ပဲရစ်က ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရမှုဟာ အစ္စလာမ်စ်အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြင်သစ်သမ္မတပြော

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေး' တဲ့ အတွက် အသတ်ခံခဲ့ရတာလို့ သမ္မတ မက်ခရွန်းကပြော

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် အနောက်မြောက်ပိုင်း ဆင်ခြေဖုံးအရပ်တစ်ခုမှာ ကျောင်းဆရာ တစ်ယောက် မနေ့က ခေါင်းဖြတ်သတ်ဖြတ်ခံရတဲ့အမှုကို ပြင်သစ်သမ္မတ မက်ခရွန်းက "အစ္စလာမ်မစ် အကြမ်းဖက်တိုက်ခိုက်မှု" လို့ ဆိုလိုက်ပါတယ်။

တိုက်ခိုက်ခံရသူဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး အငြင်းပွားစရာဖြစ်နေတဲ့ တမန်တော်မိုဟာမက် ကာတွန်းပုံတွေကို ကျောင်းသားတွေကိုပြသခဲ့တယ်ဆိုတဲ့ သတင်းလည်းထွက်ပါတယ်။ တိုက်ခိုက်သူကိုတော့ ရဲတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ကျောင်းဆရာရဲ့ အမည်ကို အခုအချိန်ထိ မသိရသေးပါဘူး။

သူဟာ အသတ်မခံရခင်ရက်တွေမှာ ခြိမ်းခြောက်ခံရမှုတွေရှိခဲ့လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

မစ္စတာ မက်ခရွန်းက သူဟာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း သင်ကြားပေး" တဲ့အတွက် အသတ်ဖြတ်ခံရတာလို့ ပြောပါတယ်။

"သူတို့ အနိုင်မရစေပါဘူး… ကျွန်တော်တို့ တုံ့ပြန်ဆောင်ရွက်သွားမယ်" လို့ သမ္မတက မှုခင်းဖြစ်ပွားတဲ့ နေရာကနေ ပြောပါတယ်။

ကျောင်းတစ်ကျောင်းအနားမှာ သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုံခြုံရေးအဖွဲ့ဝင်တွေက ဒီအမှုကို စုံစမ်းစစ်ဆေးနေပါပြီ။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ဓားရှည်ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ကြိုးစားစဉ်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ ရဲတွေက သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အသေးစိတ်မထုတ်ပြန်ပေမဲ့ ပြင်သစ် သတင်းဌာနတွေအဆိုအရ အဲဒီလူဟာ အသက် ၁၈ နှစ်အရွယ်ဆိုတာနဲ့ မော်စကိုမှာ မွေးဖွားခဲ့တဲ့ ချေချင်း လူမျိုး တစ်ယောက်ဖြစ်တယ်ဆိုတာ သိရပါတယ်။

သရော်ကာတွန်းတွေရေးသားထုတ်ဝေတဲ့ ချာလီ အက်ဘ်ဒို (Charlie Hebdo) မဂ္ဂဇင်းတိုက် ၂၀၁၅ ခုနှစ်အတွင်းအတိုက်ခိုက်ခံရတဲ့ အမှုကို ပြင်သစ်မှာ စစ်ဆေးစီရင်နေဆဲပါ။

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ် တုန်းကလဲ မဂ္ဂဇင်းတိုက်နားမှာ လူတစ်ယောက်က တခြားသူတွေကို တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အခုဖြစ်ရပ် ဖြစ်ခဲ့ပုံ

ကွန်ဖလွန် စဲန်တန်း နာရင်း အရပ်က လမ်းတစ်ခုပေါ်မှာ အဲဒီ ကျောင်းဆရာကို ဓားရှည်ကြီးကိုင်ဆောင်ထားတဲ့ လူတစ်ယောက်က တိုက်ခိုက်ပြီး ခေါင်းဖြတ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်သူဟာ "အလ္လာဟု အက္ကဘာ" (ဘုရားဟာ အကြီးကျယ်ဆုံး) လို့ အော်ဟစ်ခဲ့တာကို မျက်မြင်သက်သေတွေက ကြားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက သတင်းပို့ပါတယ်။

တိုက်ခိုက်သူ ထွက်ပြေးသွားတယ်လို့ ပတ်ဝန်းကျင်က ပြည်သူတွေက ဒေသခံရဲကို လှမ်းအကြောင်းကြားအသိပေးခဲ့ပါတယ်။

တိုက်ခိုက်တဲ့ အမှုဖြစ်ပွားတဲ့နေရာကို ရဲတွေရောက်လာစဉ်

အဲဒီအမှုဖြစ်တဲ့နေရာနဲ့ အနီးအနားက အဲက်ရပ်နီ အရပ် မှာ ရဲတွေက မသင်္ကာသူကို ရှာတွေ့ခဲ့ပါတယ်။

သူ့ကို လက်နက်ချ အဖမ်းခံဖို့ ရဲတွေက ပြောပေမဲ့ အဲဒီသူက ပြန်ပြီး ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။ နောက် ရဲတွေက သူ့ကို ပစ်လိုက်တဲ့နောက် ခဏအကြာ အဲဒီလူသေဆုံးသွား ခဲ့ပါတယ်။

အဲဒီနေရာတဝိုက်ကို ရဲတွေက ပိတ်ထားပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။

ဥပဒေအရ အရွယ်မရောက်သေးတဲ့ လူငယ်တစ်ယောက်အပါအဝင် လူ ၉ ယောက်ကို ဖမ်းထားကြောင်း တရားရေးဌာန သတင်းရင်းမြစ်တွေက ပြင်သစ်မီဒီယာတွေကို ပြောပါတယ်။ အဲဒီလူတွေထဲမှာ တိုက်ခိုက်သူရဲ့ ဆွေမျိုးတွေလည်း ပါသလို၊ အသတ်ခံရတဲ့ ကျောင်းဆရာသင်တဲ့ ကျောင်းမှာ တက်နေတဲ့ ကလေး တစ်ယောက်ရဲ့ မိဘတွေလည်းပါတယ်လို့ သိရပါတယ်။

အသတ်ခံခဲ့ရသူဟာ ဘယ်သူလဲ

အသတ်ခံရသူဟာ သမိုင်းနဲ့ ပထဝီဝင်ဘာသာရပ်တွေကို သင်ကြားပေးတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မိုဟာမက် ကာတွန်းနဲ့ ဆက်စပ်ကာ လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်းကို အတန်းထဲမှာ ပြောပြခဲ့ဖူးတယ်လို့ လယ် မွန် (Le Monde) သတင်းစာက ရေးပါတယ်။ ချာလီ အက်ဘ်ဒို မဂ္ဂဇင်းက အဲဒီ ကာတွန်းကို ပုံနှိပ်ဖော်ပြခဲ့တုန်းက မွတ်ဆလင်အသိုင်းအဝိုင်း တချို့ကြားမှာ ဆူဆူညံညံ ဝေဖန်သံတွေ ထွက်ခဲ့ဖူးပါတယ်။

အတန်းထဲက မွတ်ဆလင်ကျောင်းသားတွေ အနေနဲ့ ဒီသင်ခန်းစာက ထိပါးတိုက်ခိုက်တယ်လို့ ယူဆရင် စာသင်ခန်းအပြင်ကို ထွက်သွားနိုင်ပါတယ်လို့ အဲဒီ ဆရာက ပြောကြောင်းလည်း သိရပါတယ်။

ဒီလ အစောပိုင်းတုန်းက တချို့ မွတ်ဆလင် ကျောင်းသားမိဘတွေက ချာလီအက်ဘ်ဒို တရားစီရင်ရေးနဲ့ ဆက်နွှယ်ပြီး အဲဒီကျောင်းဆရာက အဲလို ကာတွန်းပုံတွေ ထုတ်ပြကာ သင်ကြားနေတဲ့အပေါ် သူတို့ သဘောမကျကြောင်း ကျောင်းကို တိုင်တန်းခဲ့ဖူးတယ်လို့ ပြင်သစ် မီဒီယာတွေက ရေးပါတယ်။

ကွန်ဖလွန် စဲန်တန်း နာရင်းက အမှုဖြစ်ပွားရာနေရာကို ရဲတွေ ရောက်လာ

"သား အပြောအရ၊ အဲဒီ ဆရာဟာ သိပ်ကို ဖော်ရွေတယ်၊ သဘောကောင်းတယ်၊ သိပ်ကို ကြင်နာတတ်တဲ့သူလို့ သိရတယ်" အဲဒီ နော်ဒဲန်း ရှာဝါဒီ ကျောင်းမှာတက်နေတဲ့ ကျောင်းသား တစ်ယောက်ရဲ့ မိဘတစ်ယောက်က ပြောတာကို AFP သတင်းဌာနက ရေးပါတယ်။

သောကြာနေ့ညနေက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ချာလီ အက်ဘ်ဒို မဂ္ဂဇင်းက "သူတစ်ပါးကို လွတ်လပ်ခွင့်မပေးတာက နောက်ထပ် စိုးရိမ်မှတ်အသစ်တစ်ခုကို ရောက်လာနေတယ်၊ ကျွန်ုပ်တို့ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဘာမှ လုပ်မထားတဲ့ပုံ ဖြစ်နေတယ်" လို့ တွစ်တာက တဆင့် သတင်းပါးပါတယ်။

သတ်ဖြတ်မှုက အခုဆိုနေကြတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တာဆိုရင် ဒီအမှုက ပြင်သစ် နိုင်ငံတခုလုံးကို ထိတ်လန့်အံ့သြသွားစေမှာပါပဲ၊ သူတို့အနေနဲ့ ဒါကို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုလို့ မြင်တာတင်မကပဲ ကျောင်းဆရာတစ်ယောက်က သူ့အလုပ်တာဝန် သူလုပ်နေတာကို ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် တိုက်ခိုက်သတ်ဖြတ်တာလို့ မြင်ကြမှာ လို့ ပဲရစ်က ဘီဘီစီ သတင်းထောက် ဟုချ်စကိုဖီးလ်က ပြောပါတယ်။

လူ ၁၂ ယောက် အသတ်ခံခဲ့ရတဲ့ ချာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက် ၂၀၁၅ ခုနှစ် မှာ တိုက်ခိုက်ခံရပြီးကတည်းက ပြင်သစ်မှာ အစ္စလာမ်မစ် တိုက်ခိုက်မှုတွေ အတော်ဖြစ်လာတာကို တွေ့နေရပါတယ်။

ပြင်သစ်မှာ ဘယ်လို တုံ့ပြန်နေကြလဲ

ပြင်သစ် သမ္မတ မက်ခရွန်းက ဒီလူသတ်မှုကို အစ္စလာမ်မစ် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုလို့ အမှုဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော်တို့ နိုင်ငံသားတစ်ယောက် ဒီနေ့ လုပ်ကြံသတ်ဖြတ်တာခံခဲ့ရပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ စာသင်ကြားခဲ့လို့၊ သူက သူ့ကျောင်းသူကျောင်းသားတွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို သင်ကြားပေးခဲ့လို့။"

ပြင်သစ် အမျိုးသား လွှတ်တော်က အမတ်တွေကလည်း အသတ်ခံရတဲ့ ကျောင်းဆရာကို ဂုဏ်ပြုတဲ့အနေနဲ့ လွှတ်တော်တွင်းမှာ မတ်တပ်ထရပ်ခဲ့ကြပြီး "ယုတ်မာရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု" ကို ရှုတ်ချခဲ့ပါတယ်။

ပညာရေး ဝန်ကြီး ယန်းမီရှဲလ် ဘလန်ကာက ကျောင်းဆရာ တစ်ယောက်ကို သတ်ဖြတ်တာဟာ ပြင်သစ် ပြည်သူ့သမ္မတနိုင်ငံကို တိုက်ခိုက်တာပဲလို့ သူ့တွစ်တာမှာ ရေးတင်ပါတယ်။

သူက အသတ်ခံရသူနဲ့ သူ့မိသားစုအတွက် ကိုယ်ချင်းစာနာမိတယ်လို့ ဆိုပြီး "အစ္စလာမ်မစ် အကြမ်းဖက်ဝါဒ" ကို တုံ့ပြန်နိုင်ဖို့ က ညီညွတ်မှုနဲ့ ခိုင်မာမှုရှိကြဖို့ပဲ လိုအပ်တယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/54584047

ပဲရစ်က ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရမှုဟာ အစ္စလာမ်စ်အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြင်သစ်သမ္မတပြော  ပဲရစ်က ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရမှုဟာ အစ္စလာမ်စ်အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြင်သစ်သမ္မတပြော Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.