ကိုဗစ်ရောဂါ အချိန်အတော်ကြာ ဆက်ပျံ့နေဖို့ရှိ - WHO

အမေရိကန်နိုင်ငံ Maryland ပြည်နယ်မှာ COVID-19 ကာကွယ်ဆေး စမ်းသပ်ဖို့ စာရင်းပေးသွင်းနေသူတဦး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

ကိုဗစ် ကပ်ရောဂါဟာ စွမ်းအားကောင်းနေဆဲ ဖြစ်တာကြောင့် ကမ္ဘာတဝန်းမှာ အချိန်အတော်ကြာအောင် ကူးစက်ပျံ့နှံ့နေဖို့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ အစီအစဉ် အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ရိုင်ယဲန်က သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောသွားတာဖြစ်ပြီး တကမ္ဘာလုံးမှာ သီတင်းပတ်စဉ်တိုင်း ပျမ်းမျှခြင်းအားဖြင့် ၁.၈ သန်းကနေ ၂ သန်းဝန်းကျင်အထိ ကူးစက်နေပြီးတော့ သေဆုံးသူက ၄ သောင်းကနေ ၅ သောင်းအထိ ရှိတယ်လို့လည်း ဆိုပါတယ်။

လုံလောက်ပြည့်စုံတဲ့ စမ်းသပ်စစ်ဆေးနိုင်စွမ်း နည်းပါးတာတွေကြောင့် တချို့ဒေသတွေနဲ့ တိုင်းပြည်တွေမှာ ကပ်ရောဂါဟာ လာမယ့် နွေဦးရာသီ ရောက်တာနဲ့ တိုးပြီးတော့ ကူးစက်ပျံ့နှံ့ဖွယ်ရှိတဲ့အကြောင်း အခုလို ပြောပါတယ်။

“ဒီကပ်ရောဂါဟာ ကူးစက်နေတဲ့အား လျော့ကျသွားဖို့ မရှိသေးပါဘူး။ ဒီနွေဦးမှာ ရောဂါပိုးရဲ့ ကူးစက်နိုင်စွမ်းအား အများကြီး ချန်ရစ်ထားတာကြောင့် ဒီကပ်ရောဂါဟာ ရှေ့လျှောက် ဆက်ပြီး ကူးစက်နေဖို့သာ ရှိပါတယ်။ အကြောင်းကတော့ ဒေသဆိုင်ရာ၊ ဒေသခွဲဆိုင်ရာ ဒါမှမဟုတ် တချို့နိုင်ငံတွေမှာဆိုရင် ဥရောပတိုက်ထဲမှာ ကျနော်တို့ မြင်တွေ့နေကြရတဲ့အတိုင်း သိသာထင်ရှားတဲ့ ကူးစက်မှုတွေကို တွေ့နေကြရပါတယ်။ နောက်ပြီး အာဖရိကမှာလို ကူးစက်မှုပမာဏ ကြီးကြီးမားမား မတွေ့ကြရသေးတဲ့ နေရာဒေသတွေကိုလည်း သတိပြုမိကြဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံအများအပြားမှာ ပြည့်စုံလုံလောက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ မရှိကြသေးဘဲဖြစ်နေလို့ ဆိုတာကို ထင်ဟပ်နေတာလည်း ဖြစ်နိုင်ပါတယ်” လို့ မစ္စတာ ရိုင်ယဲန်က ပြောသွားပါတယ်။

Johns Hopkins တက္ကသိုလ်က ပြုစုထားတဲ့ ဒီကနေ့စာရင်းအရ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်သူ သန်း ၃၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူက ၉ သိန်းခွဲကျော်သွားပါပြီ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-spread-who/5589729.html

ကိုဗစ်ရောဂါ အချိန်အတော်ကြာ ဆက်ပျံ့နေဖို့ရှိ - WHO ကိုဗစ်ရောဂါ အချိန်အတော်ကြာ ဆက်ပျံ့နေဖို့ရှိ - WHO Reviewed by THITHTOOLWIN on 18:22 Rating: 5

No comments:

Powered by Blogger.