ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးဝင်းမြင့် တို့ဟာ ဒီနေ့ အောက်တိုဘာလ ၂၉ ရက် နေ့  မနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှာ ကြိုတင်မဲ လာရောက် ပေးခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်က သူ့မဲစာရင်းပါတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွက် ကြိုတင်မဲပေးခဲ့တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွက် ကြိုတင် မဲပေးခဲ့တာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်က ပြည်သူတွေကို ယုံကြည်အားကိုးကြောင်းနဲ့ ပြည်သူတွေကလည်း NLD ပါတီကို ယုံကြည်မှု အပြည့်ရှိမယ်လို့ ယုံကြည်ကြောင်း မဲပေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

"ပြည်သူတွေကတော့ ယုံကြည်အားကိုးပြီးသားပါ။ ပြည်သူတွေအပေါ်မှာ ကျနော်တို့က ယုံကြည်မူအပြည့် ရှိပါတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ယုံကြည်ထားပါတယ်။"

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လက်ရှိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ နေထိုင်နေပေမယ့်လည်း သူတို့မဲစာရင်းပါတဲ့ဒေသက ကိုယ်စားလှယ်လောင်းတွေအတွက် ကြိုတင်မဲပေးဖို့ ရွေးကောက်ပွဲကော်မရှင်ဆီကို ပုံစံ ၁၅ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကိုရိုနာကပ်ရောဂါကာလမှာ ရွေးကောက်ပွဲ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကိုယ့်ရဲ့ မူလမဲဆန္ဒနယ်တွေကို သွားရောက်မဲ မပေးနိုင်တဲ့သူတွေအတွက်၊ အထူးကိစ္စရပ်အနေနဲ့ ပုံစံ ၁၅ လျှောက်ထားပြီး ကြိုတင်မဲပေးနိုင်ကြောင်း ကော်မရှင် က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အသက် ၆၀ နှစ်နဲ့အထက် မဲဆန္ဒရှင်တွေကိုလည်း အောက်တိုဘာ ၂၉ ရက် ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ ကြိုတင်မဲပေးဖို့ ခွင့်ပြုထားတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံတို့ဟာ အဲဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတာဖြစ်ပါတယ်။

အလားတူပဲ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း  သူရဦးရွှေမန်း လည်း ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ညောင်ပင်ကြီးစုကျေးရွာ မူလတန်းလွန်ကျောင်းက မဲရုံအမှတ် (၂) မှာ ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ပါတယ်။

သူရဦးရွှေမန်းက ရွေးကောက်ပွဲဆိုတာ အစိုးရကို ရွေးချယ်တဲ့ပွဲဖြစ်လို့ လူတိုင်းမဲပေးဖို့ တာဝန်ရှိတာကြောင့် နိုင်ငံသားတစ်ယောက်အနေနဲ့ မဲလာရောက်ပေးတာဖြစ်တယ်လို့ ပြောပါတယ် ။

"မဲပေးတယ်ဆိုတာက နိုင်ငံကို ကောင်းကျိုးပြုမယ့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ဒီထက်ပို ပြောမယ်ဆိုရင် နိုင်ငံကို ပိုကောင်းအောင်လုပ်ပေးနိုင်တဲ့အစိုးရကို ရွေးချယ်တဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဲပေးဖို့က လူတိုင်း လူတိုင်းမှာတာဝန်ရှိပါတယ်၊ ဒါကြောင့်မို့ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန် ရှိတာနဲ့အညီ လာရောက်မဲပေးတာဖြစ်ပါတယ်။"

နေပြည်တော်မှာ နိုင်ငံခေါင်းဆောင်တွေ၊ လူသိများထင်ရှားတဲ့သူတွေ ဒီနေ့ ကြိုတင်မဲပေးခဲ့ကြသလို ကျေးရွာ ရပ်ကွက်တွေထဲမှာလည်း အသက် ၆၀ ကျော် မဲဆန္ဒရှင်တွေ ကြိုတင်မဲလာပေးကြတာကို တွေ့ရပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ် ကံဦးကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်လှစ်ထားတဲ့ မဲရုံမှာ၊  ကြိုတင်ဆန္ဒမဲလာပေးတဲ့ အသက် ၆၀ ကျော်အရွယ် ဦးကျော်ထွန်းက မဲပေးရတာ အခက်အခဲမရှိဘူးလို့ ပြောပါတယ်။

"သုံးကြိမ်လောက်တော့ရှိပါပြီ ။ အခက်အခဲမရှိပါဘူး အေးဆေးပါပဲ။ ပီတိဖြစ်ပါတယ်။ ကျနော့်အကြိုက် ကတော့ NLD ပဲလေ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီပြင်အဖွဲ့အစည်းတွေရွေးနေရင် အသစ်လိုပြန်ဖြစ် သွားမယ်လေ၊ အဲဒါကြောင့် NLD ပဲရွေးတယ် ကျန်တာမရွေးဘူး။"

ဒီနေ့ ကြိုတင်မဲပေးတဲ့နေရာကို ကိုယ်စားလှယ်လောင်းတွေလည်း လာရောက်လေ့လာတာတွေရှိပါတယ်။

ပျဉ်းမနားမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးလည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်သန်းရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ထူးအောင်က မဲရုံအတွင်း လိုအပ်ချက်တွေ တွေ့ရတယ်လို့ ပြောပါတယ်။

"လိုအပ်ချက်တွေကတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်ကတော့ အခုလက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်သန်းနဲ့ လိုက်ပြီးတော့ကြည့်တာ ပထမဦးဆုံးသော မဲရုံ၊ သို့သော်လည်းပဲ ကိုယ်နေထိုင်တဲ့ကျေးရွာက မဲရုံတွေမှာ ကြည့်လိုက်တဲ့အခါမှာ အောက်ခြေမှာရှိတဲ့ ကော်မရှင်တွေရယ် နောက်ပြီးတော့မှ မဲရုံကိုယ်စားလှယ်တွေရယ် မဲလာပေးတဲ့သူတွေရယ် အဲဒီလူတွေအားလုံးက တစ်ယောက်နဲ့ တစ်ယောက်က အသိတွေက မတူကြပါဘူးခင်ဗျ၊ မတူကြတဲ့အခါမှာ လုပ်တဲ့ကိုင်တဲ့အခါမှာ အခက်အခဲတွေ အများကြီးဖြစ်တာပေါ့၊ နောက်မဲရုံအတွင်းမှာလည်းပဲ Covid 19 နဲ့ ဆိုပေမယ့်လို့ မဲရုံအတွင်းမှာလည်းပဲ လူအင်အားတွေက ဘယ်လိုပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိတော့ ရှိနေကြတာပါပဲဗျ။"

ဒီနေ့ မှာ အသက် ၆၀ နဲ့အထက် မဲန္ဒရှင်တွေအပြင် ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ဖို့ရှိတဲ့ ဝန်ထမ်းတွေ လည်း ကြိုတင်မဲ လာပေးကြတာကို တွေ့ရပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ရှစ်ခုမှာ  ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၀ နေရာရှိပြီး၊  ပါတီ ၁၁ ခု နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ရှစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်က ကိုးသိန်းကျော်ရှိပြီး၊ အသက် ၆၀ နဲ့အထက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူက တစ်သိန်းကျော်ရှိတယ်လို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းတွေအရ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/president-winmyint-dassk-advance-voting-10292020033654.html

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး Reviewed by THITHTOOLWIN on 02:53 Rating: 5

No comments:

Powered by Blogger.