ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်


၃၀ အောက်တိုဘာ

မိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေး တွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခု အပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့ သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ နည်းလမ်းကောင်း လေးတွေ မျှဝေပေးလိုပါတယ်။

ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

•ပျားရည်

ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။

•အရည်ပူပူလေးတွေ သောက်ပေးပါ။

ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် ရေနွေးအဖြူကို ပူပူလေး သောက်ပေးပါ။ တစ်နေကုန် တစိမ့်စိမ့်သောက်နေတာက လည်ချောင်းထဲက ချွဲတွေပျော်စေသလို ချောင်းဆိုးရလွန်းလို့ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။

•ချင်း

ချင်းက လေပြွန်ကြွက်သားတွေကို ပြေလျော့စေတာကြောင့် လေပြွန်ကျဉ်းတာကို သက်သာစေပါတယ်။ ချင်းကို အစိမ်းအတိုင်းပဲ ဝါးပေးနိုင်သလို၊ ချင်းပြုတ်ရည်လေးကို ပျားရည်လေးထည့်ပြီး ပူပူလေး သောက်ပေးလို့လည်း ရပါတယ်။

•ရေ

ချောင်းဆိုးနေတဲ့အချိန်ဆို သာမန်ထက် ရေများများ သောက်ပေးသင့်ပါတယ်။ လည်ချောင်းထဲကို ရှင်းသွားစေတဲ့အပြင် ချောင်းဆိုးရလို့ လည်ပင်းနာတာလည်း သက်သာစေပါတယ်။ ဒါ့ပြင် တစ်ကိုယ် လုံးမှာ ရေဓာတ်ပြည့်ဝနေတဲ့အတွက် ချွဲသလိပ်တွေလည်း ကျဲသွားပါတယ်။ သူ့ဟာသူ ပျော်ကျသွားတဲ့ အတွက် အားသုံးပြီး ဟပ်ထုတ်စရာတောင် မလိုတော့ပါဘူး။

•ရေနွေးငွေ့ရှူပါ။

နှာခေါင်းပိတ်ရင် ရေနွေးငွေ့ရှူလို့ရသလို ချောင်းဆိုးရင်လည်း ရှူလို့ရပါတယ်။ ရေနွေးငွေ့က အသက်ရှူ လမ်းကြောင်းတစ်လျှောက်ကို စိုစွတ်စေလို့ ချောင်းချောက်ဆိုးတာ သက်သာစေပါတယ်။ ဒါ့ပြင် ချွဲတွေကိုလည်း ပျော်စေပါတယ်။ ကြိုက်နှစ်သက်ရင် ရေနွေးထဲကို ပရုတ်ဆီထည့်ပြီး ရှူလို့ရပါတယ်။

•နှာခေါင်းကို သန့်စင်ပါ။

တချို့က နှာစေးရာက ချွဲတွေ အသက်ရှူလမ်းကြောင်းထဲရောက်ပြီး ချောင်းဆက်ဆိုးတာပါ။ ဒါကြောင့် နှာရည်တွေကို ရှင်းထုတ်ပစ်မှ နောက်က ချောင်းဆိုးတာ သက်သာမှာပါ။ ဒါကြောင့် နှာခေါင်းကို ရေကြက်သီးနွေးနဲ့ ကျင်းပစ်ပြီး နှာရည်တွေ ထုတ်ပစ်ပါ။

•ပရုတ်ဆီ

ဒါအလွယ်ဆုံးနည်းပါပဲ။ ပရုတ်ဆီ လက်တစ်ကလော်လောက်ကို လက်ဖဝါးထဲထည့်ပြီး ပွတ်ရှူလိုက်ပါ။ ပရုတ်ဆီမှာပါတဲ့ menthol (မန်သော်)က အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အသက်ရှူရကောင်း စေပါတယ်။ ဒါ့ပြင် ချွဲကိုလည်း ပျော်စေပါတယ်။ ကလေးတွေဆိုရင်လည်း ရင်ဘတ်မှာ နည်းနည်း လူးထားပေးရင် အနံ့ကို ရှူနေရတာကြောင့် အရင်ကထက် ချောင်းဆိုးတာ သက်သာလာမှာပါ။

•ဆားရည်နဲ့ အာလုပ်ကျင်းပါ။

ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းတာက လည်ချောင်းက အချွဲတွေကို ပျော်စေသလို ယားယံတာကိုလည်း သက်သာစေပါတယ်။ သာမန်ပလုပ်ကျင်းသလို မဟုတ်ဘဲ လည်ချောင်းထဲထ ိရောက်အောင် သေချာ အာလုပ်ကျင်းကြည့်ပါ။

•ဆေးဝါးတွေ မှီဝဲချင်တယ်ဆိုရင်

လူကြီးတွေအနေနဲ့ကတော့ ချောင်းဆိုးပျောက်ငုံဆေးတွေ၊ လည်ပင်းနာသက်သာစေတဲ့ ငုံဆေးတွေ ငုံပေးနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေး စသဖြင့် ဆေးဆိုင်မှာ မေးဝယ်ပြီး ရက်တို သောက်နိုင်ပါတယ်။ ဓာတ်မတည့်လို့ ချောင်းဆိုးတာဆိုရင်တော့ ဓာတ်မတည့်ဖြေဆေး (ဥပမာ cetirizine လိုမျိုး) သောက်ပေးနိုင်ပါတယ်။ ကလေးဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးမတိုက်စေချင်ပါဘူး။

ဘာတွေ ရှောင်ကြဉ်ရမလဲ။

•ချောင်းဆိုးနေတယ်ဆို တခြားလူတွေနဲ့ ရောမနေပါနဲ့။ သပ်သပ်နေပါ။ ဝေးဝေးနေပါ။

•မကြာခဏ လက်ဆေးပါ။

•ဓာတ်မတည့်တာကြောင့်ဆိုရင် ဓာတ်မတည့်စေတဲ့ အကြောင်းအရင်းကို ဖယ်ရှားပါ။

•ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချိုလွန်းတာတွေ၊ အဆီများတာတွေ၊ အရက် စတာတွေကို ခဏရှောင်ထားပါ။

ဒီလိုအခြေအနေတွေဆိုရင်တော့ ဆေးခန်းသွားပြပါ။

•ချောင်းဆိုးတာ ၄-၅ရက်လောက် ကြာနေပြီဆိုရင်

•ချွဲမှာ အရောင်တွေပါလာပြီဆိုရင်

•အဖျားနဲ့ တွဲလာပြီဆိုရင်

•လူက နေလို့မကောင်းတော့ဘူးဆိုရင်

•ကလေးတွေမှာ အသက်ငယ်လွန်းရင်၊ အဖျားနဲ့ တွဲဖြစ်ရင်၊ ကလေးက အသက်ကို အားစိုက်ရှူ နေရပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး သေသေချာချာ ကုသမှု ခံယူသင့်ပါပြီ။

ဒီအိမ်တွင်းနည်းလမ်းတွေက ဆရာဝန်မပြနိုင်ခင် စပ်ကြားမှာ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေပါ။ တတ်နိုင်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးစောင့်ရှာက်မှုခံယူတာက အကောင်းဆုံးပါပဲ။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win

https://www.facebook.com/MyanmarDigitalNews

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် Reviewed by THITHTOOLWIN on 18:41 Rating: 5

No comments:

Powered by Blogger.