ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ်


ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ အရေအတွက် တိုးလာတဲ့အခြေအနေကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုက မြို့နယ်တချို့မှာ Stay at Home နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို အစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ (၂၅)ရက် သောကြာနေ့ တရက်ထဲမှာတင် ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ (၇၆၉)ဦးရှိပြီး ၊ သေဆုံးသူက (၂၄)ဦး ရှိခဲ့တာပါ။

အဲဒီထဲမှာ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ပြီးရင် ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ကူးစက်မှု များလာတာတွေ့ရပါတယ်။ ဒါကြောင့် မွန်ပြည်နယ်မှာ ၂ မြို့နယ် (မော်လမြိုင် ၊ ဘီလင်း ) ၊ မန္တလေးတိုင်းမှာ ၃ မြို့နယ် ( မဟာအောင်မြေ၊ ချမ်းအေးသာဇံ ၊ အမရပူရ )၊ ပဲခူးတိုင်း ၃ မြို့နယ် (ပဲခူး ၊ ကဝ ၊ သနပ်ပင် )နဲ့ ဧရာဝတီတိုင်းထဲက ၃ မြို့နယ် (ပုသိမ်၊ ဖျာပုံ၊ မအူပင် )တို့ကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ Stay at Home အမိန့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ကြောင့် မြန်မာနိုင်ငံတွင်း သေဆုံးသူ များလာတဲ့အတွက် သတိ ရှိကြဖို့နဲ့ စိုးရိမ်သင့် သလောက်သာ စိုးရိမ်ကြဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အသိပေးတင်ပြတဲ့ စက်တင်ဘာ ၂၅ ရက်မိန့်ခွန်းမှာ ပြောကြားသ ွားပါတယ်။

“ အခု ကျမတို့ ဘာတွေ့ရလဲဆိုတော့ တချို့တွေကပေါ့နော် - ရောဂါဖြစ်တယ်လို့ထင်ရင် အိမ်မှာ ကိုယ့်ဖာသာကိုယ် ဆေးမီးတိုလေးတွေနဲ့ ကုလို့ မရတော့တဲ့အခါကျမှ ဆေးရုံကို သွားတာမျိုးတွေ ရှိပါတယ်။ အဲဒါဆိုရင် ထိထိရောက်ရောက် ကုသပေးဖို့ဟာ နောက်ကျသွားပါတယ်။ ဒါကြောင့်မို့လို့ စောစောစီးစီး ကုသမှု ခံယူဖို့ပဲ ဖြစ်ပါတယ်။ အခုဟာက သေဆုံးမှုနှုန်း နည်းနည်းတော့ မြင့်တက်လာပါတယ်။ အရင်တုန်းက ၁.၄% ကနေပြီးတော့ ခု ၁.၆% အထိ မြင့်တက်လာပါတယ်။ သိပ်အများကြီး မြင့်တက်လာတာတော့ မဟုတ်ပါဘူး ။ သို့သော်ငြားလည်း စိုးရိမ်သင့်သလောက်တော့ စိုးရိမ်ပါ၊ သတိတော့ ရှိပါ။ အစိုးရိမ် မလွန်ပါနဲ့ အစိုးရိမ်လွန်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအား ကျပါတယ်။”

မွန်ပြည်နယ်မှာတော့ ဘီလင်းမြို့အခြေအနေက စိုးရိမ်စရာကောင်းပြီး မော်လမြိုင်ဘက်မှာ ကူးစက်မှု အနည်းငယ်လျော့လာတယ်လို့ မွန်အမျိုးသားပါတီရဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

“လောလောဆယ် မွန်ပြည်နယ်မှာ အဲဒီ ဘီးလင်းအခြေအနေကတော့ တနေရာထဲမှာ ကွက် ဖြစ်နေတော့ စိုးရိမ်ရမယ့် အနေအထားမှာ ရှိပါတယ်။ ကျနော်တို့ မော်လမြိုင်မှာတော့ သိပ်အဆိုးကြီး မဟုတ်ပါဘူး။ အခု ဒီနောက်ပိုင်း ၁၀ ရက်ကျော်ကျော်လောက်မှာ လမ်းသွားလမ်းလာတွေကို အကဲခတ်မိသလောက်တော့ နှာခေါင်းစည်း Mask တွေ တော်တော်လေး တပ်လာတာ တွေ့ရပါတယ်။ အရင်တုန်းကကျတော့ တခြားလူတွေလိုပဲ ပေါ့ပေါ့လျော့လျော့ နေကြတာ များပါတယ်။ မွန်ပြည်နယ်အစိုးရ ကိုင်တွယ်မှုကတော့ ကြိုတင်ကာကွယ်မှု အပိုင်းရှိလို့ လစ်ဟင်းတဲ့အထိတော့ မဖြစ်ပါဘူး။”

မော်လမြိုင်မြို့မှာ အသွားအလာတွေ ခြောက်ကပ်နေပြီး စစ်တောင်းတံတား ၊ ဒုံသမိ တံတား စတဲ့ မြို့အဝင်အထွက် တံတားတွေကို ညအချိန် ပေးမဖြတ်တော့ပဲ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မော်လမြိုင်မြိုခံတွေကြားမှာ နှာခေါင်းစည်းတပ်ဖို့ကအစ ပေါ့လျော့တာတွေ ရှိခဲ့တယ်လို့ မြို့ခံ ဦးလှမင်းက ပြောပါတယ်။

“ အဓိကတော့ ဘီးလင်းပေါ့။ ဘီးလင်းမှာက စက်ရုံတခုမှာ ပိုးတွေ့ပြီးတော့ အဲဒီစက်ရုံက ဝန်ထမ်းအိမ်ယာတွေကို ကူးတယ်၊ မိသားစုတွေကို ကူးတာဆိုတော့ ဘီးလင်းမှာ နည်းနည်းများလာတာပေါ့။ ဒီတရက် နှစ်ရက် မော်လမြိုင်မြို့မှာ ကူးစက်မှု လျော့လာတယ်။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ရွှေတောင်ရပ်နဲ့ စစ်ကဲကုန်းဘက်မှာ ကူးစက်မှု ပိုများခဲ့တယ်။ ရန်ကုန်က ပြန်လာတဲ့သူတွေဆီမှာ ပိုးတွေ့ပြီး အဲဒီကနေ ကူးကြတာများတယ်။ ခုနောက်ပိုင်း တယောက်စ နှစ်ယောက်စ ပိုးတွေ့ရတဲ့သူတွေဟာလည်း ရန်ကုန်က ပြန်လာသူတွေချည်းပဲ။ မော်လမြိုင်မှာ ပြီးခဲ့တဲ့ တပတ် ၁၀ ရက်လောက်က စပြီးတော့လေ လူ ၁၀ ယောက်မှာ ၉ ယောက်လောက်က MASK တပ်ထားတာ ပြန်တွေ့ရတယ်။ အစောပိုင်းတုန်းကတော့ MASK တပ်တာ လျော့တိလျော့ရဲ့ ဖြစ်ခဲ့တယ်။ မွန်ပြည်နယ်မှာ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေ တော်တော်လေး ညီညွတ်ကြတယ် တော်တော်လေး လုပ်နိုင်ကြပါတယ်။”

မန္တလေးတိုင်းမှာတော့ ဆေးကုမ္ပဏီတခုနဲ့ ဟိုတယ်တခုတို့ကနေ ကူးစက်ပျံ့နှံ့သွားတာလို့ အောင်မြေသာဇံမြို့နယ်မှာ နေတဲ့ ကျောင်းဆရာ ဦး ညွန့်လွင်က ပြောပါတယ်။

“ ချမ်းအေးသာဇံမှာက မော်တော်ကား ဂိတ်တွေရှိတယ်။ AA ဆေးကုမ္ပဏီကလည်း ချမ်းအေးသာဇံထဲမှာပဲ ရှိနေတာလေ။ ဒီ ရန်ကုန်နဲ့ ထိတွေ့ခဲ့တဲ့ AA ကုမ္ပဏီက ဒရိုင်ဘာကနေတဆင့် ကူးကြတာ။ Hotel Mandalay လည်း အတူတူပဲ အဲလိုမျိုး ဖြစ်တာပဲ။ အဲဒါကြောင့် ကူးစက်သူ များသွားတာ။ စျေးချိုဆိုတာမျိုးကလည်း လူအသွားအလာ တအားများတယ်လေ၊ နောက် ရတနာပုံစျေးလည်း ရှိတယ် အဲဒီနေရာတွေက မြို့လယ်ခေါင်လည်းဖြစ်တယ် လူသွားလူလာလည်း များတာကိုး။ စည်းကမ်း သိပ် မလိုက်နာလို့ ဖြစ်တယ်ထင်တယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုက အရင်ကထက် အများကြီး မြင့်တက်သ ွားတာပေါ့ ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးသူစာရင်းကို တနေ့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စာရင်းခွဲထုတ်နေတဲ့အတွက် ကူးစက်မှု၊ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြား မျက်စိလည်နေတယ်ကြတယ်လို့ လူမှုကွန်ယက်တွေမှာ ရေးသား ဝေဖန်ကြပါတယ်။

စက်တင်ဘာ ၂၅ သောကြာည ၈ နာရီ သတင်းထုတ်ပြန်ချက် စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ထားသူပေါင်း (၉၁၁၂) ရှိပြီး ၊ သေဆုံးသူ (၁၇၄)ဦး ရှိသွားပြီ ဖြစ်ပါတယ်။


ကိုဉာဏ်ဝင်းအောင်/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-stay-home-order-/5598544.html

ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ် ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ် Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.