ဟောင်ကောင်မှာ ၁၉၉၅ ခုနှစ် ကတည်းကစလို့ HSBC ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ထိုးကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images

HSBC ဘဏ်ကြီးမှာ ငွေဖြူ ငွေမည်းတွေ ခဝါချမှုတွေ ရှိနေတယ် ဆိုတဲ့စွပ်စွဲချက်တွေ ပေါ်ထွက်နေစဉ်မှာပဲ ဟောင်ကောင်ဈေးကွက်မှာ HSBC အစုရှယ်ယာဈေးတွေ အနိမ့်ဆုံး ထိုးကျသွားခဲ့ပါတယ်။

ဒီလို ငွေဖြူ ငွေမည်း ခဝါချမှုတွေ ဖြစ်နေတယ် ဆိုတာကို သိထားပြီးချိန်မှာတောင် HSBC ဘဏ်က အဲဒီလို လုပ်နေသူတွေကို ကမ္ဘာတစ်ဝန်း ဒေါ်လာသန်းပေါင်းများစွာ လွှဲခွင့်ပြုခဲ့တယ် ဆိုတာကို ပေါက်ကြား ပေါ်ထွက်လာတဲ့ လျှို့ဝှက်ဖိုင်တွဲတွေအရ သိရပါတယ်။

ယူကေအခြေစိုက် HSBC ဘဏ်ဟာ ဟောင်ကောင်မှာ နိုင်ငံရေး တင်းမာနေမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေ အပါအဝင် ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။

အာရှ အစုရှယ်ယာဈေးကွက်မှာ HSBC ရဲ့ အစုရှယ်ယာတန်ဖိုး ထိုးကျသွားနေရာမှာ ဒီကနေ့ တနင်္လာနေ့မှာ ဟောင်ကောင်ဒေါ်လာ ၃၀ အောက် ကျသွားခဲ့ပါတယ်။

လန်ဒန် စတော့ခ်ရှယ်ယာ ဈေးကွက်မှာလည်းပါတဲ့ HSBC ရှယ်ယာဈေးဟာ ဒီနှစ်မှာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

HSBC ဘဏ်ရဲ့ ဌာနချုပ်က လန်ဒန်မြို့မှာ ရှိပေမဲ့ အဲဒီရဲ့ အမြတ်တွေဟာ ဟောင်ကောင်မှာ ရှိတဲ့ အာရှ စီးပွားရေး အချက်အချာနေရာကနေ ရနေတာပါ။

အမေရိကန်ဒေါ်လာ သန်း၈၀ (ပေါင်စတာလင် ၆၂ သန်း) ငွေကြေး ခဝါချမှုကြီးမှာ HSBC ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍအကြောင်းအသေးစိတ်ဟာ "ဘဏ်တွေရဲ့ မသင်္ကာဖွယ် လုပ်ဆောင်မှု အစီရင်ခံစာများ (FinCEN ဖိုင်တွဲများ)" ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေကနေ ပေါက်ကြားပေါ်ထွက်လာခဲ့တာပါ။

HSBC ဘဏ်ဟာ အဲဒီငွေမည်းတွေကို ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ သူတို့ လုပ်ငန်းတွေကနေတစ်ဆင့် ဟောင်ကောင်မှာ ရှိတဲ့ HSBC ဘဏ်စာရင်းတွေထဲ လွှဲပြောင်း ထည့်သွင်းခဲ့တာပါ။

HSBC ဘဏ်ကတော့ ဒီလို လုပ်ရပ်မျိုးတွေကို သတင်းပို့ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်း တာဝန်ဝတ္တရားတွေကို အမြဲကျေပွန်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။


ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရ

ဒီဖိုင်တွဲတွေ ပေါက်ကြားပေါ်ထွက်မလာခင်မှာ ကတည်းက HSBC ဘဏ်အနေနဲ့ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး ရှယ်ယာဈေး ကျဆင်းနေခဲ့ပြီးသား ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နောက်ထပ်လူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အတော်များများ ချေးထားတဲ့ငွေတွေ ပြန်ဆပ်နိုင်ကြမှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဥရောပရဲ့ အကြီးဆုံးဘဏ်ကြီးဖြစ်တဲ့ HSBC ဘဏ်အနေနဲ့ အခုနှစ်အတွက် ရှိလာမယ့် ကြွေးဆုံးငွေ အတွက် အမေရိကန်ဒေါ်လာ ၈ ဘီလျံကနေ ၁၃ ဘီလျံအကြား အရံဖယ်ထားပါတယ်။

HSBC ဘဏ်ရဲ့ ဘတ်ဂျက်နှစ် ပထမ ၆ လတာကာလအတွက် အခွန်မဆောင်ခင် အမြတ်ငွေဟာ ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ HSBCက သြဂုတ်လတုန်းက ထုတ်ပြန်ခဲ့ပြီး ဒါဟာ အကဲခတ်တွေ ခန့်မှန်းထားတာထက် အများကြီး ပိုဆိုးနေပါတယ်။

ဒါ့အပြင် HSBC ဘဏ်ဟာ ဟောင်ကောင်မှာ တရုတ်အစိုးရ ထုတ်ပြန်တဲ့ လုံခြုံရေး ဥပဒေကို ထောက်ခံခဲ့တဲ့အတွက် နိုင်ငံရေး အငြင်းပွားမှုထဲ ပါလာခဲ့ပြီး အမေရိကန်ရော ယူကေကပါ ပြင်းပြင်းထန်ထန် ဝေဖန်တာကို ခံခဲ့ရပါတယ်။

ကုန်ကျငွေ လျှော့သုံး

HSBC ဘဏ်ဟာ လောလောဆယ်မှာ သူ့ရဲ့ ကမ္ဘာတစ်ဝန်းက ဘဏ်လုပ်ငန်းတွေကို အကြီးအကျယ် ပြင်ဆင် ပြောင်းလဲပစ်ဖို့ ရှေ့တိုး လုပ်ဆောင်နေပါတယ်။

ဥရောပက လုပ်ငန်းတွေမှာ အရှုံးပေါ်နေတဲ့အတွက် HSBC ဘဏ်ဟာ အာရှမှာပဲ အဓိက ဗဟိုချက်ထားပြီး ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ ဘဏ်အမှုဆောင်ချုပ်အဖြစ် မတ်လတုန်းက တရားဝင် တာဝန်လွှဲပြောင်းယူခဲ့တဲ့ နိုဝယ်လ်ကွင်း က ပြောပါတယ်။

HSBC အနေနဲ့ အလုပ် ၃၅၀၀၀ ဖြုတ်ဖို့ အပါအဝင် အစောပိုင်းက ချမှတ်ခဲ့တဲ့ ပြင်ဆင်ပြောင်းလဲရေး အစီအစဉ်တစ်ခုကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ မစ္စတာကွင်းက ပြောပါတယ်။

တနင်္လာနေ့ ဟောင်ကောင် ရှယ်ယာ ဈေးကွက်မှာ HSBC ရဲ့ ရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54234068

ဟောင်ကောင်မှာ ၁၉၉၅ ခုနှစ် ကတည်းကစလို့ HSBC ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ထိုးကျ  ဟောင်ကောင်မှာ ၁၉၉၅ ခုနှစ် ကတည်းကစလို့ HSBC ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ထိုးကျ Reviewed by THITHTOOLWIN on 01:30 Rating: 5

No comments:

Powered by Blogger.