ရခိုင်အရေး သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး


နိရဥၥရာ၊ ေအာက္တိုဘာ ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်သည့်နေရာတွင် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UEHRD စီမံကိန်း ကော်မတီ၏ (၃) နှစ်မြောက် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

“ ရခိုင်ပြည်နယ် ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှုတွေ အပေါ် အပြုသဘော ကြည့်မြင်ပြီး ဝိုင်းဝန်းကူညီကြတာ တွေရှိသလို လိုအပ်ချက်တွေ အားနည်းချက်တွေဘဲ ထောက်ပြဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေထိ ရောက်အောင် တွန်းပို့နေကြတဲ့ ပြည်တွင်း/ပြည်ပ အသိုက်အဝန်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့လိုတယ်ဆိုတာ ကိုလည်း သတိ ပေးချင် ပါတယ်” ဟု  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့သည် UEHRD ကို ဖွဲ့စည်းခဲ့သည့် (၃) နှစ်ပြည့်နေ့ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ် အပါအဝင် ကျွန်မတို့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာ “ မည်သူမျှ မကျန်ရစ်စေရ” ဆိုတဲ့မူကို လက်ကိုင်ပြုလို့ ဆောင်ရွက်နေတယ် ထပ်လောင်း အသိပေး ပြောကြားလိုပါတယ်” ဟုလည်း ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းငြိမ်းချမ်းမှု၊ တည်ငြိမ်မှုဆောက်တည်ရေးလုပ်ငန်းများ အထူးလိုအပ်နေဟုလည်း ထပ်လောင်း ပြောကြားသည်။

“ ကျွန်မတို့နိုင်ငံဟာ ရှေးဘိုးဘွားဘီဘင်များ လက်ထက်ကတည်းက တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့ အတူယှဉ်တွဲ နေထိုင်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ မတူညီမှုတွေကို အခြေခံပြီး ညီညွတ်ရေး ဆောက်တည်ခြင်းကို အချိန်ကာလမရွေးလုပ်ဆောင်နေမှာပါ။ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ  ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုဆောက်တည်ရေးလုပ်ငန်းများ အထူးလိုအပ်နေပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကာလအဆက်ဆက် ဖြစ်တည်နေခဲ့သည့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့မှုများ၊ ပဋိပက္ခများ၊ မတည်ငြိမ်မှုများမှာ  စိန်ခေါ်မှုများ အနေဖြင့်  ရှိနေပြီး၊ ၎င်းစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်  အစိုးရ အဖွဲ့ အနေဖြင့်  စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ မည်သည့် လုပ်ငန်းမဆို အခက်အခဲ အတားအဆီးနှင့် မကင်းနိုင်ပါကြောင်း၊ မည်မျှပင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်၊ တည်ငြိမ်အေးချမ်းရန် လုပ်ချင်ပါသည်ဟု ဆိုဆို အဟန့်အတားများ အမြဲ ကြုံတွေ့နေရမည်ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်မတို့ အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ် ဖွံ့ဖြိုးရေးတွေကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလတွေ အတောအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးမြှင့် ပေါ်ပေါက် လာခဲ့ပါတယ်။ ဒါ့ပြင် အခု ကမ္ဘာတစ်ဝန်းကြုံတွေ့နေရတဲ့ Covid-19 ကူးစက်ရောဂါရဲ့ ဒုတိယလှိုင်းလို့ သတ်မှတ်ရမယ့် တိုက်ခိုက်မှုဒဏ်ကိုလည်း ရခိုင်ပြည်နယ် အပါအဝင် ကျွန်မတို့ တွေ့ကြုံနေရပါတယ်။  ဒီအခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့ဆိုရင် အရေးကြီးဆုံးက ကျွန်မတို့ ပြည်သူတွေ စည်းကမ်းတကျ လိုက်နာ ဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာစကားပုံမှာ “ လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်” ဆိုတာရှိပါတယ်။ ရခိုင်ပြည်နယ်မှာမှ မဟုတ်ဘူး။ နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ပဋိပက္ခ ဖြစ်ပွားမှုတွေ၊ ရောဂါကျရောက်မှုတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုရင် မြန်မာ တစ်နိုင်ငံလုံးရဲ့ ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ အခက်အခဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ (၈) လပိုင်းတုန်းက ရခိုင်ပြည်နယ်ရဲ့ Covid-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်တဲ့ စကားဝိုင်းမှာ ကျွန်မ ပြောခဲဘူးပါတယ်။ “ ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်ကြ၊ ကြည့်တတ်ကြရပါမယ်။ ဒါမှလည်း ကျွန်မတို့ နိုင်ငံ အဓွန့်ရှည် တည်တံ့ပြီး ကျွန်မတို့ အားလုံး မျှော်မှန်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ကျွန်မတို့ ထူထောင်နိုင်ပြီး အနာဂတ် မျိုးဆက်သစ်တွေကို မှန်ကန်ကောင်းမွန်တဲ့ အမွေအဖြစ် လက်ဆင့်ကမ်း ပေးနိုင်ခဲ့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။  


ခိုင်လူလှ (ရိုးမမြေ)

Narinjara

https://www.facebook.com/narinjara.info

ရခိုင်အရေး သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး ရခိုင်အရေး သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.