Test kit အခု၂သိန်း ထပ်မှာထား၊ ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ်တွေမှာစစ်ဆေးသွားမယ်

အင်းစိန်ဖျားနာကုဆေးခန်းမှာ swab နမူနရယူနေပုံ

ကူးစက်မှုနဲ့ သေဆုံးသူအများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ပြည်ပကနေ မှာယူထားတဲ့ test kit တွေနဲ့ ကိုဗစ်ပိုးရှိမရှိကို မနေ့က(စက်တင်ဘာ ၂၉ ရက်နေ့မှာ) စတင် စစ်ဆေးခဲ့ပြီး ပိုးအဖြေတွေကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ကြေညာသွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင် စိုးက ဘီဘီစီ ကိုပြောပါတယ်။

မနေ့ကTest kit တွေနဲ့ စစ်ဆေးမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်းစတဲ့ ရန်ကုန်တိုင်းအတွင်းက ဆေးရုံကြီး ၉ခုမှာ အခုရေ ၁၀၀ ဝန်းကျင် ခန့်နဲ့ စတင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

' ' မနေ့ကတော့ အခု ၁၀၀ ကျော် ၂၀၀ ဝန်းကျင်လောက်ပဲ စစ်နိုင်တယ်။ မနေ့ကည၈နာရီကျော်တော့မှပဲ စာရင်းတွေလိုက်ကောက်ရတော့ တချို့ဆေးရုံတွေဆို report တောင် မပို့နိုင်ဘူး။ အဖြေကတော့ သီးခြား ထုတ်ဖို့လိုလာပါတယ်။'' လို့ စက်တင်ဘာ ၂၉ ရက်နေ့က စစ်ဆေးမှုစပေမယ့် အဖြေမထုတ်ပြန်နိုင်သေး တဲ့အခြေအနေကို ဒေါက်တာသန်းနိုင်စိုးကပြောပြပါတယ်။

ကိုဗစ်ရှိမရှိကို test kit တွေနဲ့ စတင်စစ်ဆေးရာမှာ ကျန်းမာရေးဝန်ထမ်း၊ သံသယလူနာ၊ အရေးပေါ် ခွဲစိတ်မယ့်လူနာတွေနဲ့ primary contact တွေကို ဦးစားပေးစစ်ဆေးသွားဖို့ ဝန်ကြီးဌာနက လမ်းညွှန်ထား တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံံအုပ်ဖြစ်သူ ဒေါက်တာမြင့်မြင့်အေးကဘီဘီစီ ကိုပြောပါတယ်။

ဒါ့အပြင် အခုစစ်ဆေးမယ့် test kitဟာ စစ်ဆေးမယ့်သူဆီက နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်နမူနာကို ရယူ စစ်ဆေးပြီး မိနစ် ၂၀ ဝန်းကျင် အတွင်း မှာ ပိုးရှိမရှိအဖြေကိုသိနိုင် ဖြစ်တယ်လို့လည်း ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး ၊ ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ဘီဘီစီကိုပြောပါတယ်။

' ' အခု test kit က antigen ကိုစစ်တာ ပိုးကိုစစ်တာ။ တချို့တလေက antibody ကိုစစ်တာသွေးကို စစ်ရတာ။ အခုက နှာခေါင်းထဲကိုနှိုက်ပြီးပဲစစ်ရမှာ။ ရလာတဲ့ တို့ဖတ်ကိုပဲ ကိုယ့်ဘာသာစစ်ရမှာ။ ကိုယ့်ဆေးရုံ မှာပဲ ကိုယ်စစ်လို့ရမယ့်အခြေအနေဖြစ်သွားတာပေါ့''လို့ ပါမောက္ခ ဒေါက်တာ မော်မော်ဦးကပြောပြပါတယ်။

ရန်ကုန်မှာ ဆေးရုံအသစ်တွေနဲ့ Q center အသစ်တွေထပ်တိုးချဲ့နေ

လူနာတွေကို test kit တွေနဲ့ များများစစ်လို့ အကျိုးကျေးဇူးရှိသလို များများထွက်လာမယ့် ပိုးတွေ့လူနာ တွေကို ထားရှိဖို့နေရာတွေ၊ ထပ်ကုဖို့နေရာတွေကိုလည်း တပြိုင်တည်း လုပ်ဖို့လိုလာမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

' ' ဒီ test kit နဲ့စစ်တိုင်းပေါ်လာတိုင်း လူနာတွေကပြင်းထန်မှာမဟုတ်ဘူး။ စစ်တိုင်း ဆေးရုံတက်ရမဲ့ လူတွေပဲဖြစ်မှာမဟုတ်ဘူး။ လူနာကို ၄မျိုးသတ်မှတ်ထားတယ်။ ရိုးရိုးအနံ့ ပျောက်တာ၊ သက်တောင့်သက်သာပဲရှိတဲ့ ၂မျိုးအတွက်က စင်တာတစ်ခုသတ်မှတ်ထားတာရှိတယ်။ ဆေးရုံတက်ဖို့လိုတဲ့သူ တွေကိုလည်း ဆေးရုံတက်နိုင်အောင်စီစဉ်ထားတယ်။ အဲထဲမှာမှ ပြင်းပြင်းထန်ထန်ကုသဖို့လိုတဲ့သူတွေကို ICU တို့ ဒါတွေလည်းပြင်ဆင်ထားပါတယ်။ ပိုးတွေ့သူတိုင်းကို စင်တာတွေပို့ပြီးခွဲခြားထားနိုင်မှ ကူးစက်မှုတွေကိုဖြတ်တောက်နိုင်မှာပါ''လို့ test kit တွေနဲ့ စစ်ဆေးဖို့ ပြင်ဆင်ထားတဲ့အခြေအနေပေါ် ဒေါက်တာသန်းနိုင်စိုးကရှင်းပြပါတယ်။

မိနစ်ပိုင်းအတွင်း ကိုဗစ်ပိုးရှိမရှိ အဖြေသိနိုင်မယ့် test kit ပေါင်း အခုရေ ၂သိန်းကို စစ်ဆေးမှုတွေ စတင်နေပြီး နောက်ထပ် အခုရေ ၂သိန်းကိုလည်းထပ်မံမှာယူထားကာ ရက်ပိုင်းအတွင်း ရောက်လာမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ထပ်မံရောက်ရှိလာမယ့် သိန်းနဲ့ချီတဲ့ test kit တွေကို ရန်ကုန်သာမက အခြားတိုင်းနဲ့ပြည်နယ်တွေမှာ စစ်ဆေးအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၂၄၂၅ ဦးနဲ့ သေဆုံးသူဦးရေ ၂၈၄ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54025335

Test kit အခု၂သိန်း ထပ်မှာထား၊ ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ်တွေမှာစစ်ဆေးသွားမယ်  Test kit အခု၂သိန်း ထပ်မှာထား၊ ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ်တွေမှာစစ်ဆေးသွားမယ် Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.