ကိုဗစ်လူနာတွေ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုမယ်

သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တိုးချဲ့ တည်ဆောက်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ)

ကိုဗစ်ကူးစက်သူ နေ့စဥ် ၃၀၀ ခန့် ဆက်တိုက်တိုးနေပြီး ကုသရေးစင်တာတွေ အရေးပေါ်တိုးချဲ့တည်ဆောက်နေချိန်မှာ ကိုဗစ်လူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ ပါတယ်။

ကိုဗစ်လူနာတွေက နေ့တိုင်းနီးပါး ရာချီ တိုးလာနေတဲ့အထဲမှာ ရန်ကုန်က နေစဉ့်အများဆုံးလည်း ဖြစ်နေတုန်းပါ။ မနေ့ကတွေ့ရှိတဲ့ အတည်ပြုလူနာ ၃၂၂ ဦးထဲမှာ ရန်ကုန်က ပိုးတွေ့သူက၂၀၈ယောက် ပါပါတယ်။

ဒီကနေ့ ညနေ ၄နာရီ ထုတ်ပြန်ချက်အရဆိုရင် သေဆုံးသူ ၆ယောက်ထပ်တိုးလာပါတယ်။ ဒါကြောင့် စုစုပေါင်းသေဆုံးသူကတော့ ၈၁ဦး ရှိပါပြီ။

ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုဖို့အတွက်ကိုတော့ ပုဂ္ဂလိကဆေးရုံတွေက အဆိုတင်ကြရမှာဖြစ်ပြီး အဲဒီလိုတင်လာတဲ့ အပေါ် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုအတိုင်းအတာနဲ့ ဘယ်လိုစည်းမျဉ်းတွေနဲ့ ခွင့်ပြုပေးမယ်၊ ဘယ်လိုလူနာမျိုးတွေကို ခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတွေကို ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိမှာ ရေးဆွဲနေတယ်လို့ ဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်လူနာတိုးလာချိန် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်ကတည်းက အဲဒီလို ကုသနိုင်ဖို့ ဆွေးနွေးနေတာ ဖြစ်ပြီး လမ်းညွှန်တွေ ရေးဆွဲနေတာ ပြီးစီးလောက်ပြီ ဖြစ်လို့ ကုသရေး မကြာခင် ဖြစ်လာမယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

သတ်မှတ်ချက်တွေထဲမှာတော့ ICU အထိ ကုသမှုပေးနိုင်မယ့် ဆေးရုံမျိုးတွေ၊ အဆင့်တန်းမီမီ ကုသမှု ပေးနိုင်တဲ့ ဆေးရုံမျိုးတွေကို ရွေးချယ်နိုင်ရေးပါသလို၊ ပြင်ပဆေးရုံတွေက ပေးနိုင်မယ့် ကုသမှုမျိုးနဲ့ ကုန်ကျမယ့် အခကြေးငွေဆိုင်ရာ ညှိနှိုင်းမှုတွေကတော့ နှစ်ဖက် ထပ်မံညှိ နှိုင်းမှု ပြုလုပ်သွားဖို့ ကျန်းမာရေးက ပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တိုးချဲ့ တည်ဆောက်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ)

အဲဒီလိုကုသမှုပေးခွင့်ပေးတာအပြင် တခြားသော လူနာနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက် ဖလှယ်တဲ့ ကိစ္စအပါအဝင် ထိတွေ့မှုတွေကို လိုက်လံစုံစမ်းတဲ့ကိစ္စနဲ့ ကျန်းမာရေးဌာနနဲ့ ပုဂ္ဂလိကအကြား ဆောင်ရွက်နိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေက လူနာ ကုသရေးကို ပြင်ပဆေးရုံက တာဝန်ယူပြီး လူနာနဲ့ ထိတွေ့သူ စုံစမ်းတဲ့ အပိုင်းမျိုးကို ကျန်းမာရေးဝန်ကြီးဌာနက ဆက်ပြီး တာဝန်ယူရမယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ရောဂါစစ်ဆေးမှုကို ကျန်းမာရေးဌာနကသာ လုပ်ဆောင်နိုင်သေးတာ ဖြစ်တဲ့အတွက် ဝန်ကြီးဌာနက ရရှိတဲ့အတည်ပြုလူနာတွေကို သူတို့ရဲ့ သဘောဆန္ဒအရသာမက ရောဂါလက္ခဏာပေါ် မူတည်ပြီး ပြင်ပမှာ ကုသခွင့်ပေးဖို့လည်း ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေ တိုးလာချိန်မှာ လူနာတွေကိုထားဖို့ ယာယီကုသရေးဆေးရုံ ၃ ခုထိ တိုးချဲ့ပြင်ဆင်ခဲ့ပြီး လှိုင်နဲ့ ဒဂုံဆိပ်ကမ်းက ကွာရန်တင်းစင်တာတွေကို အခုအခါ ယာယီကုသရေးဆေးရုံအဖြစ် အသွင်ပြောင်းထားပြီး ဖြစ်ပါတယ်။

လူနာ ၄၁၆ ဦး ထားရှိကုသနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ) မှာတော့ အတည်ပြုလူနာတွေကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကစပြီး စတင်ထားရှိကုသတော့မှာ ဖြစ်ပါတယ်။

သုဝဏ္ဏ ကိုဗစ်ကုသရေးဌာနကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ စက်တင်ဘာ ၁၄ ရက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ငါးရက်အတွင်း အပြီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၁၈ရက်နေ့အထိ စစ်ဆေးပြီး အတည်ပြုထားတဲ့ ကိုဗစ်လူနာအရေအတွက်က တော့ ၄၆၂၁ဦးအထိရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ၁၁၃၀ ဦးအထိရှိနေပါပြီ။



BBC Burmese

https://www.bbc.com/burmese/burma-54219465

ကိုဗစ်လူနာတွေ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုမယ်  ကိုဗစ်လူနာတွေ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ပြုမယ် Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.