အချိန်မီ ဆေးမစစ်နိုင်လို့ သံသယလူနာ တစ်နေ့ ၄၀၀ ခန့် အိမ်ပြန်လွှတ်နေရ


မြန်မာနိုင်ငံက လူတစ်သောင်းမှာ ၂ ယောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တစ်ရက်ကို လူ ၅၀၀၀ ကျော်လောက်ပဲ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်နေတာပါ။ ဒါကြောင့် ကူးစက်မှုအများဆုံးရှိတဲ့ ရန်ကုန်မှာ ဗိုင်းရပ်စ်ရှိ/ မရှိ စစ်နိုင်ဖို့ ဆေးရုံတွေ မလုံလောက်တာကြောင့် အစိုးရနဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ပေါင်းဖွင့်ထားတဲ့ အဖျားဆေးခန်းတွေကနေ  တစ်နေ့ကို သံသယလူနာ အယောက် ၄၀၀ လောက် အိမ်ပြန်လွှတ်နေရတယ်လို့  ဆရာဝန်တွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်းမှာ ဆေးရုံ ဆေးခန်းသွားစရာမလိုဘဲ အလွယ်တကူဆေးခန်းပြနိုင်ဖို့ အစိုးရနဲ့ စေတနာ့ဆရာဝန်တွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့  Fever Clinic လို့ခေါ်တဲ့ အဖျားဆေးခန်း ၂၀ ကျော် ရန်ကုန်တိုင်းထဲမှာ ဖွင့်လှစ်ထားပါတယ်။

အဲ့ဒီဆေးခန်း အခု ၂၀ ကျော်မှာ  တစ်နေ့ကို လူနာ ၁၀၀၀ ကျော် နေ့စဉ်လာရောက်ပြသနေပြီး လာပြတဲ့သူတွေထဲက လူနာ ၄၀၀ ခန့်မှာ ကိုရိုနာပိုးရပ်စ်ရောဂါပိုး ကူးစက်ခံထားရတဲ့ သံသယလက္ခဏာတွေ ပြနေပေမယ့် အဲ့ဒီလူတွေကို အချိန်မီ စစ်ဆေးမပေးနိုင်တာကြောင့် အိမ်ပြန်လွှတ်နေရတယ်လို့ ရန်ကုန်တိုင်း အဖျားဆေးခန်းတွေ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“လောလောဆယ် Fever Clinic မှာ ဒီရက်ပိုင်းလူနာက ငါးဆယ်နဲ့ တစ်ရာကြားမှာရှိတယ်။ အနံ့ပျောက်က ၂၀ နဲ့ ၃၀ ကြားရှိတယ်။ အရေးပေးနဲ့ အရေးပေါ်မဟုတ်တာ ပြန်ခွဲတယ်။ ရန်ကုန်မှာ လက်ရှိလုပ်နေတဲ့ ဆေးခန်း ၂၀ ရှိတယ်။ ဆေးခန်းတစ်ခုကို ပြန်လွှတ်တဲ့လူ ၂၀ ဆိုရင်တောင် ပြန်လွှတ်တဲ့သူ လေးရာရှိတယ်။ အိမ်ပြန်လွှတ်တာ တစ်ရက်နှုန်းထားကို လေးရာ အနည်းဆုံးရှိတယ်။ ပြန်လွှတ်ပြီးတော့ အိမ်မှာ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတာမျိုး ပြောပြီး ပြန်လွှတ်ရတယ်။ ကနဦးအချက်အလက်တွေအရ ကိုဗစ်သံသယလို့ တွက်လိုက်သူတိုင်း positive များတယ်။ သုံးပုံ နှစ်ပုံက positive ထွက်တယ်။ ပြန်လွှတ်လိုက်တဲ့ ၄၀၀ မှာ positive ထွက်တာ ၃၀၀ လောက်ရှိတယ်”

ဒီလိုသံသယရှိတဲ့ လူနာတွေကို အရင်က ဆေးရုံတွေကိုပို့ပြီး ဆေးစစ်ခဲ့တာဖြစ်ပေမယ့် အခုဆေးရုံတွေမှာ လူနာတွေပြည့်နေတာကြောင့် နေအိမ်တွေကိုပြန်လွှတ်ပြီး ဆေးစစ်ဖို့ စောင့်ခိုင်းနေရတာလို့ ဆိုပါတယ်။ နိုင်ငံတကာတော်တော်များများမှာ သံသယလူနာတွေ အခြေအနေသိပ်မဆိုးတဲ့ ကူးစက်လူနာတွေကို နေအိမ်တွေမှာပဲ အသွားအလာ စောင့်ကြည့်ခိုင်းတာတွေ လုပ်နေပေမယ့် မြန်မာနိုင်ငံလို အနေအထားနဲ့ အဲ့ဒီလိုလုပ်ဖို့ဆိုတာ မလွယ်ကူဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် Fever Clinic က ဆရာဝန်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပေါင်းပြီး မြို့နယ်တိုင်းမှာ Isolation စင်တာလို့ခေါ်တဲ့ ရောဂါလက္ခဏာပြတဲ့သူတွေအတွက် စောင့်ကြည့်ရေးစင်တာတွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံအိမ်တွေက ၁၀ ပေ ၁၅ ပေခန့်ပဲရှိတာ။ ကျယ်တာဆိုမှ  လေးငါးဆယ်ပဲရှိတာ။ တချို့က မိသားစု လေးငါးစုနေတာလေ။ လူအရမ်းများတော့ အိမ်ပေးပြန်ဖို့ တကယ်မသင့်တော်ဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ Isolation ဆိုတဲ့ လူနာသီးခြားထားဖို့ စင်တာတွေ လုပ်လိုက်တယ်။ မြို့နယ်အဆင့်တိုင်း သတ်မှတ်တယ်၊ အဲ့ဒီနေရာမှာ Swab မယူဘဲ ခွဲထားမှာ။ ဆေးရုံတွေမှာ နေရာလွတ်တာနဲ့ အဲ့ဒီဆေးရုံတွေကို ပို့မယ်။ Swab ယူမယ်။ Swab ယူပြီး အဖြေထုတ်ပြီးတော့ Positive ဆိုရင် ကိုဗစ်ကုသရေး ဆေးရုံပို့မယ်။ negative ဆိုရင် အိမ်ပြန်ပို့မယ်”

လူဦးရေ ၅၄ သန်းနီးပါးရှိတဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူဦးရေ တစ်သောင်းကျော်လာပါပြီ။ သေဆုံးတဲ့သူက ၂၀ဝ ကျော်ရှိနေတာပါ။ ရာခိုင်နှုန်းအားဖြင့် တွက်မယ်ဆိုရင် မြန်မာနိုင်ငံက လူဦးရေ ၅၄ သန်းရဲ့ တစ်သောင်းမှာ ၂ ယောက်ကျော် ရောဂါကူးစက်ခံနေရတာ ဖြစ်ပါတယ်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒေါက်တာခင်ခင်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တစ်နေ့ကို လူအယောက် ၅၀၀၀ လောက်ကိုပဲ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။

“လက်ရှိပိုးတွေ့တာများနေတာ ပိုးတွေ့နိုင်တဲ့ အခြေအနေရှိတဲ့သူတွေကို စစ်ဆေးလို့တွေ့နေတာပါ။ ကျမတို့ နေ့စဉ်စစ်နေတာ ငါးသောင်းမဟုတ်ဘူး။ တစ်သောင်းနှစ်သောင်း မဟုတ်ပါဘူး။ နေ့စဉ်စစ်နေနိုင်တာ ၅၀၀၀ ကျော်လောက်ပဲ။ ဒါဟာ မိုင်ကုန်လောက်ဖြစ်နေပါပြီ။ လက်ရှိ နေ့စဉ်ကူးစက်နေတဲ့ ၅၀၀ ကျော် ၆၀၀ လောက်ဟာ peak အနေအထားလို့ ပြောလို့ရပါတယ်”

မြန်မာနိုင်ငံရဲ့ အချက်အခြာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတွေ အများဆုံးရှိတာဖြစ်ပါတယ်။

ရောဂါကူးစက်ထိန်းချုပ်နိုင်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဒေါက်တာကျော်စွာဦးက ကိုဗစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကသူတွေမှာ အများဆုံးတွေ့နေရတာက အနံ့မရတဲ့ လက္ခဏာလို့ပြောပါတယ်။

“ပြည်သူတွေကြားထဲမှာ အနံ့ပျောက်တယ်ဆိုတာက ကိုဗစ်ရဲ့ အဓိက လက္ခဏာပြနေတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီ  အနံ့ပျောက်တဲ့သူ တော်တော်များများကို ဆေးစစ်ကြည့်လိုက်တဲ့အခါမှာ သူတို့မှာ ကိုဗစ် Positive လက္ခဏာတွေ ပြနေတာ တွေ့ရတယ်”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူနာသစ်တွေထားဖို့ ဆေးရုံတွေ စောင့်ကြည့်ရေးစခန်းတွေ လုံလုံလောက်လောက်ပြင်ဆင်နေတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ပြည်သူလူထုကို တင်ပြတဲ့ မိန့်ခွန်းမှာ ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် သီးသန့်ငွေ မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀၀ ကျော် သုံးစွဲနေတယ်လို့လည်း ဆိုထားတာပါ။

“ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေ လုံလုံလောက်လောက်ရှိအောင်၊ လူကယ်ပြန်နဲ့ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အစိုးရတွေနဲ့ပေါင်းပြီးတော့ quarantine center တွေလုံလုံလောက်လောက်ရှိအောင်၊ စေတနာ့ဝန်ထမ်းတွေရော၊ လိုအပ်တဲ့တခြားဝန်ထမ်းတွေရော ပစ္စည်းပစ္စယတွေရော ဆေးရုံတွေထဲမှာလည်း ဆေးပစ္စည်းတွေ ဆေးဝါးတွေ လုံလုံလောက်လောက်ရှိအောင်လုပ်နေပါတယ်”

မြန်မာနိုင်ငံအတွင်း ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ရောဂါပိုးကူးစက်ခံထားရတဲ့သူတွေ ရှိနေတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ တစ်သောင်းတစ်ထောင်ကျော်မှာ သေဆုံးတဲ့သူက ၂၅၀ ကျော်ရှိတာပါ။ ဒါကြောင့် ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် ကူးစက်ခံရတဲ့သူ အယောက် ၁၀၀ မှာ ၂ ယောက် သေဆုံးနေတာဖြစ်ပါတယ်။ အယောက် ၁၀၀ မှာ ၂၆ ယောက် ရောဂါပြန်သက်သာလာနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားပြီးရင်  ရောဂါကူးစက်ခံရသူ အများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာ  ရောဂါကူးစက်ခံရသူ ၂ သိန်း ၈ သောင်းလောက်မှာ ၁ သောင်းကျော် သေဆုံးနေတာမို့  ရာခိုင်နှုန်းအားဖြင့် သေဆုံးသူ  ၃.၇ ရာခိုင်နှုန်း ရှိတာပါ။

မြန်မာနိုင်ငံကတော့ ပိုးတွေ့လူနာ တစ်သောင်း တစ်ထောင် ကျော်မှာ လူ ၂၅၀ ကျော်လောက် သေဆုံးနေတာကြောင့် ရာခိုင်နှုန်းအားဖြင့်တွက်ရင် ပိုးတွေ့လူနာရဲ့ ၂.၂ ရာခိုင်နှုန်း သေဆုံးနေတာဖြစ်ပါတယ်။ ဒီပမာဏဟာ အာဆီယံနိုင်ငံတွေထဲမှာနှိုင်းယှဉ်ရင် ဒုတိယသေဆုံးမှု ရာခိုင်နှုန်း အများဆုံး နိုင်ငံဖြစ်နေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Suspected-virus-patients-and-fever-clinic-in-Yangon-09292020103707.html

အချိန်မီ ဆေးမစစ်နိုင်လို့ သံသယလူနာ တစ်နေ့ ၄၀၀ ခန့် အိမ်ပြန်လွှတ်နေရ  အချိန်မီ ဆေးမစစ်နိုင်လို့ သံသယလူနာ တစ်နေ့ ၄၀၀ ခန့် အိမ်ပြန်လွှတ်နေရ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.