အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးရောက်နေပြီလား။

အိန္ဒိယနိုင်ငံဟာ ကိုဗစ် -၁၉ ကူးစက်ခံရသူ ၇.၅ သန်းရှိ

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးရောက်နေပြီလား၊နောက်နှစ်အစောပိုင်းမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ပါ့မလား။

အိန္ဒိယထိပ်တန်းသိပ္ပံပညာရှင်အုပ်စုတစ်စုကတော့ ထိန်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ သူတို့ရဲ့ နောက်ဆုံး တွက်ချက်မှု အရ အိန္ဒိယဟာ စက်တင်ဘာလတွင်း ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားပြီး နောက်လာမယ့်နှစ်ဖေဖော်ဝါရီမှာ ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

လူတွေ အားလုံး နှာခေါင်းစည်းတပ်မယ်၊ လက်မှန်မှန်ဆေးမယ်၊ လူစုလူဝေးကို ရှောင်မယ်ဆိုရင်တော့ ရောဂါ ထိန်းချုပ် နိုင်မယ်လို့ သူတို့ရဲ့ လေ့လာမှုမှာ ဖော်ပြထားတာပါ။

အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ဖြစ်ပွားမှု ၇.၅ သန်းနဲ့ ယခုအချိန်အထိသေဆုံးမှု ၁၁၄၀၀၀ ကျော်ရှိပါတယ်။

ကမ္ဘာ့လူ ဦးရေခြောက်ပုံတစ်ပုံရှိတဲ့ အိန္ဒိယမှာ ရောဂါဖြစ်ပွားမှုနှုန်းကလည်း ကမ္ဘာမှာ အမေရိကန် ပြီးရင် ဒုတိယ အများဆုံး ဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှု က ၁၀ ​​ရာခိုင်နှုန်းသာရှိပါတယ်။ ကိုဗစ်-၁၉ လူနာများအကြားသေဆုံးမှုကိုတိုင်းတာတဲ့ ရောဂါဖြစ်ပွားမှုနှုန်း (CFR) ကမ္ဘာပေါ်မှာ အနိမ့်ဆုံး ဖြစ်ပြီး ၂ ရာခိုင်နှုန်း အောက်မှာသာ ရှိပါတယ်။

အိန္ဒိယဟာ စက်တင်ဘာလလယ်မှာ ကိုရိုနာကူးစက်မှုနှုန်းက တစ်သန်းကျော် ရှိခဲ့ပြီး အဲဒီနောက်မှာတော့ ကူးစက်မှု ပမာဏဟာ တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။

ပြီးခဲ့သည့်အပတ်တုန်းက ကူးစက်မှုနှုန်း နေ့စဉ် ပျမ်းမျှ ၆၂၀၀၀ နဲ့ သေဆုံးသူ ၇၈၄ ဦး ရှိခဲ့ပါတယ်။

ပြည်နယ်အများစုမှာလည်း နေ့စဉ်သေဆုံးမှုတွေ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။

ဗိုင်းရပ်စ် စစ်ဆေးမှုကတော့ တစ်သမတ်တည်း ရှိနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်က ပျမ်းမျှ စစ်ဆေးမှုပေါင်း တစ်သန်းကျော်ကို နေ့စဉ်စမ်းသပ်ခဲ့ပါတယ်။

အစိုးရ စီစဥ်တဲ့ နောက်ဆုံး လေ့လာမှုထဲမှာ ပါဝင်တဲ့ သိပ္ပံပညာရှင် ၇ ဦး ထဲမှာ အနုဇီဝ ပညာရှင် ဒေါက်တာ ဂါဂန်ဒိခန် တစ်ယောက်လည်း ပါဝင်ပါတယ်။ သူဟာ လန်ဒန် ဆေးသိပ္ပံပညာရှင် အဖွဲ့အစည်းမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပထမဆုံးအိန္ဒိယအမျိုးသမီး ဖြစ်ပါတယ်။

အစိုးရ ဖွဲ့စည်းပေးတဲ့ စူးစမ်းလေ့လာရေး အဖွဲ့ဟာ ဗိုင်းရပ်စ် ကူးစက်မှု ပုံစံ၊ ဘယ်လို လူမျိုးတွေက ကူးစက်ခံရမှု ပိုများသလဲ၊ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာမှု၊ သေဆုံးမှု စတဲ့ လူဦးရေ၊ ပမာဏ၊ နောက်ပြီး ရောဂါ လက္ခဏာ မပြဘဲ ကူးစက်ခံရတဲ့ နှုန်းထား စတဲ့ အချက်တွေကို စာရင်းပြုစု ခဲ့တာပါ။

မတ်လနှောင်းပိုင်းမှာ လုပ်ခဲ့တဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေသာ မရှိဘူးဆိုရင် အိန္ဒိယရဲ့ ရောဂါကူးစက်မှုဟာ ၁၄ သန်း အထိ ရှိနိုင်ပြီး၊ ၂.၆သန်း သေဆုံး နိုင်တာကြောင့် လက်ရှိ သေဆုံးမှုနှုန်းထက် ၂၃ဆ ပိုများမှာ ဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ဘီဟာ ပြည်နယ်နဲ့ ဥတပရာဒက်ရှ် ပြည်နယ်နှစ်ခု က လေ့လာမှုများအပေါ် အခြေခံပြီး လော့ခ်ဒေါင်း ပိတ်ဆို့မှုအပြီးမှာ မြို့တွေကနေ ရွာတွေကို ပြန်ကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့ ရောဂါ ကူးစက်မှု အပေါ် အကျိုးသက်ရောက်မှု နည်းခဲ့တာကို တွေ့ရပါတယ်။

ဇွန်လမှာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နိုင်ပြီး၊ ဒီရလဒ်တွေကြောင့် ဆေးရုံတွေမှာ ကိုဗစ် ၁၉ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မတ်လမှာ လုပ်ခဲ့တဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ဟာ ရောဂါကူးစက်မှုနှုန်းကို လျော့ချ နိုင်ခဲ့တယ်လို့ အစိုးရရဲ့ လေ့လာဆန်းစစ်မှု အဖွဲ့ခေါင်းဆောင် ဟိုက်ထရာဘတ် နည်းပညာ တက္ကသိုလ် ပါမောက္ခ မာသုကူမာလီ ဗီရာဇကာ က ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယရဲ့ ပွဲတော် ရာသီချိန်ကလည်း နီးကပ်လာပါပြီ။ ဒီအချိန်ဟာ မိသားစုတွေ ပြန်လည် ဆုံစည်းကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန် လာမယ့် နှစ်ပတ်အတွင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်မြင့်တက် နိုင်ပါတယ်။ စက်တင်ဘာလတုန်းက ကရာလာ မှာ လုပ်တဲ့ အိုနမ် ဘာသာရေးပွဲတော်ကြောင့် ကူးစက်မှုနှုန်း ပြန်မြင့်တက်ခဲ့တာက သက်သေပါပဲ။

ဗိုင်းရပ်စ် ထိန်းချုပ်တဲ့ လုပ်ဆောင်မှုတွေကို လူတွေ လိုက်နာမှု နည်းသွားရင် ကူးစက်မှုနှုန်း မြင့်မား လာမယ်လို့ လေ့လာရေးအဖွဲ့က ဆိုပါတယ်။ ဒီလိုဆိုရင် အောက်တိုဘာလကုန်မှာ လူ ဦးရေ ၂.၆သန်း မှာ ဗိုင်းရပ်စ် ရှိနေမယ်လို့ သူတို့က ခန့်မှန်းပါတယ်။ ဒါဟာ လက်ရှိကူးစက်ခံရမှု ထက် ၈သိန်းနီးပါး မြင့်တက်သွားနိုင်တာပါ။

"လူတွေကမပြန့်ပွားရေး စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် ကူးစက်မှုနှုန်း လျော့ချနိုင်မှာပါ။ အိန္ဒိယက စက်တင်ဘာလမှာ ရောဂါကူးစက်မှု အမြင့်ဆုံးကိုရောက်ခဲ့ပြီး ဒီအခြေအနေကို ကျော်လွန်သွားပြီလို့ ယုံကြည်ကြောင်း" ဒေါက်တာ ဗီရာဇကာ ကပြောပါတယ်။

ဒါပေမဲ့ ကူးစက်ရောဂါဗေဒပညာရှင်အများစုကတော့ အိန္ဒိယ မြောက်ပိုင်းမှာ ဆောင်းရာသီ နိုဝင်ဘာမှာ နောက်ထပ် အထွတ်အထိပ် ကူးစက်မှုတွေ မလွဲမသွေ ဖြစ်လာဦးမယ်လို့ ယုံကြည်နေပါတယ်။

မကြာခင်က သေဆုံးမှုနှုန်းနဲ့ ရောဂါကူးစက်ခံရမှုတွေ ကျဆင်းသွားတာက ဗိုင်းရပ်စ် ပြန့်ပွားမှု ရပ်တန့်နိုင်ရေးအတွက် အလားအလာရှိတဲ့ လက္ခဏာလို့ သူတို့က ရှုမြင်ကြပါတယ်။သို့သော် ကပ်ရောဂါ ကူးစက်မှုကြီး လျော့နည်းသွားပြီး ဆိုတာကိုတော့ ပြောဖို့ စောလွန်းပါသေးတယ်။ မီချီဂန်တက္ကသိုလ်က ဇီဝဗေဒဆိုင်ရာနဲ့ ကူးစက်ရောဂါဗေဒ ပါမောက္ခဒေါက်တာ ဘရာမာ မူကာဂျီ က "အိန္ဒိယမှာ ဗိုင်းရပ်စ် ပထမဆုံးလှိုင်းကိုဖြတ်သန်းသွားတာနဲ့တူတယ်" လို့ ပြောပါတယ်။


ဆောင်းရာသီကျရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ၊ လေထုညစ်ညမ်းမှုတွေကြောင့် သေဆုံးမှုနှုန်းက တက်လာဦးမယ်လို့လည်း သူက ယုံကြည်နေပါတယ်။

ဒါကြောင့် ကူးစက်ခံရမှုနည်းတဲ့ ဒေသတွေက လူတွေရဲ့ Antibody စနစ်ကို လေ့လာဆန်းစစ်မှုကို ဆက်လုပ်သင့်တယ်လို့ ဒေါက်တာ မူကာဂျီက ပြောပါတယ်။ ကမ္ဘာအရပ်ရပ်က လေ့လာဆန်းစစ်မှု တွေအရ နောက်ထပ် အမြင့်ဆုံး ကူးစက်ခံရမှု တစ်ကြိမ်တော့ ရှိနေနိုင်တယ်။ ဘယ်အချိန် ဖြစ်မှာလဲ။ ဘယ်လောက်ထိ မြင့်တက်နိုင်လဲ ဆိုတာကိုတော့ ပြောဖို့ ခက်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် နှာခေါင်းစည်း ဝတ်ဆင်ခြင်းနဲ့ လူစုလူဝေးကနေ တတ်နိုင်သလောက် ရှောင်ဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54603599

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးရောက်နေပြီလား။  အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးရောက်နေပြီလား။ Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.