အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို

ဒီမိုကရေစီ လှုပ်ရှားသူ ကျောင်းသား တိုနီချန်း

ဟောင်ကောင်က ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ တိုနီချန်းဟာ အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ အဖမ်းခံခဲ့ရပြီး ရက်ပိုင်းအကြာမှာ လုံခြုံရေး ဥပဒေသစ်နဲ့ တရားစွဲခံလိုက်ရပါတယ်။

အသက် ၁၉ နှစ်အရွယ် မစ္စတာ ချန်းဟာ ကောင်စစ်ဝန်ရုံးထဲဝင်ပြီး ခိုလှုံခွင့် တောင်းခံဖို့ စီစဉ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဟောင်ကောင်ကနေ ခွဲထွက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု အကြောင်းအရာတွေကို ထုတ်ဝေဖို့ ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ပြစ်မှုထင်ရှားရင်တော့ သူဟာ ထောင်တစ်သက် ချခံရဖွယ် ရှိနေပါတယ်။

မစ္စတာ ချန်းဟာ ဒီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ကို အာမခံပေးဖို့ တရားရုံးက ပယ်ချခဲ့ပါတယ်။

ဒီအငြင်းပွားဖွယ် ဥပဒေဟာ ဟောင်ကောင်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျှော့ချဖို့နဲ့ ဆန္ဒပြသူတွေကို အလွယ်တကူ အပြစ်ပေးနိုင်ဖို့ တရုတ်အစိုးရက ဇွန်လမှာ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အကြောင်းအရာ ကိစ္စအတော်များများကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားပြီး ဟောင်ကောင်ပြည်သူတွေရဲ့ ဘဝကို ချုပ်ကိုင်နိုင်ဖို့ ဘေဂျင်းအစိုးရကို အရင်က မရှိခဲ့စဖူး ကြီးမားတဲ့ အခွင့်အာဏာတွေ ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ တရားစီရင်ရေး လွတ်လပ်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို အခွင့်အရေးတွေကို တဖြည်းဖြည်း ဆုတ်ယုတ်သွားစေမယ်လို့လည်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဒါကြောင့် ဟောင်ကောင်မှာ အကြောက်တရားတွေနဲ့ မသေချာ မရေရာမှုတွေ ကြီးစိုးလာခဲ့တယ် လို့လည်း ဆိုပါတယ်။

သူ အဖမ်းခံရမှုအကြောင်း ဘာတွေ သိထားလဲ

မစ္စတာ ချန်းဟာ အမေရိကန် ကောင်စစ်ဝန်ရုံးနဲ့ မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်တစ်ဆိုင်မှာ အင်္ဂါနေ့တုန်းက အဖမ်းခံခဲ့ရတယ်လို့ South China Morning Post သတင်းစာကြီးက ရေးသားထားပါတယ်။

ဗြိတိန်အခြေစိုက် Friends of Hong Kong ဟောင်ကောင်သူငယ်ချင်းများ တက်ကြွလှုပ်ရှားသူ အဖွဲ့ကတော့ သူဟာ ကောင်စစ်ဝန်ရုံးထဲ ဝင်ပြီး ခိုလှုံခွင့် တောင်းခံဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကောင်စစ်ဝန်ရုံးနားက တွေ့ရတဲ့ ဗီဒီယိုရုပ်ပုံတွေမှာတော့ သူ့ကို အရပ်ဝတ်ရဲတွေက ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

လွတ်လပ်ရေး လိုလားတဲ့ Studentlocalism အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မစ္စတာ ချန်းဟာ ဒီဥပေဒသစ်အောက်မှာ ရှိတဲ့ ဘဝဟာ သူ့အတွက်သာမက တခြား တက်ကြွလှုပ်ရှားသူတွေအတွက်ပါ ပိုပြီး အနေအထိုင် ကျဉ်းကျပ်စေတယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။

သူဟာ လွတ်လွတ်လပ်လပ် မပြောဆို၊ မလုပ်ကိုင်နိုင်တော့သလို ခံစားရပြီး "ကန့်သတ် တားမြစ်ချက်တွေကို တချိန်လုံး စိတ်ပူပန်နေရတယ်" လို့ ဘီဘီစီ တရုတ်ဘာသာဌာနနဲ့ အခုနောက်ဆုံး မေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီး "သင့်တော်တဲ့အချိန်ကျရင် ထပ်ပြီး ဆန္ဒပြသွားမယ်လို့"လည်း သူက ဆိုပါတယ်။

"အခုအချိန်တော့ ကျွန်တော်တို့ အထိနာတာပေါ့ဗျာ။ ဒါပေမဲ့ ဒီမိုကရေခရီးလမ်းက အမြဲ ရှည်လျားပါတယ်"

သူဟာ နောက်တစ်ကြိမ် ရုံးမထုတ်ခင် နောက်နှစ် ဇန်နဝါရီလအထိ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရမှာ ဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ လုံခြုံရေး ဥပဒေသစ်

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ဆန့်ကျင်ပြီး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲကြီးတွေ ပြီးခဲ့တဲ့ နှစ်က လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဟောင်ကောင် အမျိုးသား လုံခြုံရေး ဥပဒေသစ်ကို ဇွန်လထဲမှာ တရုတ်အစိုးရက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေသစ်အရ ဟောင်ကောင်ကနေ ခွဲထွက်မှု၊ ဗဟိုအစိုးရကို ဝင်နှောက်ယှက်မှု၊ အကြမ်းဖက်မှု ဒါမှမဟုတ် နိုင်ငံခြား တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမှု စတာတွေအတွက် ထောင်တစ်သက် ပြစ်ဒဏ်ချခံရမှာ ဖြစ်ပါတယ်။

ဇူလိုင်လထဲမှာ ဒီအခွင့်အာဏာအသစ်တွေကြောင့် "ဟောင်ကောင်လွတ်လပ်ရေးအလံ" ကိုင်ဆောင်ခဲ့သူ အမျိုးသားတစ်ဦး အပါအဝင် လူတချို့ အဖမ်းခံခဲ့ရပါတယ်။

ဒါဟာ ၁၉၉၇ ခုနှစ် ဟောင်ကောင်မှာ ဗြိတိသျှ အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက ဆက်ထားပေးပါ့မယ်လို့ အာမခံထားတဲ့ လွတ်လပ်ခွင့်တွေကို အဆုံးသတ်ပစ်ဖို့ လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒီဥပဒေသစ်ဟာ ဟောင်ကောင်မှာ တည်ငြိမ်မှု ပြန်ရဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုံခြုံရေး ဥပဒေသစ် ပြဌာန်းခဲ့ပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က ဟောင်ကောင် ပြည်သူ သုံးသန်းလောက် အထိ ဗြိတိန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ပေးသွားမယ်လို့ ဆိုပြီး နောက်ပိုင်းမှာ နိုင်ငံသားလျှောက်ခွင့် ရှိတယ်လို့ ပြောပါတယ်။

တရုတ်ဘက်ကတော့ ဒီပြောဆိုမှုကို ရှုတ်ချလိုက်ပြီး ဗြိတိန်အပေါ် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54732164

အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို  အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို Reviewed by THITHTOOLWIN on 02:16 Rating: 5

No comments:

Powered by Blogger.