ ကန့်သတ်ခံထားရသူကတော့ စုစုပေါင်းဦးရေ ၃,၅၀၀ ကျော်အထိရှိနေပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ဒုတိယအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်မှာလည်း မနေ့က တနင်္လာနေ့ တရက်တည်းမှာတင် ပိုးတွေ့လူနာထပ်တိုးဦးရေ ၂၉ ဦးရှိခဲ့ပြီး၊ အဲဒီရက်မတိုင်ခင် တနင်္ဂနွေနေ့တုန်းကတော့ ထပ်တိုးလူနာ ၅၅ ဦးထိ ရှိခဲ့ပါတယ်။ စစ်တွေမြို့အနီးက အုန်းတောကြီးဒုက္ခသည်စခန်းမှာတော့ လူဦးရေ ၂,၇၀၀ ကျော်နေထိုင်ပြီး ကိုဗစ်နဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပေမဲ့ တခြားလိုအပ်ချက်တွေတော့ ရှိနေတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေအတွက် ပုံမှန်အချိန်မှာ လိုအပ်နေတဲ့အကူအညီတွေက အခုလို ကပ်ရောဂါကာလမှာ ပိုပြီးခက်ခဲနေတယ်လို့ အဲဒီစခန်းမှာနေထိုင်တဲ့ ဦးမောင်မောင်က ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ အိမ်သာဆောက်ဖို့ လိုအပ်ပါတယ်။ အဆောက်အဦးကလည်း တော်တော်များများ ပျက်စီးနေပြီ။ နောက်တခုက တချို့လူတွေက ကမ္ဘာ့စားနပ်ရိက္ခာကို ရတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းလောက် ရတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းတော့ စားနပ်ရိက္ခာမရလို့ တော်တော်များများ အခက်အခဲဖြစ်နေတယ်။ ကျနော်တို့လည်း တင်ပြတော့တင်ပြထားတယ်၊ အခုထိတော့ မရသေးဘူး။”

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ကပ်ရောဂါကိုအတိုင်းအတာ တခုအထိထိန်းချုပ်လာနိုင်ပြီ ဆိုပေမယ့် တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတိုးလာတာတွေရှိနေလို့ ပြည်သူတွေမပေါ့ဆဖို့ အွန်လိုင်းကနေ သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာအတည်ပြု လူနာပေါင်း ၃၂,၂၀၅ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၉၁၄ ဦးရှိနေပါတယ်။ သေဆုံးလူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က နာတာရှည်ရောဂါအခံရှိသူတွေ ဖြစ်ပြီးတော့ အသက်အရွယ်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ ပိုပြီးသတိရှိကြဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-cases/5628420.html

တိုင်းရင်းသားဒေသတချို့ ကိုဗစ်ကူးစက်မှု တိုးလာ တိုင်းရင်းသားဒေသတချို့ ကိုဗစ်ကူးစက်မှု တိုးလာ Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.