နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာမူလတန်းကျောင်းမှာ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲပေးတဲ့ လက်တွေ့သရုပ်ပြသတာကို ကြည့်ရှုစဉ်
Photo: Myanmar State Counsellor Office
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ဒီလိုအခြေအနေမှာ ရောဂါကူးစက်မှုနှုန်း ကျဆင်းမသွားသေးတဲ့ အတွက် ရွေးကောက်ပွဲနေ့ကျရင် မဲရုံတွေမှာ ဆန္ဒမဲ ထွက်ပေးလို့ ရောဂါကူးစက်ခံရမှာ စိုးရိမ်နေကြတာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲနေ့မှာ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင် စီစဉ်ထားတာကြောင့် မဲသွားပေးကြဖို့ အောက်တိုဘာ ၂၆ရက်နေ့ညက ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျမတို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားပါပြီ၊ တရုတ်နိုင်ငံကနေ ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေး အကာအကွယ် ပစ္စည်းတွေကို ရွေးကောက်ပွဲအမီ ရောက်ဖို့၊ စီစဉ်ထားတာတွေလည်း အစီအစဉ်အတိုင်း နေ့တိုင်း လေကြောင်းခရီးနဲ့ ရောက်လာပါတယ်၊ တစ်တိုင်းပြည်လုံး လိုအပ်တဲ့ နေရာတွေကို ပြည့်ပြည့်စုံစုံ ဖြန့်ချိပေးဖို့လည်း စီစဉ်ထားပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက် ရင် တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လို့လုပ်သလဲဆိုတာ လေ့လာထားပါတယ်၊ တခြားနိုင်ငံတွေ မှာ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်နိုင်ငံတွေက ဘယ်လိုလုပ်သလဲပေါ့၊ ကျမတို့က အချမ်းသာဆုံးနိုင်ငံထဲက မဟုတ်ပေမယ့် အကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပါတယ်၊ ကျမတို့ က အကောင်းဆုံးအစီအစဉ်တွေကိုကြည့်ပြီး ကျမတို့နိုင်ငံ လိုအပ်ချက်နဲ့ ကျမတို့နိုင်ငံမှာရှိတဲ့ အရင်းအမြစ်၊ ရှိတဲ့အတိုင်းအတာနဲ့ဆိုရင် ဘယ်လို့ပုံစံနဲ့ လုပ်ရမလဲဆိုတာ၊ သေသေချာချာ စဉ်းစားပြီး လုပ်တာပါ၊ ပြည်သူ တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေရှိပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်၊ မဲသွားပေးဖို့လည်း တိုက်တွန်းပါတယ်”
ကိုရိုနာဗိုင်းရပ်စစ် အတည်ပြုလူနာတွေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်နေပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က လူနေထူထပ်လွန်းတဲ့ ရန်ကုန်တိုင်းဟာ ပိုးတွေ့နှုန်းမြင့်နေလို့ စိုးရိမ်နေပါတယ်။
“ပိုးတွေ့တဲ့နှုန်းက ကျမသွားဘူးဗျ၊ ကျမသွားတဲ့အခါကျတော့ ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကို ဒီလို အခြေအနေမျိုးနဲ့ ကျင်းပမယ်ဆိုရင် မဲလာပေးမယ့် ပြည်သူတွေအတွက်ကတော့ မလုံခြုံဘူးလို့ ကျနော်တို့ မြင်တယ်”
ဦးဒေးဗစ်လှမြင့်က ဖြစ်နိုင်မယ်ဆိုရင် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးစေချင်နေပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများနေတဲ့ နေရာတွေမှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ အောက်တိုဘာ ၂၆ ရက်စွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားပါတယ်။
မဲပေးတာကြောင့် ရောဂါကူးစက်မှု ပိုမိုမဆိုးရွားနိုင်ကြောင်းနဲ့ မဲရုံဝန်ထမ်းတွေ၊ မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေး နဲ့ ပတ်သက်လို့ ဘယ်လိုစီမံထားကြောင်း ထုတ်ပြန်ပေးဖို့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တောင်းဆိုချက်တွေထဲ ပါဝင်ပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့က ဒေါ်မြနန္ဒာသင်းက မဲသွားပေးဖို့ စိုးရိမ်နေတဲ့ ပြည်သူတွေရှိတယ်လို့ ပြောပါတယ်။
“မဲဆန္ဒရှင်တချို့ကတော့ ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ နေရာတွေက ဥပမာ ရန်ကုန်လို့ နေရာမျိုးမှာ ဆိုရင်တော့ တချို့သော မဲဆန္ဒရှင်တွေက စိုးရိမ်ပူပန်မှုတွေက ရှိနေတုန်းပဲ၊ တချို့ဆို မဲသွားပေးဖို့ စဉ်းစားနေကြတယ်ဆိုတဲ့ အခြေအနေမျိုးမှာရှိတယ်၊ တချို့ကလည်း စိတ်အားထက်သန်မှု ရှိတဲ့သူတွေ၊ မဲပေးဖို့ဆုံးဖြတ်ထားတဲ့သူတွေ အနေနဲ့ကြတော့ သေချာကာကွယ်ပြီးတော့မှ မဲပေးကြမယ်၊ စဉ်းစာတဲ့ပုံတော မတူဘူးပေါ့ အဲလိုအခြေအနေ တွေ့ရတယ်”
ပုံမှန်အခြေအနေ မဟုတ်ဘဲ ကပ်ဘေးကာလမှာ ကျင်းပရမယ့် ရွေးကောက်ပွဲဖြစ်လို့ ကော်မရှင်ကတော့ မဲရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်က နေရာတချို့မှာ တိုးချဲ့မဲရုံတွေ စီစဉ်ထား တယ်လို့ ပြောပါတယ်။
“စလုပ်ကတည်းက မဲရုံတွေမှာ မဲပေးမယ်သူ တစ်ထောင်ထက် မကျော်အောင် မဲပေးမယ့်အင်အားကို တွတ် ထားတယ်၊ ဒီရပ်ကွက်မှာ လူ ငါးထောင်ရှိတယ်ဆိုရင် မဲရုံ ငါးရုံဖြစ်ရမှာပေါ့၊ တကယ်လို့ အရင်တုန်းက လူ ငါးထောင်ကို မဲရုံ သုံးရုံပဲလုပ်ထားရင် အနည်းဆုံး တစ်ထောင်အထက် မကျော်အောင် ငါးရုံအထိဖြစ်အောင် ထပ်ချဲ့ထားတာပေါ့၊ တချို့နေရာတွေမှာတော့ ယာယီမဲရုံတွေ လုပ်မှာပေါ့”
ရန်ကုန်တိုင်းမှာ မဲရုံ ၆ ထောင်ဝန်းကျင်အပြင် ယာယီမဲရုံ ၂၀၀ ကျော်လည်း ထပ်တိုး စီစဉ်ထားပါတယ်။
တစ်ချို့မဲရုံတွေမှာ လူတစ်ထောင်အထက် မဲပေးရမယ့် အခြေအနေဆိုရင် မဲပေးတဲ့နေရာတိုးချဲ့တာ၊ မဲစာရင်း ထုတ်ပေးမယ့်သူတွေကိုတိုးပြီး တာဝန်ပေးသွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
ရောဂါကူးစက်မှုမရှိအောင်နဲ့ ပြည်သူတွေ လုံခြုံမှုရှိအောင် မဲလာပေးမယ့်သူတွေအတွက် နှာခေါင်းစည်း အခမဲ့ ဝေတာ၊ လက်ဆေးခိုင်းတာ၊ အပူချိန်တိုင်းတာတွေလည်း စီစဉ်ထားတယ်လို့ ဦးကျော်မိုးကြည်က ပြောပါတယ်။
ဒါ့အပြင် အသက် ၆၀ အထက် မဲပေးမယ့်သူတွေကိုတော့ ကြိုတင်မဲ ကောက်ယူတဲ့နည်းနဲ့လည်း မဲရုံမှာမဲလာ ပေးမယ့်သူ လျော့သွားအောင် စီစဉ်ထားတာပါ။
ကော်မရှင်က အစီအမံတွေ ချထားပေမယ့် ပြည်သူတွေဘက်က သိနားလည်မှု၊ လိုက်နာမှု အားနည်းမှာကို ရွေးကောက်ပွဲ စောင့်ကြည်လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က စိုးရိမ်နေပါတယ်။
“စိတ်ပူတာတစ်ခုက ကိုဗစ်အကာအကွယ် သတ်မှတ်ချက်တွေကို လူတွေ ကောင်းကောင်း လိုက်နာဖို့ရယ်၊ စီစဉ်ထားတာတွေကတော့ ကိုဗစ်ကို တတ်နိုင်သမျှ ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင်တွေရဲ့ လမ်းညွှန်ချက် တွေကိုပါယူပြီးတော့ စီစဉ်ထားတာပဲ၊ တကယ်တမ်း လိုက်နာနိုင်ပါ့မလားဆိုတာ မဲပေးတဲ့နေကြရင် လာပေး မယ့် မဲဆန္ဒရှင်တွေလည်း အဲအချက်တွေကို သိဖို့လိုတယ်၊ အနားမှာလည်း သတိပေးပြီး စောင့်ကြည်မယ့်သူတွေ ရှိဖို့လည်းလိုမယ်လို့ ထင်ပါတယ်”
ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းကတော့ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
“မဲရုံမှာမဲပေးမှ မဟုတ်ဘူး၊ အပြင်မှာလည်း သွားလာနေကြတာဘဲ၊ ဥပမာ ခရီးသည်တင် ဘတ်စ်ကားတွေ ပေါ်မှာ ကြည့်ကြည်၊ ဈေးဝယ်စင်တာတွေမှာကြည့်ကြည့် လူတွေရဲ့ အနီးကပ်သွားလာနေထိုင်တဲ့ပုံစံက မဲရုံမှာမဲပေးတဲ့အချိန်ထိ တွေ့တဲ့လူအုပ်စု ပုံစံထက်တောင်မှ ပိုပြီးတေ့ာ နီးနီးကပ်ကပ်တွေ ရှိနေတော့လေ၊ ပြောရရင်တော့ မဲပေးမယ့်နေမှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာပြီး ပေးကြမယ်ဆိုရင်တော့ အများကြီး စိုးရိမ်စရာမရှိပါဘူး”
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုဝင်းကိုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်ပေမယ့် ဆန္ဒမဲ ထွက်ပေးမယ်လို့ ပြောပါတယ်။
“မဲကတော့ ကျိန်းသေပေးရမှာပေါ့၊ မပေးလို့ ဘယ်ရမလဲ၊ ကိုဗစ်ဖြစ်တော့လည်း ဘယ်တတ်နိုင်မလဲ၊ လုံလုံခြုံခြုံတော့ ကျန်းမာရေးက ထုတ်ပြန်တဲ့အတိုင်း လုပ်သွားရမှာပေါ့၊ နှာခေါင်းစည်းတို့ Face shield တို့ အကုန်တပ်သွားရမှာပေါ့၊ စိုးရိမ်မှုတော့ ရှိတာပေါ့၊ ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာ မယ်ဆိုရင် ကူးစက်နိုင်ခြေနည်းပါတယ်”
ရွေးကောက်ပွဲကော်မရှင်က မဲရုံတွေမှာ ဘာတွေ စီစဉ်ပေးထားတယ်၊ ပြည်သူတွေဘက်က ဘာတွေလိုက်နာဖို့ လိုတယ် ဆိုတာကိုတော့ မသိသေးဘူးလို့ ကိုဝင်းကိုက ဆိုပါတယ်။
ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲထွက်ပေးတဲ့သူတွေ ကျန်းမာရေးဆိုင်ရာ စိတ်ချလုံခြုံအောင် မဲရုံတွေမှာ ဘာတွေ ပြင်ဆင်ပေးထားတယ်ဆိုတာနဲ့ ဘယ်လိုလိုက်နာဖို့လိုတယ်ဆိုတဲ့ အသိပညာပေးတွေ ပြည်သူတွေကြားထဲ နှံ့နှံ့စပ်စပ်ရောက်အောင် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သင့်သလို မဲရုံတွေ တိုးချဲပေးသင့်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက တိုက်တွန်းကြပါတယ်။
ကပ်ဘေးကာလထဲ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုဆန္ဒမဲပေးရမယ်ဆိုတာကို သရုပ်ပြလေ့ကျင့်ပွဲတွေ နေပြည်တော်မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်နေပါတယ်။
၆ ပေအကွာမှာ နေဖို့၊ လက်ဆေးဖို့နဲ့ အပူချိန်တိုင်းတာတွေ စတဲ့သရုပ်ပြတာတွေနဲ့ မဲပေးတဲ့လုပ်ငန်းစဉ် လေ့ကျင့်တဲ့ပွဲတွေကို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြည့်ရှုခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၂၀၀၀ ခန့်နဲ့ မဲရုံဝန်ထမ်းပေါင်း ၅၆၄၀၀၀ ခန့် ပြင်ဆင်ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/2020-election-vote-10272020053014.html

No comments:
Post a Comment