ကုလ အထွေထွေညီလာခံမှာ ကိုဗစ်အရေး အဓိက ဆွေးနွေးကြမယ်

မနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၉)

ကုလသမဂ္ဂ အထွေထွေညီလာခံကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာလည်း ဒီနှစ်ညီလာခံကို ဗွီဒီယို ဆက်သွယ်ရေးကနေတဆင့် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ညီလာခံအတွင်း ကမ္ဘာ့ခေါင်းဆောင်တွေဟာ COVID-19 ကပ်ရောဂါ ကူးစက်မှုကို တိုက်ဖျက်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းတွေအရတော့ ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်သူ သန်း ၃၀ ကျော်နဲ့ သေဆုံးသူ ၁ သန်းနီးပါး ရှိနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝန်း မညီမျှမှုတွေကို ပိုဖြစ်ပေါ်စေပြီး ဆယ်စုနှစ်နဲ့ချီပြီး ရလာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ ဒီပြဿနာကို ဗိုင်းရပ်စ်ကာကွယ်ဆေး တခုတည်းနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ် Guterres က သတိပေးပါတယ်။

အထွေထွေညီလာခံအတွင်း COVID-19 ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ရှုထောင့်မျိုးစုံကို ဆွေးနွေးဖို့အတွက် အစည်းအဝေး ၈၀ လောက် ပါဝင်မှာဖြစ်ပြီး ဒီထဲမှာ စက်တင်ဘာ ၃၀ ရက်နေ့ကျရင် ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) နဲ့ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေက ဦးဆောင်ပြီးတော့ ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီမှာတော့ အနာဂတ်မှာ ထွက်ပေါ်လာမယ့် ကာကွယ်ဆေးတွေကို သက်သက်သာသာနဲ့ အားလုံးရရှိနိုင်ဖို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တုံ့ပြန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက အလေးပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-general-assembly-covid/5589776.html

ကုလ အထွေထွေညီလာခံမှာ ကိုဗစ်အရေး အဓိက ဆွေးနွေးကြမယ် ကုလ အထွေထွေညီလာခံမှာ ကိုဗစ်အရေး အဓိက ဆွေးနွေးကြမယ် Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.