ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ

COVID-19 ကာလ ကချင်လူမှုအဖွဲ့အစည်း ထွယ်ဂျန်ဒါက လိုက်လံ ကူညီထောက်ပံ့ပေးနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Htoi Gender and Development Foundation - စက်တင်ဘာ ၀၄၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး လူရာနဲ့ချီ တွေ့ရှိလာချိန် ကူးစက်မှုကာကွယ်နိုင်ရေး အသွားအလာကန့်သတ်မှု အမိန့်စည်းမျဉ်းတွေကြား နေ့စဉ်လူနေမှု ဘဝစားဝတ်နေရေး အခက်တွေ့လာကြတဲ့ တိုင်းရင်းဒေသက လူထုရဲ့အခက်အခဲနဲ့ လူမှုအဖွဲ့တွေ လိုက်လံကူညီပေးနေကြတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်သူပေါင်း မြန်မာနိုင်ငံတဝှမ်းမှာ ၃,၀၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိလာတဲ့အတွက် ရန်ကုန်၊ ရခိုင်စတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အစီအမံတွေနဲ့ နေအိမ်တွေထဲမှာပဲ ပြည်သူတွေ နေကြဖို့ အမိန့်ထုတ်ပြန်တာအပါအဝင် ဒေသတခုနဲ့တခုကြား လမ်းပန်းဆက်သွယ်ရေးခရီးသွားလာရေးတွေ စည်းမျဉ်းတင်းကြပ်မှုတွေ ရှိလာပါတယ်။

ဒီလိုဒေသတွင်း ကုန်စည်စီးဆင်းမှုတွေ ရပ်တန့် စီးပွားရေးလုပ်ငန်းတွေ ခေတ္တရပ်နားလိုက်ရတာတွေရှိလာလို့ လုပ်ငန်းခွင်နဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာရပြီး ပြည်သူလူထုရဲ့နေ့စဉ်စားဝတ်နေရေး အခက်အခဲဖြစ်လာကြတဲ့ အခြေအနေကို လူမှုအဖွဲ့အစည်းတွေနဲ့ စေတနာရှင်အလှူရှင်တွေက လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဝိုင်းဝန်းကူညီပေးနေကြပါတယ်။

ပြည်တွင်းကူးစက်မှုတွေ များလာလို့ ညမထွက်ရအမိန့်အပါအဝင် မြို့တွင်း မြို့ပြင် အသွားအလာ အဝင်အထွက် ကန့်သတ်ထိန်းချုပ်မှုတွေ တင်းကြပ်ထားဆဲ ရခိုင်ပြည်နယ်က ပြည်သူလူထုရဲ့ စားဝတ်နေရေးအခက်အခဲနဲ့ လူမှုအဖွဲ့အစည်းတွေဘက်က လိုက်လံကူညီပေးနေရတဲ့အနေအထားကို အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်ဦးအောင်ဌေးက အခြေအနေပြောပြပါတယ်။

"လောလောဆယ်က ရခိုင်မှာက ၁၇ မြို့နယ်စလုံးက Lock-down အခြေအနေရောက်သွားပြီဆိုတော့ တော်တော့်ကို အခက်အခဲ ကြုံနေကြရတာပေါ့နော်။ အဓိက လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတာက တော်တော်ကိုဆိုးပါတယ် ခင်ဗျာ။ မြို့နယ်အလိုက် လူမှုကူညီအဖွဲ့တွေနဲ့ နီးစပ်ရာတော့ ကူညီပေးနေကြတယ်။ အဓိကကတော့-စားဝတ်နေရေး အခက်အခဲရှိတယ်။ နောက် ညရေး ညတာပေါ့နော် ... တခုခုအရေးဟယ် အကြောင်းဟယ်ဆိုရင်လည်း သွားရလာရတာ အတော်လေး အခက်အခဲရှိတယ်။ အခုဆို မြေပုံကနေ လက်နက်ကြီးကျည်ကျလို့ အခုထိသတိမရသေးတဲ့ ကလေးမလေးတယောက်ရှိတယ် ကျနော်တို့စစ်တွေမှာ။ သူဆိုအခုအရမ်း အခက်အခဲဖြစ်တယ် သူ့ကို ရန်ကုန်လိုခေတ်မီတဲ့ ဆေးဝါးကိရိယာစုံတဲ့ ဆေးရုံလိုနေရာကို ပို့ရမှာလေ။ အဲ့တာအသွားအလာ ခက်ခဲမှုရှိတော့ မပို့ရဘူးဆိုတော့ ဒီနေ့ဆို ၅ ရက်မြောက်နေ့ဖြစ်ပြီ။ ပြီးတော့တချို့နေရာတွေဆို ညဘက် မီးဖွားဖို့လို ဆေးရုံပို့ရမယ့်ကိစ္စတွေကျတော့လည်း လူမှုအဖွဲ့တွေက လိုက်လံကူညီပေးနေရတဲ့အနေအထား ရှိပါတယ်။"

ကချင်ပြည်နယ်တွင်းမှာလည်း အဓိက ကိုဗစ်၁၉ ကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ နေ့စဉ်ပုံမှန်စားဝတ်နေရေးနဲ့ ရေရှည် မိသားစုရပ်တည်ဖို့ ခက်ခဲလာနေတဲ့ အမျိုးသမီးဦးဆောင်တဲ့ မိသားစုတွေ မသန်စွမ်းပြည်သူတွေအတွက် ကချင်လူမှုအဖွဲ့အစည်းတွေက လိုက်လံ ကူညီထောက်ပံ့ပေးနေကြတယ်လို့ Htoi Gender and Development Foundation ရဲ့ ဒါရိုက်တာဒေါ်နန်ပူက ပြောပြပါတယ်။

"လူတွေက အရမ်းကို ခက်ခဲလာကြတယ်လေ အထူးသဖြင့် COVID အချိန်မှာ အလုပ်တွေကမရှိ ဝင်ငွေတွေမရှိ အရမ်းကိုခက်ခဲတော့ ကျမတို့က ကျမတို့ကို လှူပေးတဲ့အလှူရှင်အဖွဲ့အစည်းတွေနဲ့ အကူအညီတောင်းပြီးမှ ကျမတို့ အလှူပေးကြတယ်။ အခုက ဒုက္ခသည်စခန်းတွေကိုလည်း အကုန်လုံး ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်လုံလောက်ပါ့မလဲ။ အခုမြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နား ဝန်းကျင်က ရွာတွေမှာ ကျမတို့ကူညီနေတာပါလို့ ဆီ၊ ကုလားပဲ၊ ဆန် ၄အိတ်ဆီပေါ့နော်။ ဒီရွာတွေမှာ ဆင်းရဲပြီး မသန်စွမ်းတဲ့သူတွေ၊ ဆင်းရဲတဲ့အမျိုးသမီးတွေ ဦးဆောင်တဲ့အိမ်တို့ပေါ့။ အဲ့သလို ကိုဗစ်ကြောင့် ခရီးလည်းထွက်လို့မရ အိမ်ပြင်လည်း ထွက်လို့မရ ထွက်လို့ရပြန်တော့ အလုပ်တွေက မရှိ ... ဆိုတော့ ဝင်ငွေတွေ မရတဲ့အခါမှာ အရမ်းကိုပဲ စားဝတ်နေရေးအရမ်းကို ခက်ခဲတယ်။ အိမ်တွေထဲမှာပဲ နေကြရတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်တယ်။ ကိုဗစ်ကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အကြမ်းဖက်ခံရမှုတွေက များလာတာပေါ့နော်။"

ကိုဗစ်၁၉ ကပ်ရောဂါကာလ လူတွေအိမ်ထဲမှာပဲနေကြဖို့ဆိုထားချိန် အဓိက အခြေခံလူတန်းစားနဲ့ လက်လုပ်လက်စားမိသားစုတွေမှာ နေ့စဉ်လူနေမှု စားဝတ်နေရေး အတော်လေးအခက်တွေ့နေကြရတာမို့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေဘက်က ရပ်ကွက်မြို့နယ်ကျေးရွာ အဆင့်ဆင့် ထိရောက်တဲ့ အကူညီတွေ အရေးပေါ်ကူညီပေးပါလို့ ရခိုင်လူထုကို လိုက်လံကူညီပေးနေတဲ့ ဦးအောင်ဌေးကလည်း မေတ္တာရပ်ခံပါတယ်။

"ကျနော်တို့ အဓိက ပြောချင်တာကတော့ အခြေခံလက်လုပ်လက်စားတွေကို အစိုးရက ထိထိရောက်ရောက် စည်းစနစ်တကျ အကူအညီတွေ ပေးစေချင်ပါတယ်။ တနေ့ရှာမှ တနေ့စားရတဲ့သူတွေအတွက်က အပြင်မထွက်ရဆိုလို့လည်း အဆင်မပြေဘူးလေ။ သူတို့ကိုလိုအပ်တာတွေ ထောက်ပံ့ပေးနိုင်မှုအားကလည်း နည်းတာကို ကျနော်တို့တွေ့တယ်ဗျ။ အခြေခံလက်လုပ်လက်စား ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေက နောက် အဓိက ဆိုက်ကားနင်းစားတဲ့သူမျိုးပေါ့ အနှေးယာဉ်သမားတွေဆို တော်တော့်ကို ဒုက္ခရောက်သွားတာရှိတယ်။ လူတွေအပြင်ကို မထွက်ကြတော့ ဝင်ငွေက တော့်တော့်ကိုနည်းသွားတာပေါ့နော်။ အဲ့တာမျိုးတွေဆို ရပ်ကွက်အပိုင်အုပ်ချုပ်ရေးအာဏာပိုင်ကနေ အဓိကထားပြီး အကူအညီတွေပေးသင့်ပါတယ်။"

အခြေခံလက်လုပ်လက်စားတွေအတွက် ဦးအောင်ဌေး အကြံပြုသလိုပါပဲ ကချင်လူထုကို အကူအညီပေးနေတဲ့ ဒေါ်နန်ပူကလည်း ကိုဗစ်ကာလ နေအိမ်တွေထဲမှာ နေပြီး ဝင်ငွေရနိုင်မယ့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေနဲ့ လူထု နေ့စဉ်လူမှုဘဝတွေ အဆင်ပြေအောင် အစိုးရဘက်က စီစဉ်ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။

"ကျမကတော့ အစိုးရကနေပြီးတော့မှ ဒီလိုဆင်းရဲပြီး ခက်ခဲတဲ့ အမျိုးသမီးတွေ အမျိုးသမီးအိမ်ထောင်ဦးစီးတွေ မသန်စွမ်းတွေအတွက်ကို အလေးဂရုပြုပြီးတော့မှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အထူးသဖြင့် COVID အချိန်မှာ ကြုံနေရတဲ့ စားဝတ်နေရေးအခက်အခဲကြံုနေရတဲ့မိသားစုတွေ ကိုဗစ်အချိန်မှာ ဘာလုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပုံမှန်ဝင်ငွေရမယ့် လုပ်ငန်းလေးတွေ စီစဉ်ပေးဖို့ရန် လိုအပ်ပါတယ်လို့ အစိုးရတွေကိုပြောချင်ပါတယ်။ အစိုးရတွေကလည်း ကိုဗစ်ကြောင့် စားဝတ်နေရေး ခက်ခဲတဲ့ ဝင်ငွေထိခိုက်တဲ့သူတွေကို လုပ်ငန်းတွေစီစဉ်ပေးမယ်ဆိုပြီး စီမံကိန်းတွေတော့လုပ်တယ်။ စိုက်ပျိုးရေးတွေ အများကြီးပဲ စီစဉ်တာတွေ့တယ်။ ဒါပေမဲ့ မရောက်ဘူးနော် ဘာမှကိုမကြားဘူး ကျမတို့ ပြည်နယ်တွေဘက်မှာ အဲ့လိုမျိုးတွေဖြစ်တယ်။"

လနဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ COVID 19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ မြန်မာအပါအဝင် ကမ္ဘာတဝှမ်း ပိုးကူးစက်မှုကာကွယ်ရေး ကန့်သတ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းတွေ ကုန်စည်စီးဆင်းမှုတွေ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ပြီး လူမှုစီးပွားဘဝ အခက်အခဲတွေကြုံလာရချိန်မှာတော့ ဒီအခြေအနေကို ကျားကန်နိုင်ရေး အစိုးရတာဝန်ရှိသူတွေဘက်ကချေးငွေချပေးတာမျိုး ထောက်ပံ့ကြေးပေးတာမျိုး စတဲ့စီမံချက်တွေနဲ့ စီစဉ်နေပေမဲ့ အခြေခံလူတန်းစားပြည်သူလူထုမှာ အခက်အခဲအကြပ်အတည်းတွေ အတော်လေးဖြစ်နေကြတာမို့ ရေရှည်အစီအမံတွေနဲ့ လူထုဘဝ ပြေလည်အောင် စနစ်တကျဖြေရှင်းပေးဖို့ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-kachin/5584078.html

ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.