လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့


ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့မှာ အစိုးရရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ ကားလမ်းတွေ တိုးချဲ့ဖောက်လုပ်တာတာကြောင့် မြေပြိုမှုတွေဖြစ်ပြီး ဒေသခံတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။

ချင်းတောင်တန်းပေါ်မှာ တည်ရှိတဲ့ တီးတိန်မြို့နယ်က လမ်းတိုးချဲ့ဖောက်လုပ်ရေးလုပ်ငန်းတွေဟာ မိုးတွင်းကာလဖြစ်တဲ့ အခုချိန်မှာ မြေစာတွေပြိုကျပြီး ဒေသခံတွေ သွားလာရ အဆင်မပြေဖြစ်နေတာပါ။

အရင်လမ်းမတိုးချဲ့ခင်ကထက် မြေပြိုမှုတွေပိုများလာပြီး တချို့နေရာတွေမှာ မြေစာတွေကို လူအင်အားနဲ့သာ ရှင်းရတာကြောင့် အချိန်ပေးလုပ်နေရတယ်လို့ လိမ်ခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျင့်ခေါ်ဇမ်းက ပြောပါတယ်။

“တာချဲ့တာတော့ လုပ်ပေးတယ်လေ။ တာချဲ့လုပ်ပေးပေမယ့် သူတို့ စက်လည်းမထားဘူးလေ။ မထားတော့ ကားလမ်းပျက်တာပဲ။ ပျက်ပြီးတော့ လူထုအင်အားနဲ့ သုံးနေရာမှာ သုံးရက် လူအင်အား ၅၀ နဲ့ပေါ့နော်။ သုံးရက်လုပ်ရတယ်။ ဂျစ်ကားလေးပဲ သွားလို့ရတယ်။ဒါပေမဲ့ ခဏခဏ မြေစာလည်းထပ်ကျတယ်။ အခုလည်း မိုးရွာတုန်းပဲဆိုတော့လေ။”

တီးတိန်မြို့ ဖူးနွမ်းကျေးရွာမှာလည်း ပြီးခဲ့တဲ့ သြဂုတ်လက ကျေးလက်လမ်း တိုးချဲ့ရာကနေ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ပန်းသီးစိုက်ခင်း ၂၃ ဧက ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကျေးလက်လမ်းတွေ တိုးချဲ့ဖောက်လုပ်တာကြောင့် အနည်းနဲ့အများမြေပြိုမှုတွေ ကြုံလာရပြီး လမ်းမချဲ့ခင်ကထက် ပိုပြီးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုးတွင်းမှာ လမ်းတာချဲကတာကြောင့် လမ်းပေါ်မှာ ရွှံ့ဗွက်တွေ ဖြစ်နေပြီး ကားအများစု သွားလို့ အဆင်မပြေဖြစ်နေကြောင်း တီးတိန်မြို့ ဒေသခံ ဦးကမ်းခတ်က ပြောပါတယ်။

“လောလောဆယ်တော့ ကားသွားလို့ သိပ်အဆင်မပြေဘူး။ သွားလို့မရဘူဖြစ်နေတာ 4 by 4 ဆိုရင်ရတယ်၊ 4 by 2 ဆိုရင်မရဘူး။ အခုတော့ မိုးတွင်းမှာ လမ်းတာချဲ့တယ်ဆိုတော့ အကုန်လုံး ရွှံ့ဗွက်တွေဖြစ်ကုန်တာပေါ့။”

အစိုးရရဲ့ ဖွံ့ဖြိုးရေးဘတ်ဂျက်နဲ့ ချင်းပြည်နယ်က ကျေးရွာတော်တော်များများမှာ ကျေးလက်လမ်း တိုးချဲ့ဆောင်ရွက်ရာမှာ မြေပြိုမှုဖြစ်ပွားပြီး အခက်အခဲတွေရှိတာကြောင့် ဒေသခံတွေက ရှိပြီးသား နဂိုလမ်းသားကို ကျောက်စရစ်ခင်းလမ်း၊ ကျောက်ခင်းလမ်းလိုမျိုး လုပ်ဆောင်ပေးဖို့ လိုလားနေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ဒေသခံတွေကတော့ လမ်းတိုးချဲ့တဲ့အခါ ကျောက်ချောလမ်းဖြစ်လာဖို့ လိုလားနေကြောင်း လိမ်ခိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျင့်ခေါ်ဇမ်းက ပြောပါတယ်။

“တာချဲ့ မလုပ်ခင်ကတော့ လမ်းပြိုတာ သိပ်မရှိဘူး။ ကားလမ်း ကျဉ်းကျဉ်းလေးဆိုတော့ ဂျစ်ကားလမ်းကနေ ဒိုင်နာကား အကြီးတွေ သွားလို့ရအောင် လူထုအားနဲ့ လုပ်တာလေ။ အခုကျတော့ လမ်းတာချဲ့တာဆိုတော့ အသစ်ဖောက်သလိုဖြစ်နေတယ်။ ကျွန်တော်တို့ အထွက် သီးနှံတွေဆိုရင် စပျစ်သီးတို့၊ ဟင်သီးဟင်ရွက်မျိုးစုံ ထွက်တယ်လေ။ အဲဒါကြောင့် မိုးတွင်းဆိုတော့ နည်းနည်း ဒုက္ခရောက်တာ၊ အဲဒါကြောင့် ကတ္တရာလမ်း မဟုတ်ရင်တောင် ကျောက်ချောလမ်းဖြစ်နိုင်ရင် ဒေသခံတောင်သူတွေအတွက် စိတ်ချမ်းသာမယ်လို့ ထင်ပါတယ်။”

တီးတိန်မြို့ကျေးရွာတွေက ထွက်ရှိတဲ့ သီးနှံတွေကို တီးတိန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို တင်ပို့ရောင်းချနေတာကြောင့် ကျေးရွာအတွင်း မြေပြိုမှုနည်းပါးပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ဖို့ ဒေသခံတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tedim-landslide-10282020063318.html

လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့  လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့ Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.