လေထဲက လောင်စာ ဘယ်လို ထုတ်လို့ရနိုင်သလဲ



Share/Bookmark
ရေကို ဓာတ်ပြောင်း အကူ အင်ဇိုင်း ဒြပ်တွေ အသုံးပြုပြီး နေရောင်ခြည်အားကိုးနဲ့ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင် ခွဲထုတ်ခြင်းအားဖြင့် ဟိုက်ဒရိုဂျင် လောင်စာရအောင် ထုတ်ဖို့ ကြိုးစားနေ

ကမ္ဘာပေါ်မှာ လူတွေ သွားလာလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ထက် အများကြီးပိုပြီး နေရောင်ခြည်က စွမ်းအင် ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

ဒါပေမဲ့ လူတွေ အနေနဲ့ နေက ပေးသလောက် စွမ်းအင်အကုန်လုံးကို အပြည့်အဝ အသုံးချနိုင်စွမ်း မရှိသေးဘူးလို့ ကိန်းဘရစ်(ဂျ်) တက္ကသိုလ်က စွမ်းအင်နဲ့ တာရှည်ခံ အသုံးချနိုင်ခြင်းဆိုင်ရာ ပါမောက္ခ အာဝင် ရိုက်စနာက ဆိုပါတယ်။

သူဟာ အခုလို ကမ္ဘာ့လေထုထဲမှာ အခမဲ့ရနေတဲ့ နေစွမ်းအင်ကို အပြည့်အဝ ပြန်သုံးနိုင်ဖို့လုပ်နေတဲ့ သုတေသနအဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

နေရောင်ခြည်ကနေ လျှပ်စစ်အပြင် နောက်ထပ် ဘယ်လိုစွမ်းအင် ထုတ်လို့ရသလဲ ဆိုတာကို စဉ်းစားရှာဖွေသင့်တယ်လို့ ပါမောက္ခ ရိုက်စနာ ပြော

နေရောင်ခြည်က ဘယ်လိုစွမ်းအင်တွေ ထုတ်လုပ်နိုင်သလဲ

လတ်တလော ကာလမှာ နေရောင်ခြည်စွမ်းအင်ကို ဖမ်းယူအသုံးပြုနိုင်တဲ့ ဆိုလာပြားထုတ်တဲ့ နည်းပညာတွေ ကြီးကြီးမားမား တိုးတက်လာတဲ့အပြင် ဈေးချိုချိုနဲ့ စွမ်းအင်များများ စုပ်ယူလာနိုင်တယ် ဆိုပေမယ့်လည်း အဲဒီကနေ လျှပ်စစ်စွမ်းအင်ကိုသာ ထုတ်လုပ်နိုင်သေးပါတယ်။

လက်ရှိကာလမှာ ရေနံ အစရှိတဲ့ အရည်အသွင် သိုလှောင်ထားလို့ရတဲ့ လောင်စာ စွမ်းအင်လိုအပ်ချက်က ကြီးမားနေသေးတဲ့အတွက် နေရောင်ခြည်စွမ်းအင်ကို ဆိုလာပြားကတဆင့် လျှပ်စစ်ထုတ်တာထက်ပိုပြီး အသုံးချနိုင်အောင် လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

တကမ္ဘာလုံးရဲ့ လက်ရှိ စွမ်းအင်အသုံးပြုမှု အချိုးအစားကို ကြည့်မယ်ဆိုရင် လျှပ်စစ်စွမ်းအင်က ၂၀-၂၅ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါကြောင့် ဆိုလာပြားတွေကနေ အဲဒီ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဆိုရင် နောက်ထပ် ဘယ်လိုစွမ်းအင် ထုတ်လို့ရသလဲ ဆိုတာကို စဉ်းစားရှာဖွေသင့်တယ်လို့ ပါမောက္ခ ရိုက်စနာက ဆိုပါတယ်။

အပင်တွေဟာ နှစ်သန်းပေါင်းများစွာ ဆင့်ကဲဖြစ်စဉ်နဲ့အတူ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို ဘယ်လိုစုပ်ယူ သိုလှောင် အသုံးပြုရမယ်ဆိုတာကို လေ့လာသင်ယူထားတယ်လို့ ပြောနိုင်တဲ့အတွက် အပင်တွေရဲ့ အလုပ်လုပ်ပုံကို အများကြီး အတုယူလို့ရတယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန် မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က တပိုင်းလျှပ်ကူးပစ္စည်း semiconductors တွေ အသုံးပြု နေရောင်ခြည်ဖမ်းယူပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ကနေ လောင်စာဖြစ်အောင် ထုတ်ဖို့ ကြိုးစားနေ

အပင်တွေရဲ့ နေစွမ်းအင် အသုံးပြုမှုကို လူတွေက ဘယ်လို အတုယူနိုင်သလဲ

အပင်တွေဟာ အမြစ်က စုပ်ယူလိုက်တဲ့ ရေနဲ့၊ လေထဲကပဲ စုပ်ယူလိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်လို ကုန်ကြမ်းတွေကို ရပါတယ်။ အဲဒီကနေ သူတို့ကြီးထွားဖို့လိုတဲ့ ကုန်ချော ကစီဓာတ်အဖြစ် ပြောင်းနိုင်အောင် နေရောင်ခြည်စွမ်းအင်ကို အရွက်တွေကတဆင့် စုပ်ယူ အသုံးပြုတာ ဖြစ်ပါတယ်။

အပင်တွေရဲ့ နေရောင်ခြည်စွမ်းအင် စုပ်ယူပုံကို အတုယူရာမှာ သူတို့လိုပဲ ကစီဓာတ် လိုက်ထုတ်လို့ရတယ်ဆိုပေမယ့် ဒီလိုမထုတ်ဘဲ လူတွေအတွက် ထိထိရောက်ရောက် အသုံးပြုလို့ရမယ့် စွမ်းအင်တမျိုးမျိုး ထုတ်လို့ရအောင် လုပ်နိုင်တယ်လို့ ပါမောက္ခ ရိုက်စနာက ဆိုပါတယ်။

တကယ်တမ်း အပင်တွေရဲ့ နေရောင်ခြည်ကို စွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်တဲ့ ပမာဏကလည်း ထိထိရောက်ရောက် မရှိလှဘဲ ရနိုင်တဲ့ စွမ်းအင်ရဲ့ တစ် ဒါမှမဟုတ် နှစ် ရာခိုင်နှုန်းလောက်ကိုပဲ သူတို့အတွက် ကစီဓာတ်ရအောင် စုပ်ယူ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

လူတွေကလည်း အလားတူ နေရောင်ခြည်သုံးပြီး ကစီဓာတ်လိုက်ထုတ်မယ်ဆိုရင် ရနိုင်တဲ့ စွမ်းအင်ရဲ့ ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းကြား စုပ်ယူထုတ်လုပ်နိုင်မှ ထုတ်လုပ်စရိတ်နဲ့ ပြန်ကာမိမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက လေ့လာ ဆုံးဖြတ်ထားပါတယ်။

ပါမောက္ခ ရိုက်စနာနဲ့အဖွဲ့ကတော့ နေရောင်ခြည်ကနေ စွမ်းအင်အမျိုးမျိုး ထုတ်ကြည့်ဖို့ ကြိုးစားနေပြီး အဲဒီအထဲမှာ နေရောင်ခြည်ရဲ့ အကူအညီနဲ့ ရေကို ဓာတ်ပြောင်း အကူ အင်ဇိုင်း ဒြပ်တွေ အသုံးပြုပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင် ခွဲထုတ်ခြင်းအားဖြင့် အဓိက ဟိုက်ဒရိုဂျင် လောင်စာရအောင် ထုတ်လုပ်တဲ့ နည်းလမ်းလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ဟိုက်ဒရိုဂျင် ထိထိရောက်ရောက် ထုတ်နိုင်ဖို့တော့ ခက်ခဲနေသေးပြီး ဓာတ်ငွေ့အဖြစ် ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ကို သိုလှောင်ဖို့ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ရဲ့ လတ်တလော စမ်းသပ်မှုကတော့ ရေရယ်၊ လေထဲကရတဲ့ နေရောင်ခြည်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ရယ်တို့ကို အောက်စီဂျင်နဲ့ ဖောမစ် အက်ဆစ် အဖြစ် အသွင်ပြောင်းပေးနိုင်တဲ့ စက်ငယ်တခု ဖန်တီးမှု ဖြစ်ပါတယ်။

အဲဒီ အောက်စီဂျင်နဲ့ ဖောမစ် အက်ဆစ်တို့ ပေါင်းလိုက်ရင် စွမ်းအင် ပါဝင်မှုနှုန်းမြင့်တဲ့ အရည်အသွင် သိုလှောင်ထားနိုင်တဲ့ လောင်စာစွမ်းအင် တမျိုးရမယ်လို့ ဆိုပါတယ်။

ပါမောက္ခ ရိုက်စနာနဲ့ အဖွဲ့တို့ ဖန်တီးထားတဲ့ အဲဒီစက်ကို ရေ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ နေရောင်ခြည်ဖမ်းယူတဲ့ စက်ပြားတခုတို့ ပေါင်းစပ်ဖွဲ့စည်းထားပြီး ဝင်လာတဲ့ နေရောင်ခြည်ဟာ အဲဒီစက်ပြားကို အီလက်ထရွန်တွေ ထုတ်လုပ်စေခြင်းအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့တကွ ရေထဲက ပရိုတွန်တို့ ပူးပေါင်းသွားပြီး နောက်ဆုံးမှာ ဖောမစ်အက်ဆစ် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

အဲဒီ စက်အပြားကို စက္ကူလောက်ပါးတဲ့ အလွှာပါးလေးတွေနဲ့ ဖွဲ့စည်းထားပြီး ဒီစက်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား အဆင့်မြှင့်နိုင်ခဲ့တာကတော့ သူ့ကိုမောင်းနှင်ဖို့အတွက် သီးခြားစွမ်းအင် ထောက်ပံ့ပေးထားစရာ မလိုတဲ့အပြင် ဖောမစ်အက်ဆစ် ထွက်လာအောင် ကူညီပေးရမယ့် အင်ဇိုင်းဒြပ်တွေ ထပ်ထည့်ပေးစရာလည်း မလိုတဲ့အထိ တိုးချဲ့ တီထွင်နိုင်ခဲ့တာပဲ ဖြစ်တယ်လို့ ပါမောက္ခ ရိုက်စနာက ပြောပါတယ်။

အပင်တွေကို အတုယူပြီး နေရောင်ခြည်က စွမ်းအင်ထုတ်လုပ်ရာမှာ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့ကြားက ဒီလိုထုတ်လုပ်မှုအတွက် အမေရိကန် စွမ်းအင်ဝန်ကြီးဌာနလို နိုင်ငံကြီးတခုက နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံမှု ရှိနေပြီး ငါးနှစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းတရာ (ပေါင်ငွေ ၇၆သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာထားပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီးဌာနဟာ ဒီရင်းနှီးမြှုပ်နှံမှုကို အပိုင်းနှစ်ပိုင်းခွဲပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး Chase လို့ ခေါ်တဲ့ ပထမတပိုင်းကတော့ လက်တွေ့ကျကျ အနေနဲ့ ပါမောက္ခ ရိုက်စနာတို့လုပ်နေတဲ့ ပုံစံနဲ့ ဆင်တူယိုးမှားလို့ ဆိုနိုင်တဲ့ တပိုင်း လျှပ်ကူးပစ္စည်း semiconductors တွေ အသုံးပြု နေရောင်ခြည်ဖမ်းယူပြီးရင် တခြား ဓာတ်ပြုပေးတဲ့ အထောက်အကူ ပစ္စည်းတွေရဲ့ အကူအညီနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကနေ လောင်စာဖြစ်အောင်ထုတ်တဲ့ အပိုင်း ဖြစ်ပါတယ်။

Lisa လို့နာမည်ပေးထားတဲ့ ဒုတိယတပိုင်းကတော့ သဘောတရားအပိုင်း ဦးစားပေးတယ်လို့ ဆိုနိုင်ပြီး ပထမအပိုင်းမှာလုပ်တဲ့ စွမ်းအင်ထုတ်လုပ်မှု အဆင့်ဆင့်ကို ပိုပြီး အဆင့်မြင့်အောင် စမ်းသပ်ကြည့်တဲ့ သုတေသနပိုင်း ဖြစ်တယ်လို့ ဒီစီမံကိန်းအပိုင်းကို ဦးဆောင်တဲ့ ကယ်လဖိုးနီးယား နည်းပညာတက္ကသိုလ် Caltech က ပါမောက္ခ ဟယ်ရီ အက်ဝါတာက ပြောပါတယ်။

အခုလို ဘက်စုံ ရင်းနှီးမြှုပ်နှံပြီး စမ်းသပ်မှုတွေလည်း လုပ်နေပေမယ့် တကယ် လက်တွေ့အသုံးချနိုင်တဲ့ ပုံစံထွက်လာဖို့ကတော့ အချိန်ယူရနိုင်ပြီး ရရှိတဲ့ အချက်အလက်တွေအားလုံးကို စုပေါင်းထည့်သွင်း အသုံးပြုနိုင်တဲ့ စနစ်တခုထွက်လာဖို့က ပိုပြီး အချိန်ယူရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းစိုက်ပျိုး ထုတ်လုပ်ရေး Light harvesting လို့ ဆိုနိုင်တဲ့ ဒီစီမံကိန်းမှာ နေရောင်ခြည် စုပ်ယူတဲ့အပိုင်း၊ ရတဲ့ နေရောင်ခြည်ကို တခြား ဓာတ်ပြုအထောက်အကူ ပစ္စည်းတွေနဲ့ စွမ်းအင်ထွက်အောင် နှိုးဆွတဲ့အပိုင်းနဲ့ ဒီစနစ်တခုလုံး လည်ပတ်မှု ချောမွေ့အောင်လုပ်တဲ့အပိုင်းတွေကို ဟန်ချက်ညီတဲ့ တခုတည်းသော စနစ်ဖြစ်အောင် တည်ဆောက်ရတာ အချိန်ယူရတယ်လို့ Chase စီမံကိန်းရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်သူ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က ပါမောက္ခ ဂျီလီယန် ဒန်းမ်ဆေးက ပြောပါတယ်။

ဒီလို အချိန်ယူရတဲ့အပြင် ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ဓာတ်ပြု အထောက်အကူပစ္စည်း အမျိုးအစားတွေက တန်ဖိုးကြီးတာ၊ ထွက်လာတဲ့ စွမ်းအင်နဲ့ ထုတ်လုပ်စရိတ် မကာမိတာ အစရှိတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပဲ နေရောင်ခြည်မှာ ဓာတ်ရောင်ခြည်သင့်စေတဲ့ ဓာတ်လည်းပါတဲ့အတွက် ထုတ်လုပ်ရေး ပစ္စည်းတွေ အကြမ်းခံနိုင်ရေး ထည့်သွင်းစဉ်းစားရတာလည်း ရှိပါတယ်။

ဒီလို အခြေအနေတွေရှိနေတာကြောင့် အလင်းက စွမ်းအင်ထုတ်တဲ့ စီမံကိန်းအသုံးပြုပြီး အရည်အသွင် လောင်စာ ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်သက်သာမှု မရှိသေးပေမယ့် နောင်အနာဂတ်မှာ ရေနံရှားပါးလို့ ဈေးတက်လာပြီး တဖက်မှာလည်း အလင်းကစွမ်းအင်ထုတ်တဲ့စရိတ် ကျလာမယ်ဆိုရင် တချိန်မှာ လက်တွေ့ အသုံးဝင်လာနိုင်တယ်လို့ ပါမောက္ခ ရိုက်စနာက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က နေရောင်ခြည်က လျှပ်စစ်စွမ်းအင်ထုတ်တာနဲ့ ပတ်သက်တဲ့ အနာဂတ်ဟောကိန်းတွေကို ကြည့်မယ်ဆိုရင် အနည်းဆုံး မှန်းထားပြီး ပြောဆိုခဲ့တာတွေတောင် တကယ်ဖြစ်လာတဲ့ အခြေအနေနဲ့ တထပ်တည်းမကျလာဘူး ဆိုတာကိုတော့ သူက ဝန်ခံပါတယ်။

ဒါပေမယ့် လက်ရှိ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်လုပ်တဲ့စရိတ်က ၈၅ ရာခိုင်နှုန်းအထိ ကျသွားပြီဆိုတော့ လက်ရှိ အလင်း စိုက်ပျိုး ထုတ်လုပ်ရေး စီမံကိန်းမှာလည်း အလားတူ ထုတ်လုပ်စရိတ် သက်သာလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ ရိုက်စနာက အကောင်းမြင် ပြောဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54608504



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ