၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ

ဦးလှဌေးမဲဆွယ်စည်းရုံးစဥ်

နိုဝင်ဘာလ ၈ရက်မှာ ကျင်းပမယ့် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် ကိုဗစ်ကပ်ရောဂါနဲ့ကြုံနေရလို့ ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ မဲဆွယ်ရာမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဒါကြောင့် ပါတီကို လူတွေသိပြီးသားဖြစ်တဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေထက် မဲဆန္ဒရှင်တွေနဲ့ မဖြစ်မနေမိတ်ဆက်ဖို့လိုတဲ့ တစ်သီးပုဂ္ဂလတွေအတွက် အခက်အခဲတွေ ရှိနေပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီကိုယ်စားပြုသူနဲ့ တစ်သီးပုဂ္ဂလတွေ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးတွေ တန်းတူရကြတယ်ဆိုပေမဲ့ မတူတဲ့ ထူးခြားချက်က အစိုးရ ရုပ်မြင်သံကြားကနေ နိုင်ငံရေးပါတီတွေက မဲဆွယ်ဟောပြောခွင့် ရကြပြီး တစ်သီးပုဂ္ဂလတွေကတော့ အဲ့ဒီအခွင့်ရေး မရကြပါဘူး။

ယေဘုယျအားဖြင့် တစ်သီးပုဂ္ဂလတွေထက် ပါတီကိုယ်စားပြုပြိုင်တဲ့သူတွေက လူအင်အား၊ ငွေအင်အားနဲ့ အခြားအထောက်အပံ့တွေလည်း ပိုရကြပါတယ်။

ဒါပေမဲ့ ပါတီကိုယ်စားပြုခွင့်မရသူတွေ၊ ပါတီကို ဆက်ကိုယ်စားမပြုချင်တော့သူတွေ ရှိနေတာအပြင် ကိုယ့်သဘောထားကို ကိုယ် လွတ်လွတ်လပ်လပ် ထုတ်ဖော်ယှဥ်ပြိုင်ချင်သူတွေကတော့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ထူးခြားချက်က ၂၀၁၅တုန်းက လက်ရှိ အာဏာရပါတီ NLD ကို ကိုယ်စားပြုအနိုင်ရခဲ့တဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့က တစ်သီး ပုဂ္ဂလအနေနဲ့ ဝင်ပြိုင်လာတာပါ။

အရင်က NLD အခု တစ်သီးပုဂ္ဂလ

မင်္ဂလာတောင်ညွန့်က ပြိုင်မယ့် ဦးလှဌေး

သူတို့ ဒီရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတဲ့ အဓိကအကြောင်းက ၂၀၁၅ မှာ ကိုယ်စားပြုအနိုင်ရခဲ့တဲ့ မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ၂၀၂၀ မှာ ဆက်ကိုယ်စားပြုခွင့် မရတော့တာကြောင့် ဖြစ်ပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုအနိုင်ရခဲ့ပြီး အခုရွေးကောက်မှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ စာရင်းပေးထားတဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ ကတော့

    ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်(၁) က ဦးလှဌေး၊

    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ထန်းတပင်(၁)က ဦးအောင်ဘုန်းကျော်စံဦး၊

    ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၈)က ဒေါ်ရှားမူ ၊

    ရခိုင် ပြည်သူ့လွှတ်တော် ဂွမဲဆန္ဒနယ်က ဦးမြင့်‌ဝေ၊

    ရခိုင် ပြည်နယ်လွှတ်တော် မာန်အောင် မဲဆန္ဒနယ်(၂)က ဦးတင်နု(ခ)တင်နုအောင်၊

    ကရင် ပြည်နယ်လွှတ်တော် ကော့ကရိတ်မဲဆန္ဒနယ်(၁)က ဦးစိုးဌေးနဲ့

    စစ်ကိုင်းတိုင်း တိုင်းဒေသကြီးလွှတ်တော် ချောင်းဦးမဲ ဆန္ဒနယ်(၂) က ဦးကျော်ဆန်းတို့ ဖြစ်ပါတယ်။ 

သူတို့အခုလို တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်သီးပုဂ္ဂလဖြစ်ဖြစ်၊ တခြားပါတီကဖြစ်ဖြစ် ဝင်ပြိုင်သူတွေကို ပါတီက ထုတ်ပယ်တဲ့အကြောင်း NLD က သြဂုတ်လ ၃၁ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ ပါတီဗဟိုက ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဥ်အရွေးခံမယ်ဆိုရင် ပါတီဝင်အဖြစ်က ထုတ်ပယ်မယ်ဆိုတဲ့ မူရှိထားပြီးဖြစ်လို့ ပါတီဝင် ၄၀ နီးပါးကို ထုတ်ပယ်လိုက်တယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောထားပါတယ်။

NLD ပါတီကနေ ကိုယ်စားလှယ်အရွေးမခံရလို့ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီကအရွေးခံမယ့် သူတွေရှိနေတာ ပါတီအတွက်မဟုတ်ဘဲ နိုင်ငံအတွက်၀မ်းနည်းကြောင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး အဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့တွေနဲ့ စက်တင်ဘာ ၃၀ ရက်‌က ထုတ်လွှင့်ခဲ့တဲ့ အွန်လိုင်း စကား ဝိုင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောခဲ့ပါတယ်။

"နောက်အကြိမ်ကြိမ်အခါခါ ဒီမိုကရေစီစနစ်အောက်မှာ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို သတိမပြုမိတာ ၀မ်းနည်းတယ်။

တကယ့်ကို ဒီမိုကရေစီသ‌ဘောတရားကို နှလုံးသွင်းမိပြီဆိုရင် ဒီတစ်ခါမနိုင်လည်း နောက်တစ်ခါ ငါနိုင်နိုင်တယ်။ အဓိကက ကိုယ်စားလှယ်လုပ်ဖို့ လုပ်နေတာ မဟုတ်ဘူ။ အဓိကက နိုင်ငံ့ ၀န်ထမ်းပေးဖို့။ ဒီဟာအတွက် လုပ်နေတာပဲ။ ကိုယ်စားလှယ်တွေမှ နိုင်ငံအတွက် လုပ်နိုင်တာမဟုတ်ဘူး" လို့ ဆိုပါတယ်။

တစ်သီးပုဂ္ဂလတွေအနေနဲ့ ပါတီထိန်းချုပ်မှုမရှိဘဲ ကိုယ်ပိုင်သဘောထားကို လွတ်လွတ်လပ်လပ် ထုတ်ပြောလို့ ရတယ်ဆိုပေမဲ့ ပါတီကိုယ်စားပြုပြိုင်တုန်းကထက် အခက်အခဲတွေ ပိုရှိနေပါတယ်။

ဒါ့အပြင် သူတို့အတွက် ကြီးမားတဲ့ နောက်စိန်ခေါ်မှုကလည်း လူထုအကြား ရေပန်းအစားဆုံး၊ လူထုထောက်ခံမှုအရှိဆုံး မိခင်ပါတီ‌‌‌ဟောင်း အာဏာရပါတီ NLD က ကိုယ်စားလှယ်တွေ နဲ့ ထိပ်တိုက် ယှဥ်ပြိုင်ရဖို့ ရှိနေတာပါ။

NLD က ကိုယ်စားလှယ်လောင်းတွေနဲ့ ပြန်ပြိုင်ကြမယ့် NLD က ကိုယ်စားလှယ်တွေကို ပါတီမူဝါဒအရ ပါတီက ထုတ်ပယ်ခဲ့

သူနဲ့ ပြိုင်ရမယ့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းက သူ့ထက်အသက်အများကြီးငယ်ပြီး အတွေ့အကြုံလည်းနည်းလို့ သူနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်(၁) ကဝင်ပြိုင်မယ့် လက်ရှိလွှတ်တော်ကိုယ်စားလှယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးလှဌေးက ပြောပါတယ်။

သူယှဥ်ပြိုင်ရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်းက အသက် ၂၉ နှစ်အရွယ် မသက်ထားစုကြည်ပါ။

ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအတွက် အလားအလာက နည်းပါးနေဆဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ထားပြီး ဦးလှ‌‌‌ဌေးအနေနဲ့လည်း အနိုင်ရဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

"ကိုလှဌေးနိုင်ဖို့တော့ သိပ်မလွယ်ဘူးဗျ။ ကျွန်တော့်သုံးသပ်ချက်အရဆိုရင် ဒီချုပ်ကိုယ်စားလှယ်နဲ့ ကိုလှဌေး မဲကွဲရင် ပြည်ခိုင်ဖြိုးတောင် နိုင်သွားနိုင်တယ်။"

NLDက ဆက်မရွေးတော့ပေမဲ့ သူဘာကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ဆက်ဝင်ပြိုင်ရတယ်ဆိုတာနဲ့ ကိုဗစ်ကာလမှာ ကြုံနေရတဲ့ မဲဆွယ်စည်းရုံးရေး အခက်အခဲတွေကို ဦးလှဌေးက ဘီဘီစီကို အခုလို ထပ်ဖြည့် ပြောပါတယ်။

" ကျွန်တော့်နယ်မှာ ပထမဦးစားပေးအဆင့်( ၁)နဲ့ အရွေးခံခဲ့ရပေမယ့် ပါတီက ပြန်ချပေးတော့ ပါမလာဘူး။ အဲ့လိုမပါတော့တဲ့အခါ မဲဆန္ဒနယ်ထဲက ကျွန်တော့်ကို ထောက်ခံတဲ့သူတွေရဲ့ ရင်ထဲကအသံကို ကြားရတယ်။တချို့ဆို လူတစ်ထောင်ကျော် လက်မှတ်ထိုးပြီး ပြန်စဥ်းစားပေးဖို့ နေပြည်တော်ကို တင်တာတွေရှိတယ်။ မီဒီယာတွေနဲ့ ဆုံတဲ့အခါ ကျွန်တော့်ကို ဒီနေရာပြန်ရွေးပေးဖို့ တောင်းဆိုတာတွေ ရှိတယ်။ ဒီ့အပြင် တယ်လီဖုန်း ဆက်ပြီး ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဝင်ပေးဖို့ ပြောတဲ့လူတွေ ရှိတယ်။ အဲ့ဒါကြောင့် အဲ့ဒီအချက်တွေ အကြောင်းပြုပြီး ကျွန်တော့်ကို ထောက်ခံတဲ့သူတွေ လိုလားတဲ့သူတွေ ပြည်သူတွေ တော်တော် များရှိနေသေးတာ တွေ့ ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရတာ ဖြစ်ပါတယ်။ "

ပြီးတော့ သူက မင်္ဂလာတောင်ညွန့်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်တာ၊ သူ့မဲဆန္ဒနယ်အတွက် တင်မက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေ အစိုးရကိုထိန်းကျောင်းခဲ့တဲ့ အတွေ့အကြုံတွေရှိနေတာက သူ့ရဲ့ အားသာချက်လို့ ဆိုပါတယ်။

တီဗီမှာ ပါတီတွေ မဲဆွယ်စည်းရုံးခွင့်ရသလို တစ်သီးပုဂ္ဂလတွေကိုလည်း အဲဒီလိုမျိုး အခွင့်ရေးမျိုးရရင် တန်းတူညီမျှမှုရှိသွားမယ်လို့ သူကပြောခဲ့ပြီး အခုကိုဗစ်ကာလမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာပြီး ပြည်သူတွေ ရောဂါမကူးအောင် သတိထားရတဲ့ အတွက် အရင်ရွေးကောက်ပွဲ မဲဆွယ်တုန်းကထက် အများကြီး ကွာခြားမှုရှိတယ်လို့ သူက ပြောပါတယ်။

ဦးလှဌေးတို့လို လူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ရွေးကောက်ပွဲ အတွက် ဆက်မရွေးတာနဲ့ပတ်သက်ပြီး

" ဒီချုပ်ပါတီရဲ့ကိုယ်စားလှယ်လောင်း ရွေးချယ်မှုက ၂၀၁၅တုန်းကထက် သိပ်ထူးထူးခြားခြားပြောင်းလဲတာကို သိပ်မတွေ့ရသလောက်ပါ။ ပါတီက မရွေးလို့ တစ်သီးပုဂ္ဂဝင်ပြိုင်မယ့်သူတွေထဲမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ပါတယ်။ ဒီချုပ်ပါတီအနေနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ကိုယ်စားလှယ် လောင်း တချို့ကို မရွေးချယ်နိုင်ခဲ့တာဟာ ပါတီအတွက်ရော နိုင်ငံအတွက်ပါ နစ်နာတယ်လို့ မြင်ပါတယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက ထပ်ဖြည့်ပြောပါတယ်။

ဒုရဲမှူးဟောင်းမိုးရန်နိုင် ဖမ်းဆီး ခံရစဉ်

ရိုက်တာ သတင်းထောက်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ ထောင်တစ်နှစ်ချခံရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း သူနေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ခင်ဦးမြို့နယ် မဲဆန္ဒနယ်(၂) ကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ ရှိပါတယ်။

"တစ်သီးပုဂ္ဂလဆိုတော့ ပြည်သူလူထုကိုပိုပြီး တိုက်ရိုက်ထိတွေ့နိုင်မယ်။ ပြည်သူလူထုရဲ့အသံကို လျင်လျင်မြန်မြန်ပိုသိနိုင်မယ်။ ပြီးတော့ ကိုယ်တင်ပြမယ့်ကိစ္စကိုလည်း အထက်ကို ဘယ်သူမှ ထပ်တင်ပြစရာမရှိဘူး။ ဥပဒေနဲ့ ညီတယ်ဆိုရင် ဒါကို လွှတ်တော်တွင်းကို တိုက်ရိုက် အမြန်ဆုံး တင်ပြနိုင်တယ်ဆိုတဲ့ ယူဆချက် ကျွန်တော့်မှာရှိပါတယ်။ လွတ်လွတ်လပ်လပ်သွားမယ်လို့ စိတ်ကူးပြီး ဒီလိုဆုံးဖြတ်တာပါ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ အစုအဖွဲ့

အလုပ်သမားနဲ့ လယ်သမားတွေကို ကိုယ်စားပြုလှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း တစ်သီး ပုဂ္ဂလအနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြဖို့ရှိပါတယ်။

သူတို့ထဲက လူသိအများဆုံးကတော့ လှိုင်သာယာ အရှေ့ပိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကပြိုင်မယ့် အလုပ်သမားအရေးလှုပ်ရှားသူ ရှေ့နေဦးဌေးနဲ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော် ကော့မှူးမဲဆန္ဒနယ်(၁)က ဝင်ပြိုင်မယ့် တောင်သူလယ် သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးတို့ဖြစ်ပါတယ်။

သူတို့ တက်ကြွလှုပ်ရှားသူ အစုအဖွဲ့ ရွေးကောက်ပွဲဝင်မယ့်အကြောင်း ဇူလိုင်၆ရက်နေ့က Sky Hotel မှာ မိတ်ဆက်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီမှာ ဦးဌေးနဲ့ မစုစုနွေးအပါအဝင် တစ်သီးပုဂ္ဂလဝင်ပြိုင်ကြမယ့် အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ၁၁ ယောက်ကို တစုတစည်းတည်း တွေ့ရပါတယ်။

တကယ်လို့ သူတို့ လွှတ်တော်ထဲရောက်သွားရင် သူတို့ ကိုယ်စားပြုနေတဲ့ အလုပ်သမားအရေး၊ လယ်သမားအရေးတွေ ပိုလုပ်နိုင်မယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်တာလို့ ရှေ့နေ ဦးဌေး နဲ့ မစုစုနွေး အပါအဝင် တခြားတက်ကြွလှုပ်ရှားသူတွေ အားလုံးက ပြောကြပါတယ်။

ပြည်သူ့လွှတ်တော် ကော့မှူးမဲဆန္ဒနယ်ကနေ ဒေါ်အောင်ဆန်းစုကြည် ဆက်မပြိုင်တော့ဘူးကြားလို့ အဲဒီနေရာက ဝင်ပြိုင်ဖို့ အရင်ကစီစဉ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီနေရာကဆက် ပြိုင်မှာဖြစ်လို့ အမေနဲ့သမီး ပြိုင်တာမျိုး မဖြစ်ချင်တဲ့အတွက် လွှတ်တော်ပြောင်းပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော့မှူးမဲဆန္ဒနယ်(၁)ကနေ ပြိုင်ဖြစ်ခဲ့တာလို့ မစုစုနွေးက ပြောပါတယ်။

မစုစုနွေးဟာ NLD ပါတီဝင်အဖြစ် နှစ်ပေါင်းများစွာ တက်ကြွလှုပ်ရှားခဲ့သူ ပါတီဝင်ဟောင်း တယောက်ဖြစ်ပြီး သူတစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့အတွက် ပါတီက သူ့ကို ထုတ်လိုက်ပြီလို့ ပြောပါတယ်။

"၂၀၁၅ မှာ NLD အစိုးရ ဖြစ်လာပြီးနောက်ပိုင်း ၂၀၁၈ အထိတော့ လယ်သမားတွေအတွက် မြေယာအငြင်းပွားမှု ဆောင်ရွက်ရတာ အဆင်ပြေခဲ့တယ်။ မြေယာအငြင်းပွားမှုတွေ တင်ပြလို့ရတယ်။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်လာဘူး။ မြေယာဥပဒေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေမှာ လယ်သမားတွေကို တိုက်ရိုက်အကျိုးပြုတဲ့ ဥပဒေတွေ ထွက်လာတာ မရှိဘူး။

နောက်တော့ လွှတ်တော်ထဲမှာ လယ်သမားအသံတွေ ပျောက်နေတယ်။ အလုပ်သမား အသံတွေလည်း ပျောက်နေတယ်။ အဲတော့ ကျွန်မတို့ လယ်သမား၊ အလုပ်သမားသမဂ္ဂတွေက ဒီအလုပ်သမား လယ်သမားတွေရဲ့ အခက်အခဲ ပြဿနာကို လယ်သမား၊ အလုပ်သမားအသံကို ကိုယ်စားပြုဖို့ တစ်သီးပုဂ္ဂအနေနဲ့ ဝင်ပြိုင်ဖို့ ရွေးချယ်ခဲ့တာပါ" လို့ ဘီဘီစီကို ပြော ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရတဲ့ အခက်အခဲကို မစုစုနွေးက အခုလို ထပ်ဖြည့်ပြောပါတယ်။

"ကျွန်မတို့ တစ်သီးပုဂ္ဂလအနေနဲ့က နာမည်စာရင်းထွက်လာပြီးမှ ရွေးကောက်ပွဲအတွက် ဗီနိုင်းရိုက်ရတာတို့၊ လက်ကမ်းစာစောင်တို့ ဘာတို့ အကုန်လုံးပြင်ဆင်ဆောင်ရွက်ရတာ။ တစ်သီးပုဂ္ဂလတွေ ဝင်ပြိုင်ရတာအခက်အခဲတွေ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ ဘာတွေလဲဆိုတော့ ကိုဗစ်ကာလမှာ ကျွန်မတို့ လုံးဝ စည်းရုံးလို့မရဘူး။ Stay at home ဆိုတော့ အိမ်ထဲမှာပဲနေရတယ်။ဘာမှ လုပ်ခွင့်မရှိဘူး။ ဆိုင်းဘုတ်တွေ လိုက်ထောင်တာလည်း ကော်မရှင်ဥပဒေ အယောက်၅၀ ထက် မကျော်ရဘူး။

ဒါပေမဲ့ ဥပဒေအတိုင်းပဲ ဆောင်ရွက်တယ်။ အဲ့ဒါတောင်မှ ကျွန်မတို့ကို ကော်မရှင်ကနေ ကျေးရွာအုပ်စုတစ်စုကို ဆိုင်းဘုတ်တစ်ခုပဲ‌ထောင်ဖို့ တားမြစ်တာတွေ ကြုံရတယ်။ တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာဖြစ်တဲ့အတွက် ကျွန်မတို့မှာ ငွေအင်အားရှိရင် နေရာတိုင်းမှာ ထောင်ခွင့်ရှိတယ်လို့ ပြန်ပြောရတယ်။ အဲလိုမျိုး အကြိတ်အနယ် ပြန်ပြောတော့မှ ခွင့်ပြုတာမျိုးရှိတယ်။ "

မဲဆွယ်ဆိုင်းဘုတ်ထောင်ဖို့လုပ်တော့လည်း သူ့မိခင်ပါတီ‌ဟောင်း ထောက်ခံသူတွေရဲ့ နှောင့်ယှက်တာ ခံခဲ့တာကို သူက ထည့်ပြောပါတယ်။

"နောက်တစ်ခုက စည်းရုံးရေးဆင်းနေတဲ့အချိန် ကျွန်မတို့ဆိုင်းဘုတ်တွေ သွားထောင်တော့ အဲ့ဒီနေရာကို ရောက်လာတဲ့ ဒေသခံတွေကို ဘာကြောင့်ဆိုင်းဘုတ်ထောင်ရလဲ။ ဘာကြောင့် တစ်သီးပုဂ္ဂလဝင်ရလဲဆိုတာ ရှင်းပြနေတုန်း ကျွန်မပြောတဲ့အသံတွေကို မကြားရအောင် NLD ပါတီက ကျွန်မတို့ မိခင်ပါတီ ကလူတွေက ဆောင်းဘောက်တွေဖွင့်ပြီး ဟန့်တားပိတ်ပင်တာတွေ ကြုံရတယ်။ အဲ့ဒါနဲ့ပတ်သက်လို့လည်း ကော်မရှင်ကို စာတင်ထားတယ်။ စာတင်ထားတာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာအကြောင်းမှမပြန်သေးဘူး။ နောက်ဆုံးကျတော့ ဘာအထိ ဖြစ်လာလဲဆိုရင် ၂၄ရက်၊ ၉လ၊ ၂၀၂၀က ကျွန်မတို့ တောင်သူ လယ်သမားသမဂ္ဂ အလံတွေ ခိုးခံရတဲ့အဆင့်ထိ ဖြစ်လာတယ်။ ဆိုင်းဘုတ်ထောင်တဲ့ အိမ်တွေက သူတို့လက်မှတ်ထိုးတောင်းဆိုလို့ တကယ်တမ်း ဆိုင်းဘုတ်သွားထောင်တော့လည်း တာဝန်မယူဘူးလို့ ပြောတာတွေ ကြုံရတယ်။ "

ပါတီတွေက မဲဆွယ်စည်းရုံးရေးအတွက် တီဗီလွှင့်ခွင့်ရပြီး တစ်သီးပုဂ္ဂလတွေက လွှင့်ခွင့် မရတာနဲ့ ပတ်သက်လို့လည်း

"တစ်သီးပုဂ္ဂလတွေကိုလည်း ရွေးကောက်ပွဲဥပ‌ဒေနဲ့ အညီ ပါတီတွေနဲ့ တန်းတူဝင်ရောက် ယှဥ်ပြိုင် ခွင့်ပေးထားတဲ့အတွက် အဲ့ဒီအခွင့်ရေးကို ကျွန်မတို့ ခံစားချင်တယ်။ ပါတီတွေမှာ ဒီလိုခံစားခွင့်ရှိရင် တစ်သီးပုဂ္ဂလတွေမှာလည်း မြန်မာ့အသံတို့၊ အသံလွှင့်ဌာနတွေကနေ လွှင့်ပြီး တန်းတူ အခွင့်အရေးရချင်ပါတယ် "လို့ မစုစုနွေးက ပြောပါတယ်။

အမျိုးသမီးတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ

ကချင်ပြည်နယ်လွှတ်တော် အင်ဂျန်းယန်မဲဆန္ဒနယ်(၂)ကနေ မရန်ဂျာဆိုင်းခေါန် ထပ်ပြိုင်မယ်

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၆ ဦး မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုက ၂၄ ဦး ရှိနေတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၉.၀၂ ရာခိုင်နှုန်း ရှိတယ်လို့ ပြောနိုင်ပါတယ်။

အဲ့ဒီသူတွေထဲ ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP ကနေ အနိုင်ရထားတဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ကချင်တော်လှန်ရေး ခေါင်းဆောင်ဟောင်း မရန်ဘရန်ဆိုင်းရဲ့ သမီးဖြစ်သူ ၂၀၁၅ တုန်းက ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီKSDP ကိုယ်စားပြုပြီး ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်က အနိုင်ရထားတဲ့ မရန်ဂျာဆိုင်းခေါန် တို့လည်းပါပါတယ်။

ကချင်ပြည်နယ်လွှတ်တော် အင်ဂျန်းယန်မဲဆန္ဒနယ်(၂)ကနေ မရန်ဂျာဆိုင်းခေါန် ထပ်ပြိုင်မှာ ဖြစ်ပေမယ့် ဒီရွေးကောက် ပွဲမှာတော့ ဘယ်ပါတီကိုမှ ကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ရွေးချယ်ခံမှာ ဖြစ်ပါတယ်။

ဒေါ်ထုမေကတော့ ရခိုင်အမျိုးသားပါတီ ANP က ထွက်ခွင့်တောင်းထားပေမဲ့ ထွက်ခွင့်မရတဲ့ အတွက် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မှာပါ။

ဒေါက်တာညိုညိုသင်း

အမျိုးသမီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေထဲ လူသိများတဲ့ နောက် တယောက်ကတော့ ၂၀၁၅မှာ ဗဟန်းမြို့နယ်ကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့ပြီး အခုရွေးကောက်ပွဲမှာ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၉) က ဝင်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းပါ။

ဒေါက်တာ ညိုညိုသင်းဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ( မြန်မာ)ရဲ့ ကိုယ်စားလှယ်အဖြစ် ဗဟန်းမြို့နယ်ကကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး တိုင်းဒေသကြီးကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အဖြစ် ဝင်ပြိုင်ခဲ့ပြီး အခု ၂၀၂၀ရွေးကောက်ပွဲမှာပါ တစ်သီးပုဂ္ဂလ အဖြစ် ဆက်ပြိုင်ဖို့ ကြိုးစားနေတာပါ။

"နိုင်ငံရေးပါတီကြီးတွေကတော့ တစ်သီးပုဂ္ဂလတွေထက် သက်ဆိုင်ရာရုံးခွဲတွေ ပိုဖွင့်နိုင်တဲ့အခြေနေ ရှိတယ်။ အဲ့ဒီတော့ စည်းရုံးရေးဆင်းတဲ့အခါ ပြည်သူလူထုနဲ့တွေ့ဆုံဖို့ စီစဥ်တဲ့အခါမှာ တစ်သီးပုဂ္ဂလတွေအနေနဲ့ အခက်အခဲရှိတွေ ရှိတယ်။ အုပ်ချုပ်ရေးပိုင်းတွေ၊ ကော်မရှင်ပိုင်းတွေ ဆက်သွယ်တဲ့အခါမှာလည်း ကိုယ့်လူခံ ရှိမထားဘူးဆိုရင် အခက်အခဲတွေရှိနိုင်ပါတယ်"လို့ ပြောထားပါတယ်။

တနင်္သာရီ တိုင်းက ဝင်ပြိုင်ရတာနဲ့ ပတ်သက်လို့လည်း "တနင်္သာရီတိုင်းက စီးပွားရေး အရင်းအမြစ် ကြွယ်ဝပေမယ့် အခု ကျွန်မဝင်ရောက်ယှဥ်ပြိုင်မယ့် တနင်္သာရီမြို့နယ်လေးဆိုရင် ဒုတိယ အဆင်းရဲဆုံးမြို့နယ်လေး အဖြစ်ရှိနေတယ်။

အဲ့ဒီက ပြည်သူလူထုရဲ့ဘဝက မမြင့်မားဘူး။ လူနေမှုအဆင့်တန်းကလည်းနိမ့်တယ်။ ရွာပေါင်း ၂၀၀ ကျော် ရှိပေမယ့် တိုက်နယ်ဆေးရုံ ၃ ရုံ ပဲရှိပြီး ချို့တဲ့ကြတယ်။ ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ စီးပွားရေး အရင်းမြစ် တွေ စနစ်တကျ ဖွံ့ ဖြိုးဖို့ရယ်။ လိုအပ်နေတဲ့ နိုင်ငံရေး အရင်းအမြစ်တွေကို စနစ်တကျ ပျိုးထောင်ဖို့ ရည်ရွယ်ပြီးတော့ ဒီရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းကို ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

အမျိုးသမီးတွေ တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခဲ့တဲ့ လမ်းကြောင်းကို ပြန်ကြည့်လိုက်ရင် ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး တစ်သီးပုဂ္ဂလတွေ အနိုင်ရထားတာ မရှိသေးတဲ့အတွက် ဒီရွေးကောက်ပွဲ မှာတော့ ပထမဆုံး အနိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

လွှတ်တော်ထဲက တစ်သီးပုဂ္ဂလ

၁၉၉၀ ရွေးကောက်ပွဲကစပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့ ရာဇဝင် ကို ပြန်ကြည့်လိုက်ရင် ၁၉၉၀ မှာ ၈၇ ဦးဝင်ပြိုင်ပြီး ၆ဦး အနိုင်ရခဲ့တယ်။ ၂၀၁၀ ရွေး ကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁၀ ဝင်ပြီး ၆ ဦး အနိုင်ရခဲ့တာ ရှိပါတယ်။

နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဝင်ပြိုင်ခဲ့တာမှာ ၅ ဦးအနိုင်ရခဲ့ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း တစ်သီးပုဂ္ဂလ အမတ်တစ်ယောက် အနိုင်ရထားတာရှိတဲ့အတွက် လက်ရှိမြန်မာ့လွှတ်တော်ထဲမှာ တစ်သီးပုဂ္ဂလ အမတ် ၆ ဦး ရှိနေပါတယ်။

တစ်သီးပုဂ္ဂလနဲ့ အငြင်းပွားမှု

၂၀၁၅ ရွေးကောက်ပွဲရလဒ်ရဲ့ ထူးခြားချက်က အနိုင်ရခဲ့တဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ကန့်ကွက်ခံရလို့ သူ့ကို ကန့်ကွက်ခဲ့တဲ့ တစ်သီးပုဂ္ဂလကို အနိုင်ပေးခဲ့တာ ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)က အနိုင်ရခဲ့တဲ့ တစ်သီးပုဂ္ဂလ အမတ် ဦးဇခုန်တိန့်ယန်းကို တရားမဲ့ပြုကျင့်မှုတွေနဲ့ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့တယ်လို့ တစ်သီးပုဂ္ဂလအမတ်လောင်း ဦးယောနာနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစံဝေခေါင်လွမ်းတို့က ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားကန့်ကွက်ခဲ့တာပါ။

ဦးယောနာက ဦးဇခုန်တိန့်ယန်းနဲ့ မဲဆန္ဒနယ်တနယ်တည်း ဝင်ပြိုင်ခဲ့ပြီး ဒုတိယ မဲအများဆုံး ရထားတဲ့သူဖြစ်ပါတယ်။

ချီဖွေမှာ မဲလာဆွယ်တဲ့ NLD အမတ်လောင်းတွေကို တရားမဲ့ ရိုက်နှက်တယ်၊ မဲဆွယ်တာတွေကို ပိတ်ပင်တယ်ဆိုပြီး ကန့်ကွက်တိုင်ကြားခံရခဲ့တာပါ။

ဒီအမှုကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးခဲ့ပြီး ကန့်ကွက်တဲ့ ဒုတိယမဲအများဆုံးရထားတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာကို အနိုင်ပေးခဲ့ပါတယ်။

၂၀၁၀နဲ့ ၂၀၁၅ရွေးကောက်ပွဲတွေမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်အနိုင်ရခဲ့တဲ့ ပြည့်သူ့စစ်ခေါင်းဆောင်ဟောင်း ဇခုန်တိန့်ယန်းဟာ လက်ရှိမှာတော့ ၂၀၁၉ခုနှစ်က ပါတီတည်ထောင်ခွင့်ရထားတဲ့ ဒီမိုကရေစီပါတီသစ်(ကချင်) (N.D.P)မှာနာယကအဖြစ် တာဝန်ယူနေပါတယ်။

အနာဂတ်အလားအလာ


တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ပါဝင်မှု

၂၀၂၀ မှာ ရန်ကုန်က တစ်သီးပုဂ္ဂလ အများဆုံးဝင်မယ့် တိုင်းဖြစ်ပြီး တစ်သီးပုဂ္ဂလ ၃၂ ဦး ဝင်ပြိုင်မှာပါ။ ရခိုင်ပြည်နယ်ကတော့ ဒုတိယအများဆုံးနဲ့ ၂၇ ဦး ပြိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံးဝင်ပြိုင်မယ့်နေရာကတော့ ၅ ဦးပဲ ဝင်ပြိုင်မယ့် တနင်္သာရီတိုင်း ဖြစ်ပါတယ်။

တစ်သီးပုဂ္ဂလတွေ ဝင်ပြိုင်ခဲ့တဲ့ ရာဇဝင်အရ ၂၀၁၀ ရွေးကောက်ပွဲမှာ ၁၁၀ ဦး ဝင်ပြိုင်တာကနေ ၂၀၁၅ မှာ ၃၁၀ အထိတိုးလာလို့ ပြိုင်တဲ့သူ ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့၂၀၂၀မှာ၂၈ဝ ပဲဝင်ပြိုင်ဖို့ စာရင်းပေးထားရာကနေ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေ ရှိလာတဲ့အတွက် ၂၆၆ ပဲ ကျန်တော့လို့ ပြန်လျော့သွားပါတယ်။

ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ အရင်ရွေးကောက်ပွဲတွေကထက် နေရာများများပို အနိုင်ရလာ မလား၊ မရဘူးလား ဆိုတာကို ဒေါက်တာရန်မျိုးသိမ်းက ခန့်မှန်းထားပါတယ်။

"လာမယ့် ရွေးကောက်ပွဲမှာလည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေရဲ့ အနိုင်ရရှိနိုင်ခြေက ဂဏန်းနှစ်လုံး (two digit) ထိ ဖြစ်မလာနိုင်သေးဘူးလို့ ထင်တယ်။

မဲဆန္ဒနယ်တစ်ခုမှာ ဒေသခံဖြစ်တဲ့အပြင် မဲဆန္ဒရှင်ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ ထောက်ခံမှု သိသိသာသာရတဲ့၊ နိုင်ငံရေးအရ၊ လူမှုရေးအရ သြဇာကြီးတဲ့သူမျိုးတွေပဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရင် နိုင်ခြေများမယ်ထင်ပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဟာ ဒီချုပ် နဲ့ ပြည်ခိုင်ဖြိုး ပါတီကြီးနှစ်ခုကို ယှဉ်နိုင်ဖို့၊ ဖြတ်ကျော်အနိုင်ရဖို့ဆိုတာ အတော်လေးကို ခက်ခဲနေဆဲဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အာဏာရပါတီ အပါအဝင် အခြားပါတီကြီးတွေက အစိုးရဖွဲ့နိုင်ဖို့ နေရာများများအနိုင်ရဖို့ လုံးပန်းနေကြတာ၊ လူကို မကြည့်နဲ့ ပါတီကိုပဲ ကြည့်ရမယ်ဆိုတဲ့ အယူအဆကလည်း လွှမ်းမိုးနေသေးတာ စတာတွေကြောင့် တစ်သီးပုဂ္ဂလတွေအနေနဲ့ ဒီအခြေနေကို ကျော်လွှားနိုင်ဖို့ အချိန်ယူ ကြိုးစားရုန်းကန်ရဦးမှာ သေချာပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54666353

၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ  ၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ Reviewed by THITHTOOLWIN on 02:50 Rating: 5

No comments:

Powered by Blogger.