ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့်

တရုတ်မြန်မာနယ်စပ် ရွှေလီမြို့ရှိ နယ်စပ်စစ်ဆေးရေးဂိတ်။ (စက်တင်ဘာ ၃၀၊ ၂၀၀၇)

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတာတွေ အဆုံးသတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်စတင်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတဲ့ တရုတ်ရွှေလီမြို့ကို မနေ့က ညပိုင်းက ဖြေလျှော့လိုက်သလို မူဆယ်နယ်စပ် အကောက်ခွန်ဂိတ်ကိုလည်း တရုတ်နိုင်ငံက ဒီနေ့ပဲပြန်ဖွင့်လိုက်တာကြောင့် နှစ် နိုင်ငံက ကုန်ကားတွေ အပြန်အလှန်ဝင်ထွက်နေကြပါပြီ။

ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား နှစ် ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အသွားအလာကန့်သတ်မှုတွေ စတင်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စလို့ တရုတ်ဘက်သွားလို့မရဘဲ ၇ ရက်လောက် စောင့်နေရတဲ့ ကုန်ကား ၁၀၀ ကျော်ဟာလည်း ဒီနေ့ပဲ ဝင်ခွင့်ရကုန်ကြပြီလို့ မူဆယ်ဆန်ကုန်စည်ဒိုင်ရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက VOA ကိုပြောပါတယ်။

“ဒီနေ့အတိုင်းအတာနဲ့ပြောရရင် ရွှေလီမြို့ထဲကို အဝင်ကုန်ကားမျိုးစုံ ပစ္စည်းမျိုးစုံ မြန်မာပြည်ကဆိုရင် ဆန်တို့၊ ပဲတို့၊ သကြားတို့၊ ကြက်သွန်တို့၊ ငရုပ်သီးတို့၊ အခြားကုန်မျိုးစုံတင်ထားတဲ့ ကားအစီး ၁၃၀ လောက်က စဝင်နေပြီ ရွှေလီမြို့ထဲကို။ အဲဒီအတွက် ၇ ရက်တာ ရပ်ဆိုင်းသွားတဲ့ တရုတ်- မြန်မာ ကုန်သွယ်ရေးဟာ ဒီနေ့မှာတော့ ပြန်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ဝင်လို့ထွက်လို့ ရသွားပြီပေါ့လေ။”

တရုတ်နိုင်ငံဘက်က ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အထည်အလိပ်နဲ့ ဆေးဝါးပစ္စည်းတွေလည်း ဒီနေ့ပဲ မြန်မာနိုင်ထဲ ဝင်လာကြောင်းလည်း ပြောပါတယ်။

ရွှေလီမြို့ထဲမှာနေကြတဲ့ မြန်မာအလုပ်သမားအများစုလည်း ဒီနေ့ စက်ရုံတွေ၊ စျေးဆိုင်တွေမှာ အလုပ်ပြန်ဆင်းကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ပြန်ဝင်မယ် ဆိုရင်တော့ ရွှေလီမြို့ ကျန်းမာရေးဌာနက ထုတ်ပေးတဲ့ ကိုဗစ်ရောဂါစစ်ဆေးပြီးစီးကြောင်း အထောက်အထားစာရွက် ပြရမယ်လို့ ဒီနေ့အလုပ်ပြန်ဆင်းတဲ့ မြန်မာလုပ်သား ကိုနေမင်းဖြိုးက ပြောပါတယ်။

“ဒီနေ့ဆိုရင် အလုပ်တွေ တော်တော်များများ ပြန်လုပ်ရပြီလေ။ စက်ရုံတွေရော၊ ဒီလိုမျိုး အလုပ်သမားတွေရော အကုန်လုံး ဖွင့်တယ်၊ ဖွင့်တာကတော့ အခု။ သူတို့ကျန်းမာရေး စစ်ဆေးပြီးသား ဆိုပြီးတော့မှ စာရွက်ကလေးတွေ ပေးတာလေ၊ အဲဒီစာရွက် ရှိတဲ့သူဆိုရင် သွားလို့လာလို့၊ လုပ်လို့ရတယ်။ မရှိဘူးဆိုရင် ဖမ်းမယ်ပေါ့ အဲဒီလို။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်မှာ မြန်မာအလုပ်သမား ၂ယောက်မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ရွှေလီအာဏာပိုင်တွေက အရေးပေါ် ကျန်းမာရေးကန့်သတ်ချက်တွေချပြီး တမြို့လုံးအတိုင်းအတာနဲ့ ရောဂါစစ်ဆေးမှုတွေ တပတ်ကြာ လုပ်ခဲ့တာပါ။ မြန်မာ နှစ် ယောက်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက တည်ငြိမ်နေပြီလို့ တရုတ်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

ရွှေလီတမြို့နယ်လုံး ကိုဗစ်ရောဂါ စစ်ဆေးတာတွေ တပတ်လောက် လုပ်ပြီးတဲ့နောက်မှာ ရောဂါရှိသူ ထပ်မတွေ့တော့လို့ မြို့အချက်အချာ နေရာတွေမှာ အရေးပေါ် ကျန်းမာရေး ကန့်သတ်ချက်တွေကို မနေ့က စက်တင်ဘာ ၂၁ ရက်မှာ ဖြေလျှော့ပေးလိုက်ပြီး ညပိုင်းမှာလည်း တမြို့နယ်လုံး မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့တာပါ။

ယူနန်ပြည်နယ်ထဲ ကိုဗစ်အတည်ပြုလူနာ ထပ်မတွေ့တော့တဲ့အချိန် မြန်မာပြည်တွင်း အရေအတွက် မြန်မြန်ဆန်ဆန်တိုးလာတာကလည်း ကုန်သွယ်ရေးနဲ့ လူအဝင်အထွက်အတွက် အတားအဆီးအနေနဲ့ ရှိနေဦးမယ်လို့ ကုန်သည်တွေက မြင်ပါတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ လူအဝင်အထွက်ကန့်သတ်တာကတော့ အရင်အတိုင်း ဆက်ရှိနေလိမ့်မယ်လို့ VOA ကိုပြောပါတယ်။

“ကျနော်သိသလောက်ကတော့ လူအဝင်အထွက်က ဒီအတိုင်းပဲဗျ။ သူက (တရုတ်က) နည်းနည်း ကျနော့်အထင်ပြောရရင် ပိုပြီးတော့၊ သူတို့ ရွှေလီမှာ လုံးလုံး clear ဖြစ်သွားရင် ဒီဘက်ကဝင်မယ့်သူကို တအားကြပ်မယ့် သဘောတော့ ရှိတာပေါ့လေ။ သူတို့အားလုံး all negative ဗျ၊ စစ်ပြီးပြီ သူတို့တမြို့လုံးက။”

မြန်မာနိုင်ငံ ကိုဗစ်အတည်ပြုလူနာစတွေ့တဲ့ မတ်လကုန်ကစလို့ တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ပေါက်တွေကို လုံခြုံရေးတင်းကြပ်ထားပြီး လူအဝင်အထွက်ကိုလည်း ဒီနေ့အထိ ပိတ်ထားတာပါ။ ကုန်ကားတွေကတော့ ကျန်းမာရေးစစ်ဆေးမှု လုပ်ထားတဲ့ ယာဉ်မောင်းတွေနဲ့ နယ်စပ်ဂိတ်မှာ အပြန်အလှန် လူအစားထိုးဝင်ရောက်တဲ့ စနစ်ကို တရုတ်ဘက်က ကျင့်သုံးထားတာဖြစ်ပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/myanmar-china-border-ruili-muse/5592998.html

ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့် ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့် Reviewed by THITHTOOLWIN on 18:48 Rating: 5

No comments:

Powered by Blogger.