ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ


နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတာ တစ်လကျော်လာတဲ့ ရန်ကုန်တိုင်းမှာ နောက်ဆက်တွဲ ရင်ဆိုင်ရတာ ကတော့ အလုပ်အကိုင် ပျက်ယွင်း၊ ဝင်ငွေ ထိခိုက်ပြီး စားရေးသောက်ရေး အခက်တွေ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေကို ကူညီဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်းက အောက်ခြေမှာ အမှန်တကယ် ငတ်နေတဲ့သူတွေ အများကြီးရှိနေတာ မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ ဆန်အကုန်အကျ ပိုသက်သာအောင် နည်းလမ်းရှာဖွေ ချက်ပြုတ်စားသောက်ရတဲ့အတွက် အာဟာရ ချို့တဲ့လာကြတယ်လို့ ကိုသက်ဆွေဝင်းက ဆက်ပြောပါတယ်။

“လူတွေက ငတ်နေကြတယ်။ သံလျင်ဘက် ၁၅ ပေ ကွက်သစ်ထဲမှာ အခု အိမ် ၁၀၀၀ စာ ဆန်လိုက်ဝေ နေတယ်။ ငတ်နေလား မငတ်နေလားဆိုရင် ကျနော့်အရွယ် အသက် ၃၀ ကျော် သန်သန်မာမာ လူလတ်တွေတောင် စားစရာမရှိလို့ တစ်မိသားစုလုံး ဆန်ပြုတ်သောက်နေရတယ်။ လေးငါးရက်ရှိပြီဆိုပြီး ဆန်လေးဘာလေးရှိရင်ပေးပါဆိုပြီး လာတောင်းတာတောင်ရှိတယ်။ တကယ်ငတ်နေကြတာ မိသားစုလိုက်။ အဖိုးကြီးအဖွားကြီးတချို့ဆို ဘယ်မှလည်းမထွက်ဘဲ စားစရာလည်းမရှိလို့ အဟာရပြတ်နေတာတောင် တွေ့ရတယ်”

ကိုသက်ဆွေဝင်းတို့ သွားရောက်ကူညီခဲ့တဲ့ သံလျင်မြို့ဟာ ရန်ကုန် တဘက်ကမ်းမှာ တည်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် ရန်ကုန်ကို မှီခိုနေရသူအများအပြား နေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။

သံလျင်မြို့နယ် သဘာဝတရားရိပ်သာ ၁၅ ပေ ကွက်သစ်ဝန်းမှာ နေထိုင်တဲ့ ကိုဆန်းထူးက လက်လုပ်လက်စားတွေ ဝင်ငွေ ထိခိုက်လာတာကြောင့် အစားအစာ ရရှိနိုင်မယ့်နည်းလမ်းကို လိုက်လံရှာဖွေနေကြတယ်၊ တချို့ကလည်း ဝင်ရထွက်ရလွယ်ကူတဲ့ ဘုန်းကြီးကျောင်းလို နေရာတွေကို သွားရောက် အကူအညီတောင်းကြတယ်လို့  ပြောပါတယ်။

“သဘာဝတရားရိပ်သာမှာ ဆွမ်းတန်းလိုက်ပြီး ဆွမ်းတန်းကဝေငှတဲ့ ထမင်းဟင်းကိုစားနေရတဲ့ မိသားစုတွေ ရှိနေတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတော့လည်း အလုပ်မရှိတော့ အဲလိုအခက်အခဲတွေ ရှိနေတာပေါ့”

သဘာဝတရားရိပ်သာ ဆရာတော်က ဘုန်းကြီးကျောင်းပိုင်မြေထဲမှာ ကျူးကျော်မိသားစုတွေ နေထိုင်ဖို့ မြေနေရာပေးထားတာကြောင့် အဲဒီနေရာမှာ အိမ်ခြေ နှစ်ထောင်ဝန်းကျင် ရှိနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ အသေအပျောက် အများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်မှာ ကူးစက်ပျံ့နှံ့မှု လျှော့ချရေး၊ သံသယလူနာ အတည်ပြုလူနာတွေကို နေရာချထားရေး၊ ကုသမှုပေးရေးအတွက် အစိုးရပိုင်းရော အရပ်ဘက်အဖွဲ့အစည်းတွေ၊ လုပ်အားပေးတွေက အားကြိုးမာန်တက် ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။

အစားအစာအတွက် အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရသူ အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အရပ်ဘက်အဖွဲ့တွေရော ဒေသဆိုင်ရာ အာဏာပိုင်တွေကပါ မခန့်မှန်းနိုင်ကြသေးပါဘူး။

အောက်ခြေမှာ အစစအရာရာ ချို့တဲ့နေကြလို့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းရာမှာ ဝန်ကြီးက အဲဒီလို ဆိုးဝါးတဲ့ အခြေအနေ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“အဲဒါတွေမှန်လား မမှန်လားဆိုတာ တကယ်လုပ်နေတဲ့အလုပ်တွေနဲ့ ကြည့်လိုက်ပေါ့။ အဲဒီလောက် ဆိုးဝါးနေတာ လုံးဝမဖြစ်နိုင်ပါဘူး၊ အလှူရှင်တွေလည်း လှူနေတယ်၊ အစိုးရကလည်း ထောက်ပံ့တယ်၊ နေရာတိုင်းမှာ ထောင့်စေ့အောင် လုပ်ပေးနေပါတယ်။ အဲဒါကို ကျနော့်ကို မမေးနဲ့ သတင်းတွေကို လိုက်ကြည့်လိုက်ပါ၊ တရားဝင်ထုတ်ပြန်နေတဲ့ သတင်းတွေမှာ တွေ့ပါလိမ့်မယ်”

ကိုရိုနာ ဒုတိယလှိုင်းလို့ ပြောဆိုနေကြတဲ့ စက်တင်ဘာလကစပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားတာကြောင့် အလုပ်အကိုင်နဲ့ ဝင်ငွေထိခိုက်၊ စားဝတ်နေရေးခက်ခဲနေချိန်မှာ အစိုးရ ထောက်ပံ့မှုကို မျှော်လင့်နေကြပါတယ်။  

ပြီးခဲ့တဲ့ ဧပြီလကနေ သြဂုတ်လအထိ အခြေခံလူတန်းစားတွေကို အစိုးရထောက်ပံ့မှုအနေနဲ့ တစ်အိမ်ထောင်ကို ဆန်၊ ဆီ၊ ဆား ထောက်ပံ့မှု တစ်ကြိမ်၊ ငွေကျပ်နှစ်သောင်း ထောက်ပံ့မှု သုံးကြိမ် ရှိခဲ့ပါတယ်။

အစိုးရအနေနဲ့ ဒီတစ်ကြိမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နည်းရေးကို ပိုမိုအလေးထား ဆောင်ရွက်နေတယ်၊  စားဝတ်နေရေးအတွက် ထောက်ပံ့တာ မရှိသေးဘူးလို့ ရန်ကုန်၊ လှိုင်သာယာ အနောက်ပိုင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“အစိုးရအနေနဲ့ အခြေခံလူတန်းစားကို ထောက်ပံ့တာထက်စာရင် ကိုဗစ်တိုက်ဖျက်ရေးကို ဦးစားပေး လုပ်နေတာ တွေ့ရတယ်”

အခြေခံလူတန်းစား အများအပြားရှိတဲ့ လှိုင်သာယာဟာ ဒီနှစ်ဆန်းပိုင်း အရှေ့နဲ့အနောက်ဆိုပြီး မြို့နယ်နှစ်ခု မခွဲခင်က လူဦးရေ ငါးသိန်းဝန်းကျင်ရှိတယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျူးကျော်နေထိုင်သူတွေလည်း အများအပြား ရှိတာကြောင့် လက်ရှိလူဦးရေဟာ အဲဒီအရေအတွက်ထက် များပြားနေမယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

လတ်တလော အခြေအနေမှာတော့  စားသောက်ရေး အခက်အခဲရှိသူတွေကို "ပြည်သူမှပြည်သူသို့" ဆိုတဲ့ အစီအစဉ်နဲ့ ပြည်သူအချင်းချင်း ကူညီလှူဒါန်းမှုတွေကို လူမှုရေး အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-ygn-10262020025008.html

ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ  ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.