နှင်းဆီပါတီဥက္ကဋ္ဌကို ထိန်းသိမ်းလိုက်ပြီလို့ သမ္မတရုံး အတည်ပြု

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို တွေ့ရစဉ်

Photo: United Democratic Party-UDP


နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ဦးကျော်မြင့်ကို မနေ့ညက ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၄ အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်တယ်လို့ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းထောက်တွေကို အွန်လိုင်းစာမျက်နှာကနေ ပြောတာ ဖြစ်ပါတယ်။

ဦးကျော်မြင့်နဲ့ ပတ်သက်တဲ့ တခြားစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စိစစ်၊ ဖော်ထုတ်နေတယ်၊ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးဘဲ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို မိမိအားစွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်သောပြစ်မှုအတွက်ဖြစ်စေ ဥပဒေနဲ့အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင် သို့မဟုတ် ဥပဒေနဲ့ ဆန့်ကျင်ပြီး ဟန့်တားလျှင်၊ သို့မဟုတ် ထိုပြစ်မှုအတွက် ဥပဒေနဲ့အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင် သို့မဟုတ် ထွက်ပြေးဖို့ အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော် အိမ်တော်သတင်းထောက်တစ်ဦးက ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ရာဇဝတ်မှုနဲ့ထောင်ကျပြီး ထွက်ပြေးသွားတယ်ဆိုတာ ပေါ်ပေါက်နေတဲ့အတွက် သူ့ကို တစ်စုံတစ်ရာ အရေးယူဖို့ စီစဉ်နေသလား၊ ဦးကျော်မြင့်ဟာ ထောင်ပြေးဖြစ်လျက်နဲ့ နိုင်ငံတော်က ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ညှိနှိုင်းလက်ခံခဲ့တာလဲ၊ ဦးကျော်မြင့် ကိုင်ဆောင်ထားတာ တရုတ်နိုင်ငံကူးလက်မှတ်လား၊ ကနေဒါနိုင်ငံက ထုတ်ပေးတဲ့ ခရီးသွားလက်မှတ်လား စသဖြင့် သမ္မတရုံးကို မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက မေးခွန်းပါအချက်အားလုံးနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေက လိုအပ်တဲ့ စုံစမ်းစိစစ်မှုတွေ ဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၂၉ က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုဖြေကြားပြီးနောက် စက်တင်ဘာ ၂၉ ညပိုင်းမှာပဲ ရဲတပ်ဖွဲ့က ဦးကျော်မြင့်ကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးနဲ့ NLD ပါတီပြီးရင် မဲဆန္ဒနယ် ဒုတိယ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။

ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာသလို မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

သူဟာ UWSA ဝ တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိတဲ့သူဖြစ်သလို စစ်အစိုးရလက်ထက်က သူရဲ့ မြန်မာကျုံယွမ် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်း၊ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ထွက်ပြေး လွတ်မြောက်သွားသူလို့လည်း လူသိများပါတယ်။

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို ၂၀၁၀ ပြည့်နှစ် မေလက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ခွင့်ပြုတဲ့ ပါတီအမှတ်စဉ်က (၁၆) ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေအရ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/udp-rose-party-u-kyaw-myint-arrested-09302020085310.html

နှင်းဆီပါတီဥက္ကဋ္ဌကို ထိန်းသိမ်းလိုက်ပြီလို့ သမ္မတရုံး အတည်ပြု  နှင်းဆီပါတီဥက္ကဋ္ဌကို ထိန်းသိမ်းလိုက်ပြီလို့ သမ္မတရုံး အတည်ပြု Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.