ကယားဒေသ ဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးထွက်နေ


ကယားပြည်နယ်မှာ ဒီးမော့ဆိုမြို့နယ်မှာ နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ဝက်မွေးမြူရေး စီမံကိန်းက ထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးကြောင့် ရေရှည်မှာ ရေအရင်းအမြစ်တွေ ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ဝက်မွေးမြူရေးစီမံကိန်းကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာနဲ့ ဒေါ်ပေါ်ကလဲရွာအနီးမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဝက်ခြံက ထွက်ရှိတဲ့ အညစ်အကြေးရေတွေ ပြီးခဲ့တဲ့ စက်တင်ဘာလောက်ထဲက စီမံကိန်းပြင်ပက ချောင်းထဲကို ရောက်လာတာကြောင့် အဲဒီလိုတွေ ဆက်ဖြစ်နေမှာကို ဒေသခံတွေက မလိုလား ကြပါဘူး။

ဝက်မွေးမြူရေးစီမံကိန်းက ထွက်လာတဲ့ ရေတွေ မသန့်ရှင်းတဲ့အပြင် အနံ့အသက် ဆိုးဝါးနေတာကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ တင်ပြထားကြောင်း ဒေသခံ ဦးတူရယ်က ပြောပါတယ်။

“ကျနော်တို့ရွာမှာလည်း တအားစိုးရိမ်တယ်။ နောက် ရှေ့ဆက်မယ့် သုံးလေးနှစ် ဒီထက်ပိုဆိုးလာမှာပဲလို့ ကျနော်တို့ စိုးရိမ်စရာတွေ အများကြီးရှိတယ်။ လူကြီးတွေနဲ့လည်း ကျနော်တို့တိုင် သူတို့လည်း တခါတလေ အပြန်အလှန် တင်ပြထားတယ်။ ဒါပေမဲ့ လူကြီးပိုင်းတွေကျတော့လည်း ကျနော်တို့ သန့်ရှင်းရေး လုပ်ပေးမယ်၊ သစ်ပင်တွေဘာတွေ စိုက်ပေးမယ်၊ အဲဒီလိုစိုက်ပြီး အနံ့တွေဘာတွေ မထွက်အောင် သူတို့လည်း ပြောတော့ ပြောထားတယ်။ ဒါပေမဲ့ သူတို့နည်းစနစ်လည်း သူတို့ပြောတာ တစ်မျိုး၊ လုပ်တာလည်း ဘယ်လိုလာလဲ မသိဘူးလို့ ကျနော်တို့ တင်ပြချင်ပါတယ်။”

ဝက်ခြံကနေထွက်လာတဲ့ အညစ်အကြေးတွေက ခြံနဲ့ ပေ ၅၀ လောက်အကွာ အောက်ဘက်မှာရှိတဲ့ ရေချောင်းထဲ ကနေတဆင့် ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာက ရေကန်ထဲကို ဝင်သွားတယ်လို့ ဒေသခံတွေက ပြောဆို ကြပါတယ်။

အဲဒီဝက်ခြံကနေ ထွက်လာတဲ့ အနံ့အသက်ဆိုးတွေကလည်း ပတ်ဝန်းကျင်ကို ပြန့်နေတယ်လို့ ခြံအနီးမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောကြပါတယ်။

အနံအသက်ဆိုးတွေ လေနဲ့အတူ ပါလာရင် ထွက်ပြေးကြရတယ်လို့ ဒေါ်ပေါ်ကလဲ ရွာမိရွာဖတစ်ယောက် ဖြစ်တဲ့ ဦးကြည်ဝင်းက ပြောပါတယ်။

“အနံ့ဆိုးတာတော့ တော်တော်ဆိုးတယ်။ တစ်ခါတလေ နေ့လယ်စာ ထမင်းထုပ်တွေ ဘာတွေထုပ်ရင် ထမင်းထုပ်ကိုင်ပြီး ထပြေးရတယ်။ ကိုယ့်ဘက် လေတိုက်ရင် ထပြေးနေရတယ်။ ရောဂါနဲ့ပတ်သက်ရင် တော်တော် စိုးရိမ်ရတယ်လို့ ကျနော် ထင်တာပေါ့။ ဒီအနံ့ဆိုးကြောင့် ဒီလူ ဖျားသွားတယ်လို့ မပြနိုင်ဘူးပေါ့။ အနံ့ဆိုးတာတော့ တော်တော် ဆိုးတယ်၊ ဖြစ်မယ်ဆိုရင်တော့ တအား စိုးရိမ်ရတယ်။”

အကြီးစား ဝက်မွေးမြူရေးစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၈၊ မေ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်လုပ်ပြီးနောက်မှာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ De Heus Myanmar Co.Ltd  ကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အဲဒီနှစ် စက်တင်ဘာလ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီက ဝက်ခြံမှာ မျိုးဝက်များကိုသာ မွေးမြူမှာဖြစ်ပြီး ဝက်သားပေါက်တွေကို ဒေသခံတွေ မွေးမြူဖို့  ဖြန့်ဖြူးပေးသွားမယ်လို့ တင်ပြခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာပဲ ဝန်ကြီးချုပ်က မွေးမြူရေးစနစ်ကနေ ဘေးထွက်ဆိုးကျိုးတွေ  မဖြစ်ပေါ်အောင် ဆောင်ရွက်တဲ့ အစီအမံ၊ ကျေးရွာအတွက် ရရှိမယ့် အကျိုးကျေးဇူးတို့ကို ဒေသခံတွေ နားလည်လက်ခံအောင် ရှင်းလင်းဖို့ ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

De Heus Myanmar Co.Ltd ဝက်မွေးမြူရေးခြံက လွိုင်ကော်တာဝန်ခံ ဒေါက်တာ ပြည့်ဖြိုးမောင်ကတော့ တောင်သူတွေကို မြေသြဇာအနေနဲ့ အခမဲ့ပေးဖို့ ထုတ်ပိုးထားတဲ့ ဝက်ချေးအိတ်ကို မိုးရေဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အဲဒီအညစ်အကြေးရေတွေက မြေနိမ့်ဘက်ကို စီးသွားတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ရေဝင်ရေထွက်ကောင်းအောင် လုပ်ထားတဲ့ မြောင်းကနေတစ်ဆင့် စီးသွားတယ်။ အဲဒီကနေတစ်ဆင့် ရွာဘက်ကို စီးဆင်းတဲ့ချောင်းကနေ တစ်ဆင့်ရောက်သွားတယ်။ ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းပြီး ကြည့်လိုက်တယ်။ ချောင်းထဲထိတော့ မရောက်သေးဘူးပေါ့နော်။ ချောင်းဘေးမှာရှိတဲ့ စပါးစိုက်ခင်းထဲ ဝက်ချေးက စိမ့်ဝင်သွားတယ်။ အဲဒီလိုမျိုးဖြစ်သွားပါတယ်။”

ဝက်ခြံကနေ အညစ်အကြေးတွေ မထွက်အောင် ကန်ကို ယာယီသဘောမျိုးနဲ့လုပ်ထားပြီး နောက်ထွက်လာမည့် အညစ်အကြေးတွေကို သန့်စင်စက်နဲ့ ပြန်ပြီးပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

စီမံကိန်းမစတင်ခင်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

ဝက်မွေးမြူရေးခြံက ထွက်ရှိတဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဒေသခံတွေ ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ကယားပြည်နယ် မေတ္တာဖောင်ဒေးရှင်း တာဝန်ခံ မနောခူဒိုးက ပြောပါတယ်။

“ဒီစက်ရုံကထွက်တဲ့ စွန့်ပစ်အညစ်အကြေးပေါ့နော်။ ဒီစွန့်ပစ်ကန်တွေကလည်း ရောဂါပိုးမွှား အပါအဝင် ပဋ္ဋိဇီဝဆေးတွေ လျှံနေတယ်ပေါ့။  ဒီစွန့်ပစ်ကန် အညစ်အကြေးတွေက ကျမတို့ လူသားတွေ သုံးစွဲနေတဲ့ ရေအရင်းအမြစ်ထဲကို ရောက်တာများတယ်။ အခုကျမတို့ ကြုံတွေ့နေရတာက သက်သေပဲ။ ပြီးခဲ့တဲ့ရက်က ကျမတို့ ကွင်းသွားဆင်းခဲ့ပါတယ်။ စက်ရုံကနေထွက်တဲ့ရေက ဒေသခံတွေသုံးတဲ့ ရေမြောင်းထဲကို ရောက်တယ်ပေါ့နော်။ ရေရှည်မှာ ကျမတို့က ဘာတွေဖြစ်နိုင်မလဲဆိုတော့ ဒီကျမတို့ ဒေသခံတွေအတွက် ကြိုတင်မမြင်နိုင်တဲ့ ရောဂါဘယတွေ ဒီဒေသအစားအစာစနစ် မလုံခြုံတော့တာတွေ၊ အာဟာရမပြည့်ဝတဲ့ ကိစ္စတွေ၊ နောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆိုးကျိုးတွေ ကျမတို့က ခံစားလာနိုင်တယ်ဆိုတာတော့ မလွှဲမသွေပဲပေ့ါနော်။”

ဝက်မွေးမြူရေးခြံက လွိုင်ကော်တာဝန်ခံ ဒေါက်တာ ပြည့်ဖြိုးမောင်ကတော့ အနံ့အသက်တွေ လျှော့ချနိုင်အောင် လိုအပ်တဲ့ အပင်တွေ စိုက်ပျိုးနေကြောင်း ပြောပါတယ်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ အဓိကကတော့ ခြံရဲ့အနံ့နဲ့ ပတ်သက်ပြီးတော့ ပါလာမယ်ပေါ့။ ဒီအနံ့နဲ့ ပတ်သက်ပြီးတော့လည်း ကျေးရွာသားတွေ တောင်းဆိုထားတဲ့အတိုင်း ကျနော်တို့ အစည်းအဝေးမှာ ပြောပြထားတဲ့အတိုင်း ဆောင်ရွက်နေပါတယ်။ အစီအစဉ်တွေလည်း အများကြီးရှိနေပါတယ်။ အဓိကစိုက် ရမှာက ငှက်ပျောပင်နဲ့ ဝါးပင်ပေါ့။ ငှက်ပျောပင်စိုက်ထားတဲ့ဟာက ရှင်ပါတယ်။ ဒါပေမဲ့ ဝါးပင်က မရှင်ဘူး။ စိုက်တော့စိုက်ထားတယ်။ မရှင်ဘူးဆို လက်လျှော့ပြီးနေမှာ မဟုတ်ဘူး။ ပညာရှင်တွေနဲ့ ဘာစိုက်လို့ရမလဲပေါ့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် အနံ့ကိုလည်း လျှော့ချအောင် ဘာအပင်တွေစိုက်လို့ ဘာတွေစိုက်ဖို့ အဆင်ပြေလဲ။ အဲဒီ အစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ ရှိပါတယ်။ ခြံရဲ့အနောက်ဘက်မှာလည်း ငှက်ပျောပင် တိုးချဲ့အပင် ငါးဆယ် စိုက်ပျိုးထားပါတယ်။”

မြေဧက ၁၀ ဒဿမ ၇၇ ပေါ်မှာ ဆောက်လုပ်ထားတဲ့ ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၃ သန်းကျော် (၃.၁၈၁၉ သန်း) ရင်းနှီးမြှုပ်နှံထားတဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဝက်မွေးမြူရေး စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဝက်မွေးမြူရေးခြံကနေ သားပေါက်လာတဲ့ဝက်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တင်ပို့ ရောင်းချသွား မယ်လို့ သိရပါတယ်။

ဝက်မွေးမြူရေးစီမံကိန်းကို သက်တမ်း နှစ် ၅၀ လုပ်ခွင့်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ သက်တမ်း ဆယ်နှစ်စီ နှစ်ကြိမ် တိုးနိုင်မယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/bad-smell-of-kayah-pig-farming-10272020035322.html

ကယားဒေသ ဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးထွက်နေ  ကယားဒေသ ဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးထွက်နေ Reviewed by THITHTOOLWIN on 18:44 Rating: 5

No comments:

Powered by Blogger.