ပက်ရှာဝါမြို့စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ ၇ ဦး သေဆုံး

ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရအပြီး ဘာသာရေးကျောင်းမှာ သေဆုံးသူရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ လာရောက်သယ်ဆောင်

ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့က စာသင်ကျောင်းတစ်ခုကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ အကြား လူငယ်တွေ ဖြစ်တယ်လို့ ဆေးရုံ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၃ နှစ်အောက် လူငယ် ၄ ဦး ပါတယ်လို့ သိရပါတယ်။

ကိုရန်ဘာသာရေးကျောင်းကို ဘာ့ကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဆိုတာ ခုထိ မသိရသေးပါဘူး။ အခင်းဖြစ်ချိန်မှာ အဲဒီကျောင်းမှာ ကျောင်းသား ရာပေါင်းများစွာ ရှိနေခဲ့တာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့ လုပ်တာလို့ ထုတ်မပြောသေးပါဘူး။ အခုအခါ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါပြီ။

သေဆုံးသူတွေထဲက ၄ ဦးဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီသတင်းတွေ ပြန်ရုပ်သိမ်းသွားပါတယ်။

နိုင်ငံမြောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်နဲ့ ကပ်ရက်မှာ ရှိတဲ့ ပက်ရှာဝါမြို့ဟာ လတ်တလောနှစ်ပိုင်း တာလီဘန်တွေရဲ့ ထကြွတိုက်ခိုက်မှုတွေအတွင်း အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပါကစ္စတန်၊ တိုက်ခိုက်မှု

စာသင်ကျောင်းအတွင်း ထိခိုက်ပျက်စီးခဲ့မှုတွေကို လူတွေလာရောက်ကြည့်ရှု

လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းကလည်း ပက်ရှာဝါမြို့က စစ်ဘက်ဆိုင်ရာ စာသင်ကျောင်းတစ်ခုကို သေနတ်သမားတွေ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ကလေးတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ ခြေရာခံ လိုက်လံနှိမ်နင်းမှုတွေကြောင့် ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုတွေ အတော်များများ လျော့ကျသွားခဲ့ပါတယ်။

အဲဒီကျောင်းမှာ ဘယ်လို ဖြစ်ခဲ့တာလဲ

ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာလို့ ရဲက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီဘာသာရေးကျောင်းက ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတန်းမှာ လူ ၆၀ လောက် ရှိနေခဲ့တယ်လို့ ယူဆရပါတယ်။

ထိခိုက်ပျက်စီးမှု အကြီးအကျယ် ဖြစ်ခဲ့တယ် ဆိုတာကို စာသင်ခန်းထဲက ပုံတွေက ဖော်ပြနေပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဖောက်ခွဲပစ္စည်း ၅ ကီလိုလောက် သုံးခဲ့တာ တွေ့ရတယ်လို့ ရဲမှူးကြီး ရှက်ဖ်ကက် မာလစ်က ပါကစ္စတန်နိုင်ငံထုတ် Express Tribune သတင်းစာကြီးကို ပြောပါတယ်။

လူ ၅၀ လောက် ဆေးရုံကို ရောက်လာပြီး အတော်များများဟာ မီးလောင်ဒဏ်ရာတွေနဲ့ ဖြစ်တယ်လို့ ဆေးရုံ တာဝန်ရှိပုဂ္ဂိုလ်တွေက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

ဒဏ်ရာ ရသူတွေထဲမှာ ဆရာနှစ်ဦး ပါတယ်လို့ ရဲက ပြောကြောင်း AFP သတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန် ခန်းက "တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အကြီးအကျယ် စိတ်မကောင်း ဖြစ်မိကြောင်း" ထုတ်ဖော်ပြောခဲ့ပြီး ဒီဖောက်ခွဲမှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူသွားမယ် ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကက်တာမြို့နားမှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့အပြီးမှာ ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ၂၀၀၀ ပြည့်လွန်နှစ်လယ်ပိုင်းတွေမှာ ပါကစ္စတန်နိုင်ငံမှာ နေရာ အနှံ့အပြား ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြန်အမှတ်ရစေပါတယ်။

ဒါဟာ ကမ္ဘာကို တုန်လှုပ်သွားစေတဲ့ ၂၀၁၄ ခုနှစ် စစ်တပ် စာသင်ကျောင်း တိုက်ခိုက်ခံခဲ့ရကတည်းက ပက်ရှာဝါမြို့မှာ လက်နက်ကိုင်တွေ ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ နေရာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန် အာဖဂန် နယ်စပ်တလျှောက်က လက်နက်ကိုင်တွေ ခိုအောင်းနေရာ နေရာတွေမှာ ပါကစ္စတန် စစ်တပ်က နယ်မြေရှင်းလင်း စစ်ဆင်မှုကြီးတစ်ခု လုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာတော့ အဲဒီနေရာတွေကနေ လက်နက်ကိုင်တွေကို ရှင်းလင်းပစ်နိုင်ခဲ့ပြီလို့ စစ်တပ်က ပြောပါတယ်။

အဲဒီ နယ်မြေရှင်းလင်းထားတဲ့ နေရာတွေမှာ တာလီဘန်တွေက ပြန်အုပ်စုဖွဲ့ အင်အားဖြည့်လာနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေချိန်မှာပဲ အခုနောက်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ စစ်တပ်က လက်နက်ကိုင်တွေကို အကာအကွယ်ပေးနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ် ဆိုပြီး ဝေဖန်နေတဲ့ ပက်ရှ်တွန် အမျိုးသားရေးဝါဒီ ပါတီ PTM ပါတီဝင်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကိုင်တွေ လတ်တလော အုပ်စုပြန်ဖွဲ့လာနေတာဟာ PTM ပါတီကို တိုက်ခိုက်ဖို့တင် မဟုတ်ဘဲ လက်ရှိဝန်ကြီးချုပ် အင်မရန် ခန်းကို ဖြုတ်ချဖို့အတွက် အတိုက်အခံ မဟာမိတ်အဖွဲ့သစ်တစ်ခု ဖွဲ့ဖို့ လုပ်လာနေတာ ဖြစ်သလို ဒေသတွင်းကနေ အမေရိကန် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းဖို့ ရှိနေချိန်မှာ အာဖဂန်နစ္စတန်က နိုင်ငံရေးမှာ သြဇာလွှမ်းမို့းဖို့ ကြိုးစားနေမှု ဖြစ်တယ်လို့ အကဲခတ်တချို့က စိုးရိမ်နေကြပါတယ်။

အစ္စလာမစ် လက်နက်ကိုင်တွေဟာ ပါကစ္စတန် လုံခြုံရေးအဖွဲ့နဲ့ အလိုတူအလိုပါတွေ ဖြစ်ပြီး ဒေသတွင်းမှာ ဗျူဟာပိုင်းအရ နောက်ထပ် ကြီးစိုးနိုင်ဖို့ လုပ်နေကြတာလို့ အကဲခတ်တွေက ဟိုးကတည်းက ယူဆနေကြတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54705028

ပက်ရှာဝါမြို့စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ ၇ ဦး သေဆုံး  ပက်ရှာဝါမြို့စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ ၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5

No comments:

Powered by Blogger.