ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ

ကိုဗစ်အရေးပေါ်ကာလမှာ ဗီဇာနဲ့ အလုပ်လုပ်ခွင့်အထောက်အထားများ သက်တမ်းတိုးနေတဲ့ နိုင်ငံခြားသားအလုပ်သမားများ။ (ဓာတ်ပုံ - ထိုင်းလဝက - အောက်တိုဘာ ၂၉၊ ၂၀၂၀)

မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေ ကိုဗစ်ကပ်ရောဂါကာလ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးရမယ့် နောက်ဆုံးရက်နီးလာတာကြောင့် ထိုင်းအာဏာပိုင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာလ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း ထပ်တိုးဖို့ ဒီလကုန် နောက်ဆုံး သတ်မှတ်ထားတာကြောင့် အချိန်မှီ ဆောင်ရွက်ကြဖို့နဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရေးယူခံရမှာဖြစ်ကြောင်း သတိပေးနေတာပါ။ သတ်မှတ်ရက်အမီ ဗီဇာသက်တမ်းတိုးဖို့ ပျက်ကွက်မယ်ဆိုရင် ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်ထဲရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးဌာနတွေက ဒီတပတ်ထဲမှာပဲ သတိပေးထားကြောင်း မြန်မာအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ခွင်ြ့ပုထားတာ COVID 19 ကာလမှာ အောက်တိုဘာလ ၃၁ ရက်ထိပဲ ခွင့်ပြုထားတာ ကိုဗစ် ကာလမှာ အလုပ်သမားတွေ တရားဝမင်စာရွက်စာတမ်းတွေလုပ်ဖို့ ခက်ခဲတာ မြန်မာနိုင်ငံမှာ စာအုပ်တွေပြန်လုပ်ဖို့ ခက်ခဲတာကြောင့် ကင်းလွတ်ခွင့်ပြုထားတာ အခုချိန်မှာတော့ ဌာနဆိုင်ရာရုံးတွေကလည်း ပုံမှန်ပြန်လုပ်နေပြီဆိုတော့ သူတို့က သက်ဆိုင်ရာလုပ်ငန်းရှင် အဟောင်းပဲဖြစ်ဖြစ် လုပ်ငန်းရှင်အသစ်မှာပဲဖြစ်ဖြစ် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ရအောင်လုပ်ဖို့ ဗီဇာသက်တမ်းတိုးတာကို ၃၁ ရက်နေ့ထိ နောက်ဆုံးထားလုပ်ဖို့ပြောထားတာ ဒီလိုမလုပ်ရင်တော့ ငွေဒဏ်တွေ ကျမခံဖို့ ပြစ်ဒဏ်တွေ ထုတ်ပြန်ထားတာကိုတွေ့ရတယ်။"

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အချိန်မီသက်တမ်းမတိုးတဲ့ အလုပ်သမားတွေကို အရေးယူမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေ အနေနဲ့ မိမိနိုင်ငံသားတွေကို အသိပေးနှိုးဆော်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဗီဇာသက်တမ်းတိုးဖို့ ပျက်ကွက်နေသူတွေ ရက်ပေါင်း ၉၀ အတွင်း အကြောင်းမကြားရင်၊ ထောင်ဒဏ်ငွေဒဏ် ပြည်နှင်ဒဏ်အပြင် နာမည်ပျက် အမည်မည်း စာရင်းသွင်းပြီး ထိုင်းနိုင်ငံဝင်ရောက်ခွင့်ကိုပါ ရာသက်ပန် ပိတ်ပင်ခံရမယ်လို့လည်း သတိပေးထားပါတယ်။ ထိုင်းအာဏာပိုင်တွေက အခုလို သတိပေးနေပေမဲ့ လက်တွေ့လုပ်ဖို့ အခက်အခဲတွေ ရှိနေတုန်းပဲလို့လည်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"လူတွေက အလုပ်လည်း မရှိ၊ သက်တမ်းတိုးဖို့ကလည်း အခက်အခဲရှိတယ်လေ။ သူတို့က လျှော့ပေးလိုက်တယ်ဆိုတာက အလုပ်ရှင် အသစ်ပြောင်းဖို့အတွက် နောက်ကျနေတာတို့၊ အလုပ်ရှင် မပြောင်းဖြစ်တာတို့ ပြောရရင်တော့ အလုပ်လွှဲပြောင်းစာ သေတာကို... ကာလကို အကန့်အသတ်မရှိဘဲ ပေးတိုးတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ထိ တိုးပေးလိုက်တာ တချို့ကတော့ အကျိုးခံစားခွင့်တွေ မရှိဘူး မဟုတ်ဘူး။ ရှိတယ် အများစုကတော့ ဒီကိုဗစ်ကာလမှာ သက်တမ်းတိုးဖို့က အများစုကတော့ သက်တမ်းတိုးနိုင်သူနည်းလိမ့်မယ် ဒုက္ခတွေရောက်မှာပေါ့ဗျာ။"

ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေထဲက နေရပ်ပြန်ကြသူတွေလည်း သိန်းဂဏန်းအထိ ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ရောဂါကူးစက်မှုတွေ လျော့ပါးလာရာက လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာရာက အလုပ်သမား လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပေးဖို့လည်း စီစဉ်နေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေတာကြောင့် အလုပ်သမားတွေ ခေါ်ယူဖို့အတွက်လည်း ထိုင်းနိုင်ငံဘက်က တွန့်ဆုတ်နေပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-visa-extension/5640016.html

ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ Reviewed by THITHTOOLWIN on 02:24 Rating: 5

No comments:

Powered by Blogger.