သင်္ဃန်းကျွန်းက ရွေးကောက်ပွဲ အထူးရဲ သင်တန်းသား ၁၉ ဦးမှာ ကိုဗစ် ပိုးတွေ့

ကရင်ပြည်နယ်က ရွေးကောက်ပွဲ အထူးရဲသင်တန်း တစ်ခု

၂၀၂၀ ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သင်္ဃန်းကျွန်းမြို့နယ် အထက ၁ မှာ ရက် ပေါင်း ၃၀ အထူးရဲ သင်တန်းတက်နေတဲ့ သင်တန်းသား တွေကို အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ဆေးခဲ့ရာမှာ သင်တန်းသား အချို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ ရှိခဲတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် မြို့မရဲစခန်းက ရဲမှူးကောင်းနိုင်က ဘီဘီစီကိုပြောပါတယ်။

သင်္ဃန်းကျွန်း အထက ၁ မှာ ရွေးကောက်ပွဲ အထူးရဲသင်တန်းတက်နေတဲ့ သင်တန်းသား ၆၀ ကို ကိုဗစ် ရှိမရှိ test kits တွေနဲ့ စစ်ဆေးခဲ့ရာမှာ ၁၉ ဦးမှာ အခုလိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိသူတွေကိုတော့ အောင်မြင့်မိုလ် ကွာရန်တင်းစင်တာကို ပို့ဆောင်ထားတယ်လို့ ရဲမှူးကပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီကတော့ အထက ၁ က ရွေးကောက်ပွဲ အထူးရဲ သင်တန်းသား ၁၉ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို အတည်ပြုပြီး ဘယ်ကကူးစက်တယ် ဆိုတာနဲ့ သူတို့ကို ဘယ်မှာ ထားရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Swar Oo Oo

သင်္ဃန်းကျွန်းမြို့နယ်မှာ ရွေးကောက်ပွဲ အထူးရဲသင်တန်း တက်နေသူ စုစုပေါင်း ၁၃၉ ဦးရှိပါတယ်။ အခုတွေ့ရှိခဲ့သူတွေ ကတော့ သင်္ဃန်းကျွန်းမြို့နယ် အထက ၁ မှာ သင်တန်းတက်နေသူ တွေဖြစ်ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ် အထက ၃ မှာတက်နေတဲ့ သင်တန်းသားတွေကို ဆေးမစစ်ရသေးကြောင်းလည်း ရဲမှူးကရှင်းပြပါတယ် ။

ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ထားသူ သင်တန်းသားတွေ အစား သင်တန်းသားသစ်တွေ ခေါ်ပြီး ထပ်ခန့်သွားဖို့ရှိပြီးတော့ ကျန်သင်တန်းသားတွေကိုတော့ ကွာရန်တင်းထားပြီး ကွာရန်တင်းမှာ သင်တန်းဆက်ပေးသွားမယ်လို့လည်း ရဲမှူးက ဘီဘီစီကိုပြောပါတယ် ။

ရွေးကောက်ပွဲ အထူးရဲသင်တန်းဟာ မဲရုံတစ်ရုံစီမှာ အထူးရဲ တစ်ဦးစီ တာဝန်ချပေးဖို့ သင်တန်းပေးကာ တစ်လခန့်ထားတာ ဖြစ်ပြီး ဒေသခံတွေ အများစု တက်ရောက်နေကြတာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်း အထက ၁ မှာ ရွေးကောက်ပွဲ အထူးရဲ သင်တန်းတက်နေသူ သင်တန်းသား အချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အနံ့မရတာကနေ အခုလို ကိုဗစ် ရှိမရှိစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာ ရွေးကောက်ပွဲ အထူးရဲသင်တန်းတွေ စတင်ခဲ့တာဖြစ်ပြီးတော့ အခြားနယ်တွေမှာလည်း သင်တန်းတက်တဲ့သူအချို့ ကိုဗစ်ကူးစက်မှုတွေ ရှိခဲ့ပါတယ်။

ကော့ကရိတ်ခရိုင် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အထူးရဲသင်တန်း

ပြီးခဲ့တဲ့ အောက်တိုဘာ လ ၈ ရက်နေ့ကလည်း ကော့ကရိတ်ခရိုင်အတွင်း ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသူ သင်တန်းသား တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရလို့ သင်ကြားသူ သင်တန်းဆရာ၊ အခြားသင်တန်းသားတွေအပါအဝင် စုစုပေါင်း ၂၃ ယောက်ကို သင်တန်းပေးနေတဲ့ ကျောင်းမှာပဲ သီးခြားစောင့်ကြည့်ထားတယ်လို့ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

ပိုးတွေ့သူကိုတော့ ကော့ကရိတ် ဆေးရုံကြီး ကိုဗစ်ကြပ်မတ်ကုသဆောင်ကို ပို့ဆောင်ကုသပေးခဲ့တယ် လို့ ဆိုပါတယ်။

ကော့ကရိတ် ရပ်ကွက် (၁) မွန်စုအပိုင်မှာ နေထိုင်တဲ့ အထူးရဲသင်တန်းသားတွေကို Rapid Antigen Test Kit တွေနဲ့ စစ်ဆေးရာမှာ ၁ ဦးမှာ ကိုဗစ် ပိုးတွေ့ ရှိခဲ့တာပါ။

အခုတော့ သူနဲ့ ဆက်စပ်ထိတွေ့သူ အထူးရဲသင်တန်း နည်းပြ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သင်တန်းသား ၂၃ ဦးကို ကော့ကရိတ် အမှတ် ၂ အထက်တန်းကျောင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု တွေပြုလုပ်ပေးထားပြီး ကျောင်းဝင်းအတွင်းမှာပဲ အသွားအလာ ကန့်သတ်ထားတယ်လို့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

အဲဒီ ရွေးကောက်ပွဲ အထူးရဲ သင်တန်းကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာဟာ သုံးသောင်းကျော် ပြီ

အောက်တိုဘာ လ ၁၂ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁၃၄၄ ဦးမှ သင်္ဃန်းကျွန်းမြို့နယ် ၂၁ ဦး ပါဝင်နေတာတွေ့ရပြီးတော့ အောက်တိုဘာ ၁၃ ရက်နေ့က ထပ်တွေ့တဲ့ ရွေးကောက်ပွဲ အထူးရဲ သင်တန်းသား ၁၉ ဦး ဟာစာရင်းမှာ မပါသေးဘူးလို့လည်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီက တစ်ဆင့်သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၁၂၃ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ကိုဗစ် အတည်ပြုလူနာဟာ သုံးသောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူအသစ် ၂၉ ဦး ရှိခဲ့တာကြောင့် သေဆုံးသူစုစုပေါင်းက ခုနစ်ရာခန့် (၆၉၃ ဦး) ရှိပြီဖြစ်ပါတယ်။

ဆေးရုံဆင်းခွင့်သတ်မှတ်ချက်တွေအပါအဝင် ကိုဗစ်ကုသရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လျှော့ချလိုက်တာကြောင့် ဆေးရုံဆင်းလူနာတွေ ဒီရက်ပိုင်း များပြားလာခဲ့ပါတယ်။ ဆေးရုံက ဆင်းခွင့်ရသူအသစ်က ၁၅၀၉ ဦးထိ ရှိပြီး ခုဆို ဆေးရုံဆင်းခွင့်ရသူပေါင်းက ၁၁၇၆၉ ရှိသွားပြီလို့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအ ရသိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54524130

သင်္ဃန်းကျွန်းက ရွေးကောက်ပွဲ အထူးရဲ သင်တန်းသား ၁၉ ဦးမှာ ကိုဗစ် ပိုးတွေ့  သင်္ဃန်းကျွန်းက ရွေးကောက်ပွဲ အထူးရဲ သင်တန်းသား ၁၉ ဦးမှာ ကိုဗစ် ပိုးတွေ့ Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.