ရွေးကောက်ပွဲနေ့ စိတ်လုံလုံခြုံခြံုနဲ့ မဲပေးနိုင် (ဒေါ်အောင်ဆန်းစုကြည်)

Myanmar State Counsellor Office

မြန်မာနိုင်ငံအတွင်း COVID 19 ရောဂါထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် အကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အညီ လုပ်ကိုင်နေတာကြောင့် ရွေးကောက်ပွဲနေ့မှာ စိတ် လုံလုံခြုံခြုံနဲ့ မဲပေးဖို့ အခြေအနေ ရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုလုပ်သလဲဆိုတာလေ့လာထားပါတယ်။ တခြား နိုင်ငံတွေမှာ ကျန်းမာရေးဘက်ကလုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုလုပ်သလဲပေါ့။ ကျွန်မတို့က အချမ်းသာဆုံး နိုင်ငံက မဟုတ်ပေမဲ့လည်း အကောင်းဆုံးအစီအစဉ်တွေကို ကြည့်ပါတယ်။ အစီအစဉ်တွေက အမျိုးမျိုးပါပဲ။ တနေရာနဲ့ တနေရာမတူပါဘူး။ တချို့နေရာတွေမှာဆိုရင်အစီအစဉ်တွေကပိုပြီးစိတ်ချရတယ်လို့ ပြောရမှာပေါ့။ တချို့နေရာတွေကျတော့ သိပ် စိတ်ချရတဲ့ ပုံစံမရှိပါဘူး။ ကျွန်မတို့ကအကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပြီး ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကျွန်မတို့နိုင်ငံရဲ့ အရင်းအမြစ်ရှိတဲ့ အတိုင်းအတာနဲ့ ဆိုရင် ဘယ်လို ပုံစံနဲ့လုပ်ရမလဲဆိုတာ သေသေချာချာ စဉ်းစားပြီးတော့လုပ်တာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေရှိပါတယ်လို့ကျွန်မပြောချင်ပါတယ်။ မဲပေးဖို့လည်း တိုက်တွန်းပါတယ်။”

နိုင်ငံတွင်း COVID – 19ရောဂါဖြစ်ပွါးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့မနေ့က ပြည်သူတွေကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်း မှာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကိစ္စကိုလည်း ထည့်သွင်း ပြောကြားသွားတာပါ။

ရွေးကောက်ပွဲကျင်းပဖို့ အတွက် လိုအပ်တာတွေပြင်ဆင်ထားပြီးဖြစ်သလို ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေး အကာ အကွယ် ပစ္စည်းတွေကိုတရုတ်နိုင်ငံကနေ နေ့စဉ်လေကြောင်းနဲ့ လက်ခံရယူပြီး တနိုင်ငံလုံးကို ဖြန့်ဝေပေးဖို့လည်း ပြည့်ပြည့်စုံစုံ စီစဉ်ထားတယ်လို့ ပြောပါတယ်။ကပ်ရောဂါနဲ့ပတ်သက်လို့ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို သိရှိ ရုံ သာမက အမှန် တကယ်လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာနိုဝင်္ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းနေချိန်မှာပဲ မနေ့က COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၄၂၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက် သူပေါင်း ၄၆,၂၀၀ ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးခဲ့တာမှာ အခု လိုကူးစက်သူ ၁,၄၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။

မနေ့က သေဆုံးသူ ၂၇ ယောက်ရှိတဲ့အတွက် COVID – 19ကြောင့် သေဆုံး သူ ပေါင်း ၁,၁၂၂ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၆၂၀, ၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အတည်ပြုထားတဲ့ လူနာ ၄၆, ၀၀၀ ကျော်ထဲ ပြန်ပြီး ကျန်းမာလာတဲ့သူ ၂၆,၀၀၇ ယောက်ရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-election-during-covid-/5637003.html

ရွေးကောက်ပွဲနေ့ စိတ်လုံလုံခြုံခြံုနဲ့ မဲပေးနိုင် (ဒေါ်အောင်ဆန်းစုကြည်) ရွေးကောက်ပွဲနေ့ စိတ်လုံလုံခြုံခြံုနဲ့ မဲပေးနိုင် (ဒေါ်အောင်ဆန်းစုကြည်) Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.