ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ


ကာတာကနေ သြစတြေးလျကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာမယ့် သြစတြေးလျနိုင်ငံသူတွေ အဝတ်အစားချွတ်ရှာဖွေ စစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာတာအစိုးရကို မေးမြန်းထားတယ်လို့ သြစတြေးလျအရာရှိတွေက ပြောပါတယ်။

ဒိုဟာက ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်က အိမ်သာတစ်ခုထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို စွန့်ပစ်ထားတာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ အမျိုးသမီးတွေကို လောလောလတ်လတ် ကလေးမွေးဖွားထားတဲ့ လက္ခဏာ ရှိမရှိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ခဲ့တာ အောက်တိုဘလ ၂ ရက်နေ့ကပါ။ အခုတော့ အဲဒီကလေးငယ်ကို ကာတာတာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်။

သြစတြေးလျအမျိုးသမီးတွေက အဲဒီလို စစ်ဆေးခံခဲ့ရတဲ့အကြောင်းထုတ်ပြောလာလို့ ဖြစ်စဉ်ကို သိကြရတာပါ။ တခြားနိုင်ငံတွေက အမျိုးသမီးတွေလည်း အလားတူ စစ်ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒိုဟာကနေ ဆစ်ဒနီကို ပျံသန်းမယ့် ကာတာလေကြောင်း လေယာဉ်ပေါ်ရောက်နေပြီးသား အရွယ်ရောက်ပြီး အမျိုးသမီးတွေအားလုံး ပြန်ဆင်းပြီး စစ်ဆေးခံခဲ့ရတာ ဖြစ်ကြောင်း အမျိုးသမီး နှစ်ယောက်က သြစတြေးလျအသံလွှင့်ဌာန ABC ကို ပြောပြခဲ့ပါတယ်။

လေယာဉ်ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ လူနာတင်ကားတစ်စီးပေါ်ကို သြစတြေးလျအမျိုးသမီး ၁၃ ဦးကို ခေါ်သွားခဲ့ပြီး အဲဒီမှာ အတွင်းခံအဝတ်တွေကိုပါ ချွတ်ခိုင်းပြီး စစ်ဆေးခဲ့တာလို့ သူတို့က ပြန်ပြောပြပါတယ်။

Kim Mills ဆိုတဲ့ အမျိုးသမီးကြီးက သူ့ကိုလည်း လေယာဉ်ပေါ်က ပြန်ဆင်းခိုင်းပြီး လူနာတင်ယာဉ် သုံးစီး ရပ်ထားတဲ့ မှောင်နေတဲ့ ကားရပ်နားရာ နေရာတစ်ခုဆီ ခေါ်သွားခံခဲ့ရတဲ့ အကြောင်း ယူကေက ဂါဒီယန်သတင်းစာကို ပြောပြပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်ကတော့ စစ်ဆေးတာ မခံခဲ့ရတဲ့အကြောင်း၊ ဒါကလည်း သူက အသက် ၆၀ ကျော်နေပြီဖြစ်လို့ ဖြစ်နိုင်ကြောင်း သူကဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအတွေ့အကြုံက သိပ်ကို ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။

"ကျွန်မ ဒူးတွေတောင်တုန်နေတယ်။ ကျွန်မကို တစ်နေရာရာကို ခေါ်သွားတော့မလားလို့ ကြောက်နေမိတယ်။ ဘာဖြစ်နေတယ်ဆိုတာကိုရှင်းပြတာမျိုးလည်း မရှိဘူး။" လေယာဉ်ဝန်ထမ်းတွေကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း မသိဘူးလို့ သူ့ကို နောက်ပိုင်းမှာ ပြန်ပြောပြခဲ့တယ်လို့ဆိုပါတယ်။

"လန့်စရာကောင်းလိုက်တာလည်း မပြောပါနဲတော့။ ခေါ်သွားပြီး စစ်ဆေးခံရတဲ့ ဟိုကလေးမလေးတွေဆိုရင်တော့ ပြီးပါလေရော။"

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တစ်ယောက်ဖြစ်တဲ့ Wolfgang Babeck ကတော့ အမျိုးသမီးတွေ လေယာဉ်ပေါ်ပြန်တက်လာချိန်မှာ သူ ကြည့်လိုက်တော့ အားလုံးလိုလိုဟာ စိတ်ထိခိုက်နေကြပုံရပြီး ငယ်ရွယ်သူမိန်းကလေးတစ်ယောက်ဆို မျက်ရည်တွေနဲ့ တွေ့ရတယ်လို့ ABC သတင်းဌာနကို ပြောပါတယ်။

ကာတာအစိုးရဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ပြောတာ မတွေ့ရသေးပါဘူး။ တခြားလေယာဉ်တွေပေါ်မပါ ခရီးသည်တွေရော အခုလို ရှာဖွေခံခဲ့ရသလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

'စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စော်ကားခံရတာ၊ စိတ်ပူစရာ'

အခုအထိ သိရသမျှ သတင်းတွေအရ အမျိုးသမီးတွေကို ဆက်ဆံပုံဟာ သူတို့ရဲ့ လွတ်လပ်ပြီး အခြေအနေကို နားလည်စွာ သဘောတူညီမှုပေးတာမျိုး ရယူခြင်းမရှိဘဲ ပြုမူခဲ့တာ ဖြစ်တယ်လို့ သြစတြေးလျအစိုးရက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုမြောက်တယ်လို့ရော ပြောနိုင်ပါသလားလို့ သတင်းထောက်တွေက မေးတဲ့အခါမှာတော့ နိုင်ငံခြားရေးဝန်ကြီး Marise Payne က သူ့အနေနဲ့ ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်လို့ အတိအကျ မသိရသေးတဲ့အတွက် အဲဒီလိုတော့ မပြောသေးပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

သူက အခုလို "အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာ၊ စော်ကားတဲ့၊ စိတ်ပူစရာကောင်းတဲ့ ဖြစ်စဉ်တွေ" နဲ့ ပတ်သက်လို့ သြစတြေးလျ ဖက်ဒရယ်ရဲအဖွဲ့ကို အကြောင်းကြားထားပြီး ကာတာအစိုးရဖက်က ပြန်ကြားချက်ရရှိပြီးရင် သြစတြေးလျအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Marise Payne က အခုအဖြစ်အပျက်ဟာ စော်ကားတာဖြစ်ပြီး သိပ်စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ဆိုပါတယ်။

ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ဘက်ကလည်း အခုလို အမျိုးသမီးတွေကို စစ်ဆေးခဲ့မှုနဲ့ပတ်သက်ပြီး ဘယ်နှယောက်ကိုစစ်ဆေးခဲ့သလဲ၊ ဘယ်လေကြောင်းတွေနဲ့ လေယာဉ်တွေကို စစ်ဆေးခဲ့သလဲဆိုတာတွေကို မထုတ်ပြန်ပါဘူး။ လေကြောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ "ဆေးဘက်တာဝန်ရှိသူတွေက လောလောလတ်လတ်ကလေးမွေးထားတဲ့ မိခင်တစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ အဆင်ပြေမှုအတွက် စိုးရိမ်ကြောင်း အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီး လေယာဉ်တွေမထွက်ခွာခင် အဲဒီမိခင်ကို ရှာပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မွေးကင်းစ ကလေးငယ်လေးကိုတွေ့ခဲ့ရတဲ့ လေဆိပ်ရဲ့ နေရာကို ဝင်ထွက်နိုင်သူတွေကို စုံစစမ်းစစ်ဆေးမှုမှာ ကူညီဖို့ ပြောကြားခဲ့ပါတယ်။" လို့ ဖော်ပြခဲ့ပါတယ်။

ကာတာက ပြန်လာပြီး အစိုးရစည်းမျဉ်းအရ ဟိုတယ်တွေမှာ ၁၄ ရက် ကွာရန်တင်းဝင်နေကြတဲ့ အဲဒီအမျိုးသမီးတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ ကူညီမှုတွေ ပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Ms Payen က ပြောပါတယ်။

ကာတာက ဟာမတ်လေဆိပ်ကတော့ ကလေးရဲ့ မိခင်ဖြစ်သူကို သူတို့နဲ့ လာရောက်ဆက်သွယ်ဖို့ မေတ္တာရပ်ခံထားပြီး သိရှိသူများလည်း သတင်းပေးကြဖို့ ကြေညာထားပါတယ်။ လောလောဆယ်မှာတော့ ကလေးငယ်ကို ဆေးဖက်နဲ့ လူမှုဝန်ထမ်းတွေက စောင့်ရှောက်ထားကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54692589

ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.