ရခိုင်နဲ့ ရှမ်းမဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်ပြန်ဆုံးဖြတ်

မန္တလေးတွင် NLD နဲ့ USDP ပါတီ အပြိုင်မဲဆွယ်နေစဉ်။

Photo: AFP

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ဒေသတွေထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီလိုပယ်ဖျက်လိုက်တာကြောင့် လာမယ့် နိုဝင်ဘာလ(၈) ရက်နေ့မှာ အဲ့ဒီဒေသတွေမှာလည်း ပြန်ကျင်းပခွင့်ရမှာပါ။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကကျေးရွာ အုပ်စု လေးစုဖြစ်တဲ့ အမ်းမြောက်၊ အောက်ကျေးရွာ၊ လုံးကောက်နဲ့ အမ်းတောင်ကျေးရွာအုပ်စု၊ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာအုပ်စုသုံးစုဖြစ်တဲ့ ဂုံးချိန်၊ စစ်တော၊ အဝတောင်ကျေးရွာအုပ်စုတွေကို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်တာပါ။ ဒေသခံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေအရ ဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြန်ဆုံးဖြတ်တာလို့ ကော်မရှင်ကပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာတော့ မူဆယ်မြို့နယ်က တော်ရွက်ရပ်ကွက်၊ လားရှိုးက မယ်ဟန်ကျေးရွာအုပ်စုနဲ့ ကွမ်းလုံက မန်ပြိန်းကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာအုပ်စု (၉၄) စုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသဖြစ်ပေမယ့် ရွေးကောက်ပွဲမကျင်းပတဲ့ ဒေသတွေထဲမှာ ပါဝင်ခြင်းမရှိတာကြောင့် နိုင်ငံရေးပါတီတွေ ဝေဖန်ပြောဆိုပြီးနောက်မှာ အခုလို မကျင်းပနိုင်တဲ့ကျေးရွာတချို့ကို ကော်မရှင်က ထုတ်ပြန်တာပါ။

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မဲဆန္ဒနယ်တချို့ကို ရွေးကောက်ပွဲ ပြန်ကျင်းပမယ်ဆိုပေမယ့်လည်း မြို့လုံးကျွတ်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ်ထဲက (၉) မြို့နယ်ကတော့ အဲ့ဒီထဲမှာမပါသေးပါဘူး။

ရခိုင်ပြည်နယ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ရှမ်းပြည်နယ်က မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ မိုင်းကိုင် စတဲ့ မြို့နယ် ၆ မြို့နယ်လုံး မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ လုံးဝ ကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာထားတာပါ။


RFA Burmese

https://www.rfa.org/burmese/news/uec-election-in-shan-and-rakhine-10272020111239.html

ရခိုင်နဲ့ ရှမ်းမဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်ပြန်ဆုံးဖြတ်  ရခိုင်နဲ့ ရှမ်းမဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်ပြန်ဆုံးဖြတ် Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.