လူ ၃ ဦးသေဆုံးခဲ့တဲ့ နိစ်မြို့ ဓားထိုးတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ မြို့အုပ်ချုပ်ရေးမှူးပြော
ပြင်သစ်နိုင်ငံတောင်ပိုင်းက နိစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားနဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၃ ယောက် အသတ် ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
"နော်ထရာဒမ်း ကျောင်းတော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်တယ် ဆိုတာကို ဖော်ပြနေတယ်"လို့ နိစ်မြို့အုပ်ချုပ်ရေးမှူး ခရစ်စ်ရှန် အက်စတရိုဆီ က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဖြတ်ထားတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောသလို မစ္စတာ အက်စတရိုဆီက ဒါဟာ "အစ္စလာမစ် ဖက်ဆစ်ဝါဒ (islamofascism) " ပဲလို့ ပြောပါတယ်။
တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သံသယရှိသူကို အခင်းဖြစ်ပြီး ခဏအကြာမှာပဲ ဖမ်းဆီးလိုက်ပါတယ်။
ပြင်သစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အရာရှိတွေက ဒီလူသတ်မှုအတွက် စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပါပြီ။
မသင်္ကာဖွယ် အဲဒီလူဟာ သူ့ကို ဖမ်းဖို့ ကြိုးစားစဉ်မှာ အလ္လာဟူ အက္ကဘာ (ဘုရားဟာ အကြီးမြတ်ဆုံး)လို့ အကြိမ်များစွာ အော်ဟစ်ခဲ့တယ်လို့ နိစ်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အသတ်ခံရသူတွေထဲက တစ်ဦးဟာ နော်ထရာဒမ်း ဘုရားရှိခိုးကျောင်းကြီးကို စောင့်ရှောက်နေသူ ဖြစ်တယ်လို့ မစ္စတာ အက်စတရိုဆီက ပြောပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ အခင်းဖြစ်ချိန်မှာ ဘုရားရှိခိုးကျောင်းကြီးအတွင်း ဝတ်ပြုသူတွေ ရှိနေတယ်လို့ သိရပြီး မျက်မြင်သက်သေတစ်ယောက်က အဲဒီမြို့က အရေးပေါ် အထူးကာကွယ်ရေးဌာနကို အမြန် အသိပေးအကြောင်းကြားလိုက်တယ်လို့လည်း သိရပါတယ်။
တိုက်ခိုက်မှု ဖြစ်ရာဝန်းကျင်ပင်လယ်ကမ်းစပ် နိစ်မြို့က မြို့လယ်ခေါင်နေရာတွေကို ရှောင်ကြဉ်ကြဖို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျာရယ် ဒါမင်နင် က ပြည်သူတွေကို ပန်ကြားထားပါတယ်။ ပဲရစ်မြို့တော်မှာ အရေးပေါ်အစည်းအဝေးတစ်ခုကိုလည်း သူက ခေါ်ယူကျင်းပခဲ့ပါတယ်။
သမ္မတ အီမန်နျူရယ် မက်ခရွန်းဟာ အခင်းဖြစ်တဲ့နေရာကို မကြာခင် သွားရောက်ကြည့်ရှုဖို့ ရှိပါတယ်။ သေဆုံးခဲ့သူတွေအတွက် ပြင်သစ် လွှတ်တော်မှာ တစ်မိနစ်တာ ငြိမ်သက်ပြီး အလေးထား ဂုဏ်ပြုတာကို လုပ်ခဲ့ကြပါတယ်။
ပြင်သစ် မွတ်ဆလင်များ ကောင်စီကလည်း နိစ်မြို့ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး သူတို့ဟာ တိုက်ခိုက်ခံရသူတွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ တစည်းတလုံးတည်း ရှိတယ်လို့ ပြောပါတယ်။
နိစ်မြို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြင်သစ်မှာ လူတွေသေဆုံးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာ အရပ်တွေထဲက တစ်မြို့ပါ။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ဗာစတီးအောင်ပွဲ နှစ်ပတ်လည် အခမ်းအနား လူစုဝေး လမ်းလျှောက်ပွဲတွေ နိစ်မြို့က လမ်းတွေပေါ်မှာ ကျင်းပနေစဉ်မှာ အသက် ၃၁ နှစ်အရွယ် တူနီးရှား တစ်ယောက်က ကုန်တင် ထရပ်ကားကြီးနဲ့ လူတွေကို လိုက်တိုက်ပြီး သတ်ဖြတ်ခဲ့ဖူးပါတယ်။
နောက်ရက်ပိုင်း အတော်ကြာမှာ ရွန်းမြို့က ဘုရားရှိခိုးကျောင်းတစ်ခုမှာ လူအများ ဝတ်ပြုနေချိန် အတွင်း ဘုန်းတော်ကြီး ဖာသာ ယက်ခ် ဟမဲလ်ရဲ့ လည်ပင်းကို ဓားနဲ့ဖြတ် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
အခု နိစ်မြို့က တိုက်ခိုက်မှုဟာ ပဲရစ်မြို့ အနောက်မြောက်အရပ်က စာသင်ကျောင်းတစ်ခုနားမှာ ဒီလ အစောပိုင်းလောက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲ ဆက်ဖြစ်လာခဲ့တဲ့ တိုက်ခိုက်မှုပါ။ အဲဒီ ကွန်ဖလွန် စဲန်တန်း နာရင်း (Conflans-Sainte-Honorine) အရပ်မှာ တမန်တော် မိုဟာမက် ကာတွန်းပုံကို ပြရင်း စာသင်ခဲ့တဲ့ ကျောင်းဆရာ ဆမ်မြူရယ် ပါတေဟာ အဲဒီလို သင်ကြားအပြီး ရက်ပိုင်းအတွင်းမှာပဲ ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပြင်သစ်မှာ တင်းမာမှုတွေ မြင့်မားလာခဲ့ပြီး အစိုးရရဲ့ အစွန်းရောက် အစ္စလာမစ် ဝါဒီတွေကို နှိပ်ကွပ်ဖို့ ကြိုးပမ်းမှုတွေကြောင့် တူရကီနဲ့ အခြားနိုင်ငံတွေကို ဒေါသထွက်စေခဲ့ပါတယ်။
တူရကီ သမ္မတ ရာဂျစ် တယ်ရစ် အာဒိုဝမ်က ပြင်သစ်ထုတ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်ရဲ့ သရော်ကာတွန်းမဂ္ဂဇင်းတိုက် ချာလီ အက်ဘ်ဒိုက မစ္စတာ အာဒိုဝမ်ကာတွန်း ထွက်လာခဲ့တဲ့နောက် အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment