တောင်ကုတ်မြို့တွင် စကောတီးပြီးမကောင်းဆိုးဝါးနှင်ထုတ်ခဲ့သည့် အဒေါ်နှင့်တူဖြစ်သူတို့ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရ


နိရဥၥရာ၊ ေအာက္တိုဘာ ၁၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင် ယမန်နေ့ ည ၉ နာရီခန့်က စကောတီး၍ မကောင်းဆိုးဝါးများကို နှင်ထုတ်ခဲ့သည့် အဒေါ်ဖြစ်သူနှင့်တူဖြစ်သူတို့ နှစ်ဦးကို ရဲက ဆူပူမှုဖြင့် ဖမ်းဆီးခဲ့ပြီး တစ်ညထိန်းသိမ်းခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဒေါ်ခင်ဝင်းကြည်(၄၉) နှစ်နှင့် သူမ၏ တူဖြစ်သူ ကိုမောင်ဖြူ(၂ဝ)နှစ်တို့ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့မှ ဆူပူမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ နံနက်က ခံဝန်လက်မှတ်ထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်ခင်ဝင်းကြည်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“အဒေါ်က စကောတီးလို့ ပြီးတဲ့ အချိန် ခြံတံခါးပိတ်မယ်ဆိုပြီး ဆင်းတဲ့အခါမှာ ဂျိုင်းကြားထဲမှာ မေ့ပြီး  စကောကညှပ်ပါလာတယ်။ အဲဒီမှာ ဝင်ဖမ်းတာပါ။ နင့်ကို ဘယ်သူက တီးခိုင်းတာလဲလို့ မေးတယ်။ အဒေါ်က သူများတီးလို့ လိုက်တီးတာပါလို့ပြောလိုက်တယ်။ ဒါက ရခိုင်တွေမှာ မကောင်းဆိုးဝါးနှင်ရင် ဒီလိုတီးကြတာကို။ အခုလည်း မကောင်းဆိုးဝါးနှင်လို့ တီးကြတယ်ထင်ပြီး အဒေါ်လည်း တီးတာပေါ့။အဒေါ်တူကိုတော့ ဒီနေ့မနက်က ရဲကခေါ်စစ်တာပါ။ နှစ်ယောက်လုံးခံဝန်လက်မှတ်ထိုးခဲ့ရတယ်။ ဘာမှ မပြောချင်တော့ပါဘူး။ ကိုယ့်မှာ သူတို့က စကောကြီးနဲ့တန်းပြီး တွေ့သွားတာကို ဘာပြောလို့ရတော့မလဲ” ဟု ပြောသည်။

တောင်ကုတ်မြို့တွင်လည်း ရပ်ကွက်တချို့တွင် စကောတီးခတ်ခဲ့ကြောင်း၊ ကံပိုင်ရပ်ကွက်လည်း တစ်ပိုင်းလုံးတီးခတ်ကြသဖြင့် သူများတီး၍ စကောလိုက်တီးခဲ့ခြင်းသာဖြစ်ကြောင်း သူမက ပြောသည်။

ကံပိုင်ရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးအုန်းထွန်းက ယနေ့ နံနက် ၁၁ နာရီခန့်က တောင်ကုတ်မြို့မ ရဲစခန်းတွင် ခံဝန်ချက်လက်မှတ်ထိုးကာ ပြန်ခေါ်လာခဲ့ကြောင်း ပြောသည်။

“ မနေ့က ကင်းလှည့်တဲ့အထဲမှာတော့ ဦးလေးပါမသွားဘူး။ တီးတဲ့ အမေရော တူရောကို ဖမ်းသွားတာပါ။ သူတို့နှစ်ယောက်ကို ဖမ်းသွားတယ်လို့ သိရလို့ ဒီနေ့မနက်က ခံဝန်သွားထိုးပေးခဲ့တယ်။ ရိုက်နှက်တာတွေ မရှိပါဘူး။ သူတို့ အိမ်ပြန်ရောက်သွားပါပြီ။ သူတို့က ဆူပူမှုနဲ့ ခေါ်သွားတာလို့ ပြောတယ်”ဟု ပြောသည်။

ယမန်နေ့ညက တောင်ကုတ်တွင် ရဲတပ်ဖွဲ့ လုံခြုံရေးအများကြီးချထားခဲ့ပြီး စကောနှင့် အတူတွေ့ရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးကပြောသည်။

“မနေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းဖက်တွေမှာလည်း  အဲဒီလို စကော တီးကြတယ်လို့ ကြားတယ်။ ဒီမှာတော့ သူတို့တီးတာက ထူးခြားဖြစ်စဉ်လိုမျိုးဖြစ်သွားသလိုပဲ။ အဲဒီ အမျိုးသမီးက စကောတီးပြီး မကောင်းဆိုးဝါး မိစ္ဆာတွေထွက်ထွက်ဆိုပြီး အော်တယ်ပြောတယ်။ ဒါက ကျွန်တော်တို့ ရခိုင်တွေရဲ့ ဓလေ့တစ်ခုပဲလေ။ မကောင်းဆိုးဝါးနှင်တဲ့ ဓလေ့တစ်ခုပဲ။ စကောတီးလို့ ဖမ်းတယ်လို့ကြားတယ်” ဟု သူကဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ စစ်တွေ၊ မြောက်ဦး၊ မင်းပြား အပါအဝင် မြို့အတော်တော်များများနှင့် ကျေးရွာများတွင်  အောက်တိုဘာ ၁၁ ရက်နေ့ ည ၉ နာရီတွင် စကောများ၊ သံပုံးများ မိနစ် ၂ဝ ခန့် တီးခတ်ကာ ရခိုင်ပြည်သူ လူထုအပေါ်တွင် မတရားဖမ်းဆီး၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့် အဖွဲ့အစည်းများထွက်သွားကြရန် နှင်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အပေါ် အမှောင်ကျရောက်နေမှုကို ဖယ်ရှားရေးအတွက် မကောင်းဆိုးဝါးနှင်သည့် စကောခတ် လှုပ်ရှားမှုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်၍ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယမန်နေ့ ညက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက မီဒီယာများသို့ ပြောဆိုသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

တောင်ကုတ်မြို့တွင် စကောတီးပြီးမကောင်းဆိုးဝါးနှင်ထုတ်ခဲ့သည့် အဒေါ်နှင့်တူဖြစ်သူတို့ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရ တောင်ကုတ်မြို့တွင် စကောတီးပြီးမကောင်းဆိုးဝါးနှင်ထုတ်ခဲ့သည့် အဒေါ်နှင့်တူဖြစ်သူတို့ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.