မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


မွန်ပြည်နယ်၊ ရေး-မော်လမြိုင်ကားလမ်း ခံသင်းတံတားအနီးမှာ အောက်တိုဘာ ၁၅ ရက်ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီမှာ မွန်ပြည်သစ်ပါတီဘက်က အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ မွန်ပြည်သူ့စစ်အသွင်ရှိတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်မှူး နိုင်ရာဇာအဖွဲ့နဲ့ ဖြစ်ပွားခဲ့တာပါ။ အဖြစ်မှန်ကိုသိနိုင်ဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းက လက်နက်ချခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်မှူး နိုင်ရာဇာအဖွဲ့ဟာ မွန်ပြည်သူ့စစ်အသွင်နဲ့ ဂိတ်စခန်းချထားတဲ့ မော်လမြိုင်-ရေး ကားလမ်းအနီးနားမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အခြေအနေကို ရေးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းဇော်က အခုလို ပြောပါတယ်။

“သူတို့ချင်း အချင်းချင်း ဖြစ်ကြတာတွေ၊ ပစ်တာခတ်တာတွေဖြစ်တော့ တစ်ယောက် သေနတ်ထိမှန်ပြီး သေတယ်၊ မွန်ပြည်သစ်ပါတီက၊ အဲဒါလေးက တပ်ကလည်း ကျွန်တော်တို့ဆီ မလွှဲသေးဘူး၊ ကျွန်တော်တို့ဆီကို လာတိုင်ချက်လေးတော့ အကြမ်းကောက်ထားတယ်၊ ဥပဒေအရတော့ ဥပဒေနဲ့အညီတော့ ဆောင်ရွက်ရမှာပေါ့၊ တစ်ဖက်ကတော့ မွန်အဖွဲ့တွေပါပဲ။ သူတို့က ပြည်သူ့စစ်ပုံစံမျိုးနဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်က လက်နက်တွေ ထုတ်ပေးထားတာပေါ့၊ ဟိုဘက်ကတော့ သူတို့မွန်ဘက်ကလည်း သေနက်ပါတယ်လေ၊ ပစ္စတို၊ ပစ်တာကတော့ အဲသေဆုံးတဲ့သူအဖွဲ့က ပစ်သွားတာ၊ ဒီဘက်က ဗိုလ်မှူး နိုင်ရာဇာအဖွဲ့က မမှန်ဘူး။ မမှန်တော့၊ ဒီဘက်က ပစ်လိုက်တာ မှန်သွားတာ ဒါပဲ”

သေဆုံးသူဟာ မွန်ပြည်သစ်ပါတီ သုတေသနဌာနရဲ့ ဒုတိယ တာဝန်ခံဖြစ်သလို ခရိုင်ကော်မတီဝင်အဆင့် တာဝန်ရှိသူ နိုင်ဇော်လတ် ဖြစ်ပါတယ်။

သေဆုံးသူဟာ ရေးမြို့နယ်ထဲက သူ့ဇာတိဖြစ်တဲ့ ကော့ဒွတ်ကျေးရွာပြန်ဖို့ အောက်တိုဘာ လဆန်းပိုင်းက မွန်ပြည်သစ်ပါတီမှာ ခွင့်ယူထားသူဖြစ်လို့ သ့ူရဲ့လှုပ်ရှားမှုကိုတော့ အတိအကျ မသိရသေးပေမယ့် သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က သေနတ်ဒဏ်ရာအပေါ်မှာ သံသယရှိမိတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုင်အောင်မငေးက RFA ကို ပြောပါတယ်။

“အဲဒီပတ်ဝန်းကျင် အနေအထားကို ကျွန်တော်တို့လည်း မေးမြန်းတာပေါ့နော်၊ အဲဒီမှာ သေနတ်သံ မဖောက်ခင် တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှု တော်တော်လေး စကားများကြတယ်၊ စကားများပြီးကာမှ သေနတ်သံက ထွက်လာတယ်ဆိုတော့ ဒါလိုက်ပစ်တာ မဟုတ်ဘဲနဲ့ စကားများ ရန်ဖြစ်ပြီးမှ အခင်းဖြစ်ပွားတာလည်း ဖြစ်နိုင်တာပေါ့နော်”

သေဆုံးသူ နိုင်ဇော်လတ်ရဲ့ နောက်ကျောမှ ရင်အုံသို့ ဖောက်ထွင်း ပစ်ခတ်ဒဏ်ရာ တစ်ချက်၊ ဝဲကျောဘက် ကျည်ဖောက်ဝင်ပြီး ယာနံရိုးကြား ဖောက်ထွင်းဒဏ်ရာတစ်ချက်ရှိနေပြီး ပစ်ခတ်လုပ်ကြံခံခဲ့ရတာလို့ မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၆ ရက်နေ့ညက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ညနဲ့ နောက်နေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ မွန်ပြည်သူ့စစ်ဆိုသူ ဗိုလ်မှူး နိုင်ရာဇာထံ RFA သတင်းဌာနက ဖုန်းဆက်သွယ်ရာမှာ ဖုန်းမကိုင်ခဲ့ပါဘူး။

ဗိုလ်မှူး နိုင်ရာဇာကို မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကနေ ထုတ်ပယ်ကြောင်းနဲ့ နိုင်ငံတော် တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ဌာနတွေအနေနဲ့ လိုအပ်သလို အရေးယူနိုင်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကော့တုံ ဗဟိုစစ်ဌာနချုပ်ကနေ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကြေညာထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒီအဖွဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီးနောက် လက်နက်ချခဲ့တဲ့အခြေနေကို ဗိုလ်မှူးအငြိမ်းစားဖြစ်တဲ့ ဦးအောင်နိုင်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“သိရတာက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ပြီးကတည်းက သူတို့ကို ပြည်သူ့စစ်ပုံစံနဲ့ ဖွဲ့ပေးတာ။ ဖွဲ့ပေးပြီးတော့မှ သူတို့ကို လက်နက်လိုအပ်တဲ့အချိန်မှာ ထုတ်ပေးတာတွေရှိတယ်၊ လိုအပ်တယ်ဆိုတာဗျာ စစ်ဆင်းရေးတစ်ခုခုမှာ လိုအပ်လို့ရှိရင် သူတို့ရဲ့ ဆန္ဒအရပေါ့လေ ထုတ်ပေးတာရှိတယ်၊ ကျန်တဲ့အချိန်မှာတော့ အကုန်သိမ်းထားတာ။ သေချာတာကတော့ အခုနောက်ပိုင်းမှာ လက်နက် ထုတ်ပေးထားတာ လုံးဝမရှိဘူး။ ဒီအခုဖြစ်တဲ့ ဖြစ်စဉ်မှာပါတဲ့ လက်နက်တွေက ဘယ်ကဟာတွေလည်းတော့ ကျွန်တော်လည်း မသိဘူးပေါ့နော်၊ ပွင့်ပွင့်လင်းလင်းပြောရင် သူတို့ဟာ အလင်းဝင်ထားတဲ့သူတွေဖြစ်တယ်၊ ပြည်သူ့စစ်ပုံစံနဲ့ ဖွဲ့စည်းပေးထားတယ်၊ သူတို့ကို လက်နက်ကိုင်ဆောင်ခွင့် တပ်ဆင်ထားခြင်း၊ ကျွန်တော်တို့ စစ်တပ်အခေါ်ပေါ့ဗျာ လက်နက် တပ်ဆင်ထားခြင်း မရှိဘူး၊ အဲဒီအတွက် ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောဖို့ခက်တာပေါ့”

မွန်ပြည်သစ်ပါတီကနေ ခွင့်နဲ့ပြန်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်ဆောင်ဖို့ လုံးဝ ခွင့်မပြုထားသလို သေဆုံးသူအလောင်းအနီးမှာ ထားရစ်ခဲ့တဲ့ 9 MM အမျိုးအစား လက်နက်ငယ်ဟာလည်း မွန်ပြည်သစ်ပါတီက လက်နက်မဟုတ်ဘူးလို့ အောက်တိုဘာ ၁၆ ရက်မှာ မွန်ပြည်သစ်ပါတီက အသိပေးကြေညာခဲ့ပါတယ်။

တပ်ဖွဲ့ဝင် နိုင်ဇော်လတ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ရေးမြို့မရဲစခန်းမှာ အမှုဖွင့်ထားကြောင်း၊ တရားရုံးမှာ အမှုရင်ဆိုင်သွားမှာဖြစ်ကြောင်း  မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ခင်အေးက RFA ကို ပြောပါတယ်။

"သူတို့စခန်းကို လာပစ်တယ်ပြောတယ်ဆိုတော့ သူက တစ်ယောက်တည်း လက်နက်က အတိုနဲ့လေ၊ စခန်းကို လာဝင်ပစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးနော်၊ ကျွန်တော်တို့ကတော့ ဒီကိစ္စဟာက တစ်ဖက်သက်ဆန်တော့ ကျွန်တော်တို့လည်း စခန်းမှာ အမှုဖွင့်ထားပါတယ်"

လတ်တလောမှာ ဗိုလ်မှူး နိုင်ရာဇာကို တပ်မတော်က စစ်ဆေးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးပြီးရင် ဆက်လက်စစ်ဆေးသွားမယ်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းဇော်က ပြောပါတယ်။

ရေးမြို့နယ် အာယုတောင်အခြေပြု ခမရ (၅၈၇) တပ်ရင်းက ခေါ်ဆောင်သွားတဲ့ နိုင်ရာဇာကို ပြည်သူ့စစ် တာဝန်ပေးထားခြင်း ရှိ မရှိ၊  သူကိုင်ဆောင်ထားတဲ့ လက်နက်ဟာ တပ်မတော်က ထုတ်ပေးထားတဲ့ လက်နက်ဟုတ် မဟုတ်၊ ဒီအမှု ဘယ်လိုဆောင်ရွက်သွားမယ် စတဲ့အချက်တွေကို မသိရသေးပါဘူး။ ဒီအချက်တွေ သိနိုင်ဖို့ RFA က အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေဆဲပဲလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှူး နိုင်ရာဇာအဖွဲ့ အခြေပြုနေထိုင်တဲ့ နေရာကို အမည်မသိ လက်နက်ကိုင် ခုနှစ်ဦးက ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး လက်နက်ငယ်နဲ့ ၃ ချက်ပစ်ခတ်လို့ ဗိုလ်မှူး နိုင်ရာဇာအဖွဲ့က ပြန်လည်ပစ်ခတ်တာဆိုတဲ့ သတင်းထွက်ပေါ်နေမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိနေတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ကျန်ရှိနေတဲ့သေနတ်က မွန်ပြည်သစ်ပါတီက သေနတ်မဟုတ်တဲ့အပြင် သေနတ်မောင်း မဖြုတ်ထားသလို သေနတ်ကျည်ဆံ ၁၄ လုံး အပြည့်ရှိနေတာနဲ့ သေနတ်ပြောင်းမှာ ယမ်းငွေ့မရှိဘူးလို့ စုံစမ်းသိရှိထားတဲ့အကြောင်း နိုင်အောင်မငေးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီက ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ နိုင်ဇော်လတ် ရုပ်အလောင်းကို  အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ မွန်ပြည်သစ်ပါတီ ဝယ်ဇဉ်တပ်စခန်းကို သယ်ဆောင်သွားခဲ့ပြီး နောက်တနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nmsp-member-shot-dead-10182020215014.html

မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး  မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.