ရခိုင်က စစ်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ကျောင်းသားသုံးဦးကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်

စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ နဲ့ အမှုဖွင့်

ရခိုင်ပြယ်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးရှေ့မှာ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသုံးဦးကို စက်တင်ဘာ ၁၀ ရက် ဒီကနေ့ မွန်းလွဲချိန် ၂ နာရီခွဲဝန်းကျင်မှာ စစ်တွေမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ အပါအဝင် ပုဒ်မ သုံးခုနဲ့ အမှုဖွင့် ရမန်ယူခဲ့ပါတယ်။

အဲ့ဒီကျောင်းသားသုံးဦးဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး တာကို ပြည်နယ်အစိုးရအဖွဲ့က မသိကျိုးကျွံပြုနေတယ်ဆိုပြီး အစိုးရကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

မနေ့က သူတို့ ဆန္ဒထုတ်ဖော်ချိန်မှာ သူတို့ရဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက်တွေကို လာရောက် အားပေးခဲ့ကြသူတွေ ရှိခဲ့ပါတယ်။

သူတို့သုံးဦးကို ၂၄ နာရီကျော်လွန်တဲ့အထိ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့အတွက် ပြန်လည်လွှတ်ပေးဖို့ တက္ကသိုလ်ကျောင်းသားတွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့မှာ ပိုစတာတွေ ကိုင်ဆောင်ပြီး တောင်းဆိုနေကြတဲ့အချိန် လူစုလူဝေးတွေဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အရပ်သားသေဆုံးမှုတွေအတွက် ဆန္ဒပြ တောင်းဆို

ကျောင်းသားတွေအနေနဲ့ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားသုံးဦးကို တွေ့ခွင့်ရဖို့အတွက် ကြိုးစားခဲ့ကြပေမဲ့ တွေ့ခွင့်မရရှိခဲ့သလို ရဲစခန်းထဲကနေ နှင်ထုတ်ခံခဲ့ကြရတယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။

    ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဘာလို့ စစ်ဆန့်ကျင်ရေး ဆန္ဒပြကြတာလဲ

အခုလို ကျောင်းသားတွေအနေနဲ့ ဆန္ဒပြခဲ့ကြတာဟာ နိုင်ငံတော်ရဲ့မှားကွက်တွေ၊ တပ်မတော်ရဲ့မှားကွက်တွေကို ထောက်ပြခဲ့ကြတာသာ ဖြစ်တယ်လို့ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၃ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ကျခံရမှာ ဖြစ်ပါတယ်။


စစ်တွေရဲစခန်း

"ဒီအမှုမှာ ကျောင်းသားတွေက ကျွန်မတို့ကို အကူအညီတောင်းတယ်။ ပြီးတော့ ဒီကိစ္စကလဲ ဝန်းရံဖို့လိုအပ်တယ်။ ဆိုတဲ့အတွက်ပေါ့နော်၊ ကျွန်မတို့ အကုန်လုံး CSO တွေနဲ့ပူးပေါင်းပြီးတော့ ရှေ့နေတစ်ယောက်အနေနဲ့ ပါဝင်ပြီးတော့ ဝန်းရံဖြစ်တယ်။

သူတို့ရဲ့ ဥပဒေကြောင်းအရ လိုအပ်တာတွေ၊ တခြားမဖြစ်သင့်တာတွေကို မဖြစ်ဖို့အတွက် ဝင်ရောက်ပြီးတော့ ဝန်းရံပေးတာပဲဖြစ်ပါတယ်။ ဘေးစီမံ ဥပဒေပုဒ်မ ၂၅ နဲ့ ရမန်ယူတယ်။ အခုလာမယ့်အပတ် ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်"လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)က ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။

နေ့လယ်ပိုင်းက တရားရုံးထုတ်ပြီး ရမန်ယူတဲ့အချိန်မှာတော့ ပုဒ်မ ၂၅ တစ်ခုတည်းကိုသာ သိခဲ့ရပေမဲ့ တကယ်ကမ်း စွဲဆိုခဲ့တဲ့ ပုဒ်မတွေကတော့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ ရဲတပ်ဖွဲ့က စွဲဆိုပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ခရိုင်ဦးစီးမှူး ဦးအောင်စံရွှေက တရားလိုပြုပြီးတော့ ဘေးစီမံ ဥပဒေပုဒ်မ ၂၅/၂၉ တို့နဲ့ လည်း စွဲဆိုထားတယ်လို့ သိရပါတယ်။

အခုညနေပိုင်းစုံစမ်းမှုတွေအရ အဲ့ဒီကျောင်းသားတွေကို စစ်တွေမြို့ အမှတ် ၁ နယ်မြေ ရဲစခန်းအချုပ်ကနေ စစ်တွေမြို့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ လိုက်ပါကူညီပေးနေသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54103599

ရခိုင်က စစ်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ကျောင်းသားသုံးဦးကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်  ရခိုင်က စစ်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ကျောင်းသားသုံးဦးကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့် Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.