ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန်

၂၀၂၀ မတ်လ ၆ ရက်နေ့က ရှမ်းပြည်‌‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် တပ်မတော်သားတချို့ကို တွေ့ရစဉ်။

အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် မေလကတည်းက စတင်‌ကြေညာခဲ့တဲ့ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က တစ်လတစ်ကြိမ် လစဉ်ပုံမှန် သက်တမ်းတိုးလာခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်မှာလည်း နိုဝင်ဘာလကုန် ၃ဝ ရက်နေ့အထိ ထပ်ပြီး သက်တမ်းတိုးလိုက်တာပါ။

ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့နဲ့၊ လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး ထပ်ပြီး သက်တမ်းတိုးလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ ရခိုင့်တပ်တော် (AA) လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာတော့ ဒီအပစ်အခတ်ရပ်စဲရေး ကြေညာချက်က သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

တပ်မတော်ဘက်က တစ်ဘက်သတ် အပစ်အခတ်ရပ်မယ့်ဒေသတွေထဲ AA လှုပ်ရှားနယ်မြေတွေကို မထည့်ထားတာဟာ အစိုးရ တာဝန်ရှိသူတွေနဲ့ တပ်မတော်တို့ ညှိနှိုင်းဆုံးဖြတ်ထားတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

တပ်မတော်ဘက်က ဒီလိုတစ်ဘက်သတ် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ထားပေမယ့် တချို့ဒေသမှာ တိုက်ပွဲတွေ ရှိနေဆဲပါ။

စက်တင်ဘာလ ၂၃ ရက်နေ့ကနေ အောက်တိုဘာ ၂၀ ရက်နေ့အထိ RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အကြိမ် ၃၀၊ MNDAA၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့  ၁၀ ကြိမ်၊ TNLA အဖွဲ့နဲ့  ၈ ကြိမ် ဖြစ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာလနှောင်းပိုင်းအတွင်းမှာ MNDAA၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့  လေးကြိမ်၊ TNLA အဖွဲ့နဲ့ သုံးကြိမ်၊ MNDAA အဖွဲ့နဲ့ နှစ်ကြိမ် အပါအဝင် စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ခဲ့တာကြောင့် ဒီလအတွင်း တိုက်ပွဲဖြစ်ပွားနှုန်းဟာ ပြီးခဲ့တဲ့လထက် အဆပေါင်းများစွာ ပိုများတာလည်းဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က လစဉ်ထုတ်ပြန်ပြောဆိုတဲ့ တိုက်ပွဲဖြစ်ပွားနှုန်းတွေထဲမှာ ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားမှု နှုန်းတွေကိုတော့ ထည့်သွင်းရေတွက်လေ့ မရှိပါဘူး။

တပ်မတော်က အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင့်တပ်တော်ရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာ နေ့စဉ်ဆိုသလို တိုက်ပွဲတွေရှိနေဆဲပါ။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့ကအထိ သေဆုံးတဲ့ အရပ်သား ၃၀၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၆၈၁ ဦးအထိ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Myanmar-Military-extend-ceasefire-10302020075215.html

ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန်  ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.