ကူဝိတ်စော်ဘွား ကွယ်လွန်

မှတ်တမ်းဓါတ်ပုံ -ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah

၂၀၀၆ ခုနှစ်ကစပြီး ကူဝိတ်နိုင်ငံကို အုပ်ချုပ်ခဲ့သူ ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ ပြီလို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ကြေညာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၁ နှစ်ရှိပါပြီ။

လွန်ခဲ့တဲ့ ၂ လလောက်ကပဲ ကူဝိတ်စော်ဘွားဟာ ခွဲစိတ်ကုသမှု တစ်ခုခံယူအပြီး အမေရိကန် လေတပ်ပိုင် C-17 အမျိုးအစား ဆေးရုံ လေယာဉ်နဲ့ အမေရိကန်နိုင်ငံကို လာရောက်ခဲ့တယ်လို့ NBC သတင်းဌာနက ပြောပါတယ်။

သူရဲ့ ညီဖြစ်သူ အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသား Sheikh Nawaf Al Ahmad Al Sabah ကစော်ဘွားအရိုက်အရာကိုဆက်ခံ ပြီး ရေနံကြွယ်ဝတဲ့ ကူဝိတ်နိုင်ငံရဲ့ ခေါင်းဆောင်သစ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ကွယ်လွန်သူ စော်ဘွား Sheikh Sabah ဟာ အာဏာမရခင်က ကူဝိတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်ဖြစ်ခဲ့ပြီး အဲဒီအချိန်က ၁၉၉၀ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲအတွင်း ပျက်ယွင်းခဲ့ရတဲ့ အီရတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင်၊ အီရတ်၊ ဆီရီးယားအပါအဝင် စစ်ဒဏ်ခံနေရတဲ့နိုင်ငံတွေအတွက် ရန်ပုံငွေ ရှာဖွေရေး ဆွေးနွေးပွဲ ညီလာခံတွေကိုလည်း ဦးဆောင် ကျင်းပပေးခဲ့သူ ဖြစ်သလို ကာတာနဲ့ တခြား အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာနေတာကိုလည်း ကြားဝင် စေ့စပ် ပေးခဲ့သူ ဖြစ်ပါတယ်။

သူ ကွယ်လွန်တဲ့ သတင်းကို ကြားရပြီးတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ ပြောခွင့်ရက Sheikh Sabah ကို ကုလသမဂ္ဂရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်လို့ ခေါ်ဆိုလိုက်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး တည်တံ့ရေးဆိုတဲ့ ရည်ရွယ် ပန်းတိုင်ကို အားကောင်းခိုင်မာအောင် အမြဲတမ်း အားထုတ် လုပ်ကိုင်သူတစ်ယောက် ဖြစ်တယ်လို့လည်း ချီးကျူး စကား ပြောကြား ခဲ့ပါတယ်။

ကွယ်လွန်သူ စော်ဘွားဟာ ၁၇၅၂ ခုနှစ်က တည်ရှိခဲ့တဲ့ ကူဝိတ်နိုင်ငံရဲ့Al Sabah နန်းဆက်က ဆင်းသက်သူဖြစ်ပြီး ကူဝိတ်ကို ၁၅ ယောက်မြောက် အုပ်စိုးသူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဆီက ၁၉၆၁ ခုနှစ်ကလွတ်လပ်ရေးရပြီးနောက်ပိုင်း ပဉမ္စမြောက် စော်ဘွား ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/kuwait-emir-sheikh-pass-away-/5603002.html

ကူဝိတ်စော်ဘွား ကွယ်လွန် ကူဝိတ်စော်ဘွား ကွယ်လွန် Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.