မြန်မာ့ ရွေးကောက်ပွဲ အလားအလာကို ကုလအထူးကိုယ်စားလှယ် ဝေဖန်

၇၅ ကြိမ်မြေက် ကုလသမဂ္ဂအထွေထွေညီလာခံ

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews က မနေ့ သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ၂၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာမြန်မာနိုင်ငံ အကြောင်း အစီရင်ခံ ဆွေးနွေးခဲ့ကြတာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံ ရဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းဖြစ်တဲ့ တတိယကော်မတီမှာ အလွတ်သဘောကျင်းပတဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews တို့ အသီးသီးအစီရင်ခံစာတင်သွင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ နယူးရောက်ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးသစ် ဦးကျော်မိုးထွန်းကလည်း ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုခဲ့သလို၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့ရဲ့ သဘောထားတွေကို တုန့်ပြန်ဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာရွေးကောက်ပွဲအခြေအနေနဲ့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အခြေအနေ၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး စတာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အချိန် နှစ်နာရီကြာတဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က သူရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပထမဦးဆုံး အစီရင်ခံတင်ပြခဲ့ပါတယ်။ အဲဒီမှာ သူသတိပေးသွားတဲ့အချက်က မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မြန်မာစစ်တပ်က လွှမ်းမိုးထားဆဲရှိသေးတဲ့အကြောင်း အခုလိုထောက်ပြသွားပါတယ်။

”ကုလအတွင်းရေးမှူးချုပ် မီးမောင်း ထိုးပြထားတဲ့အတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရပ်သားအုပ်ချုပ်မှု အပြည့်အဝရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ တရားစီရင်ရေးအပိုင်းမှာရော၊ အုပ်ချုပ်ရေးအပိုင်းမှာပါ စစ်တပ်က ဆက်လက်ပြီး သိသိသာသာထိန်းချုပ်ထားဆဲရှိပါတယ်။ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွေကိုလည်း တပ်မတော်က ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း လှုံဆော်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ပြတ်ပြတ်သားသားရပ်တည်ကိုင်တွယ်ခြင်းမပြုဘူးဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ထိခိုက်မှုတွေရှိနေပါလိမ့်မယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စုံးစမ်းစစ်ဆေးရေးမှူးအသစ်ဖြစ်လာတဲ့ Thomas Andrews ကလည်း သူ့ရဲ့ ပထမဆုံးအစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတာဖြစ်ပါတယ်။ အခု တတိယကော်မတီအစည်းအဝေးမှာ ဗွီဒီယိုကနေတဆင့် အစီရင်ခံတင်ပြရာမှာ နိုဝင်ဘာရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ မကိုက်ညီဘူးလို့ အတိအလင်း ထောက်ပြပြောဆိုသွားပါတယ်။

”လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီဘူးဆိုတာ ရှင်းနေပါတယ်။ လူမျိုး၊ ဘာသာကွဲပြားမှုကို အခြေခံပြီး မဲပေးခွင့် ငြင်းပယ်ခံထားရတာကြောင့် ဒီရွေးကောက်ပွဲဟာ လူထုရဲ့ ဆန္ဒသဘောထားကို ရောင်ပြန်ဟပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။”

ဒါအပြင်ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင်စတဲ့ ပြည်နယ်တွေမှာ မဲ ဆန္ဒနယ်မြေတွေဖျက်သိမ်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း Thomas Andrews က ဝေဖန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးနေတဲ့ အခြေအနေကို သူက အခုလို အစီရင်ခံတင်ပြခဲ့ပါတယ်။

”ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ င့်မြေပြင်တပ်ဖွဲ့တွေကို အသုံးပြုပြီး ခွဲခြားဆက်ဆံမှုကင်းမဲ့စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကျနော်တို့ ရရှိထားပါတယ်။ အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့ကို ထောက်ခံသူတွေလို့ သံသရှိတဲ့ အိမ်တွေ ရွာတွေကို မြန်မာစစ်တပ်က စနစ်တကျ မီးရှို့ဖျက်စီးတာတွေလုပ်ခဲ့တယ်ဆိုတာလည်း ကျနော်တို့ သတင်းတွေရထားပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ နယူးရောက်ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးသစ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖေါ်နေသလို၊ အခုရွေးကောက်ကိုလည်း လွတ်လပ်၊ တရားမျှတပြီး အများယုံကြည်လက်ခံတဲ့ ပွင့်လင်းမြင်သာမှုရှိရေး မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း နဲ့ မွတ်စလင်ကိုယ်စားလှယ်လောင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။


အင်ကြင်းနိုင်/VOA (Burmese)

https://burmese.voanews.com/a/myanmar-election-un-comment-/5633907.html

မြန်မာ့ ရွေးကောက်ပွဲ အလားအလာကို ကုလအထူးကိုယ်စားလှယ် ဝေဖန် မြန်မာ့ ရွေးကောက်ပွဲ အလားအလာကို ကုလအထူးကိုယ်စားလှယ် ဝေဖန် Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.