ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာ

ကျောက်တော်မြို့နယ်ထဲက အလယ်ကျွန်း၊ ကျောက်ဂူစု၊ မျောက်တောင်၊ သာစည်၊ ရွှေပြည် ရွာဟောင်း-ရွာသစ် စတဲ့ ရွာပေါင်း ၆ ရွာက ဒေသခံတွေဟာ မဟာမြတ်မုနိဘုရားကသိမ်တွေအပြင် စပါးဆိပ်၊ သာယာကုန်း၊ ရွာမပြင် စတဲ့ နေရာတွေကို ထွက်ပြေးခိုလှုံနေကြတာ ဒီနေ့အထိဆိုရင် လူ ၂ဝဝဝ ကျော်ရှိတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ဒီရွာတွေဟာ ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေဖြစ်ပြီး၊ တပ်မတော်ရေယာဉ်တွေ ခုတ်မောင်းရင်း ရွာတွေကို လှမ်းပစ်တာ၊ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းတွေ အချိန်မရွေး ရောက်လာနိုင်တာကြောင့် ရွာပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေက ပြောပါတယ်။

“အစိုးရတပ်က ပတ်ဝန်းကျင်တွေမှာ ပြဿနာဖြစ်လိုက် ကျနော်တို့ကို နှိပ်စက်လိုက်။ ပြည်သူတွေကို ရက်ရက်စက်စက်ဖမ်းလိုက်၊ ရိုက်လိုက် အိမ်တွေကို မီးရှို့လိုက်ပေါ့။ အဲလိုမျိုးတွေ လုပ်နေတာဆိုတော့ ကျနော်တို့ ပြန်စရာအကြောင်း မရှိတော့ဘူး။ ရွာကိုပြန်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ သူတို့စစ်ကြောင်းတွေ မထွက်လာရင်တော့ ပြဿနာမရှိဘူးပေါ့။ စစ်ကြောင်းထွက်လာပြီဆိုတာနဲ့ သူတို့က ရမ်းတယ်၊ ကြမ်းတယ်၊ အိမ်တွေကို ဝင်တယ်၊ ရှိတဲ့လူတွေကို စုတယ်၊ သူတို့လိုအပ်ချက်ရှိရင် ရှိသလို မပြောရင် ရိုက်တယ်၊ အဲလိုမျိုးတွေလုပ်တော့ ရွာမှာနေမယ့်လူက ရှားသွားပြီ”

တခြားရွာတွေက ရွာသားတွေဟာလည်း သူတို့ဆွေမျိုးရှိတဲ့ရွာတွေကို ထွက်ပြေးကြတာကြောင့် ရွှေပြည်ရွာမှာ ဆိုရင် လူ ၅ဝ လောက်ပဲ ရွာစောင့်ကျန်တော့တယ်လို့လည်း ရွှေပြည်ရွာသား ဦးမောင်မဲစိန်က ပြောပါတယ်။

မဟာမြတ်မုနိဘုရား သိမ်ကယ်ဆယ်ရေးစခန်း နာယကဆရာတော် ဦးပညာသီရိကတော့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီတဲအိမ်တွေကို မနက်ဖြန်မှာ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ RFA ကိုမိန့်ပါတယ်။

“ဒီ မဟာမြတ်မုနိဘုရားတစ်ခုတည်းမှာကို လူ ၉ဝဝ ကျော်ရှိတယ်။ တခြားသူတွေက နေရာမဆံ့လို့ ဘုရားရဲ့ မြောက်ဘက်က စပါးဆိပ်ရွာဆိုတာ ရှိတယ်။ အဲဒီရွာမှာ လူ ၅ဝဝ ကျော် ထားရတယ်။ နောက် သာယာကုန်း ရွာမှာ ၁ဝဝ ကျော် ရှိတယ်။ နောက် ရွာမပြင်ရွာမှာလည်း ၂ဝဝ ကျော်ကို အသီးသီး ခွဲထားရသေးတယ်။ မနက်ဖြန်မှာတော့ ဒုက္ခသည်တွေအတွက် အဆောက်အဦလေးတွေ ဆောက်ဖို့ ဘုန်းဘုန်းတို့ စီစဉ်နေပါတယ်”

အလှူရှင်တွေရဲ့ အကူအညီပေါ် မူတည်ပြီး တဲတွေကို တိုးချဲ့ ဆောက်သွားမယ်လို့ ဆရာတော် ဦးပညာသီရိ က မိန့်ပါတယ်။

လောလောဆယ်မှာတော့ ဘုရားသိမ်တွေမှာ ခိုလှုံနေတဲ့ လူပေါင်း ၉ဝဝ ကျော်အတွက် အစိုးရက ထောက်ပံ့ထားတဲ့ ဆန် နှစ်ပတ်စာအပြင် အလှူရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ်ထဲက ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာအပြင် ပုဏ္ဏားရွာက လူ ၁ဝဝဝ ကျော်ဟာလည်း  နီးစပ်တဲ့ကျေးရွာတွေကို ထွက်ပြေး ခိုလှုံနေ ရပါတယ်။

မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အဲဒီရွာနှစ်ရွာက အိမ်ခြေ ၁၇ဝ နီးပါးကို အလှူရှင်တွေရဲ့အကူအညီနဲ့ ပြန်ဆောက်ဖို့ ဒေသခံတွေ စီစဉ်နေပေမယ့် လောလောဆယ်ကတော့ နီးစပ်ရာမှာ ခိုလှုံနေကြရတာပါ။

အလားတူ ရသေ့တောင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က မေယုမြစ်ထဲမှာ တပ်မတော် ရေယာဉ်ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရာကနေ ရွာတွေထဲကို လက်နက်ကြီးတွေကျပြီး ထိခိုက်ဒဏ်ရာရတာ၊ ၁၇ ရက်နေ့က ရွှေလောင်းတင်ရွာထဲ လက်နက်ကြီးတွေကျပြီး လူသေဆုံးဒဏ်ရာရ တာတွေကြောင့် ရွှေလောင်းတင်ရွာ အပါအဝင် အနီးအနားရွာတွေက လူပေါင်း ထောင်နဲ့ချီဟာ နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နေရပ်စွန့်ခွာထွက်ပြေးတဲ့သူအရေအတွက်ဟာ သီတင်းနှစ်ပတ်ကျော် အတွင်းမှာတင် တစ်သောင်းကျော်လောက် ရှိတယ်လို့ ပြောပါတယ်။

“ကျောက်တော်မှာဆိုရင် ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာတွေကို တပ်က မီးရှို့တာကို ခံရပြီးတော့မှ လူတွေက နီးစပ်ရာရွာတွေကို ထွက်ပြေးကြတယ်ပေါ့နော်။ နောက်တစ်ခါ ကျောက်တော် ကုလားတန်မြစ်ကြောင်းမှာရှိတဲ့ ကျေးရွာတွေကျတော့ ကုလားတန်မြစ်ထဲမှာသွားလာနေတဲ့ တပ်မတော်ရေယာဉ်တွေကနေပြီးတော့မှ ပစ်ခတ် တဲ့အတွက်ကြောင့်မို့လို့ ဒေသခံတွေ ဒဏ်ရာရသေဆုံးကြတဲ့အခါမှာ ကြောက်ရွံ့ပြီးတော့ ထွက်ပြေးကြတာပေါ့။ နောက်တစ်ခါ ရသေ့တောင်မှာကျတော့ တပ်မတော်ရေယာဉ်တွေက သွားလာရင်းနဲ့ ပစ်ခတ်မှုတွေ လုပ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာလည်း သေဆုံးဒဏ်ရာရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်မို့လို့ အဲဒီမြို့နယ် နှစ်မြို့နယ်မှာ ဒီလထဲမှာပေါ့လေ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေက တစ်သောင်းခုနစ်ထောင်ကနေပြီးတော့ နှစ်သောင်းဝန်းကျင်လောက်မှာ ရှိနိုင်တယ်လို့ ကျွန်တော်တို့ အကြမ်းအားဖြင့် သုံးသပ်ထားပါတယ်”

နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအချက်အလက်တွေကို စာရင်းကောက်ယူနေပြီး ဒီလကုန်မှာ ထုတ်ပြန်သွားမယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးတွေအတွက် တင်ပြအကူအညီတောင်းလာမယ်ဆိုရင် အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

“အမှန်တကယ်လည်း အဲဒီနေ့တွေမှာ သူတို့ရောက်လာကြတာပေါ့နော်။ ရောက်လာကြတော့ အဆင်ပြေအောင်တော့ နေရာတစ်ခုကတော့ ဖန်တီးပေးရမယ်ပေါ့နော်။ ထိုနည်းတူစွာ သူတို့ရဲ့ စားဝတ်နေရေးတွေလည်း လိုအပ်မယ်၊ အဲဒီလိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီးတော့ လုပ်ဆောင်ရင်တော့ ကျွန်တော်တို့ဘက်ကလည်း ကူညီပေးနိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ ကူညီပေးသွားမှာဖြစ်ပါတယ်။”

တပ်မတော်ကတော့ ကျောက်တော်မြို့နယ် တောင်ပေါက်နဲ့ ဘုရားပေါင်းရွာတွေက နေအိမ်တွေ မီးရှို့ခံရတဲ့ ကိစ္စဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီလထဲ ကျောက်တော်နဲ့ ရသေ့တောင် မြို့နယ်တွင်းက ရွာတွေကို လက်နက်ကြီးကျခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့လည်း တပ်မတော်က ရွာတွေထဲကို အကြောင်းမဲ့ ပစ်ခတ်စရာမရှိသလို၊ ဒါတွေဟာ စွပ်စွဲချက်တွေသာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာကပ်ဘေးကာလအတွင်း တိုက်ပွဲတွေရပ်ဖို့ ကုလသမဂ္ဂနဲ့ ပြည်တွင်း ပြည်ပအဖွဲ့တွေ တောင်းဆိုနေတဲ့ကြားက ဒီလထဲမှာ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး မီရှဲဘတ်ရှ်လတ်ခ် (Michelle Bachelet) ကလည်း ဒီတပတ်ထဲ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ စစ်ပွဲတွေအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်ထဲက ဒေသခံအရပ်သားတွေဟာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ပျောက်ဆုံးသွားတာ၊ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်ရတာတွေ ရှိနေပြီး၊ ဒါတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနေ့အထိဆိုရင် စခန်းတွင်းရော စခန်းပြင်ပမှာပါ စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ နှစ်သိန်း တစ်သောင်းကျော် ရှိနေပြီလို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့စာရင်းတွေမှာတော့ ပြီးခဲ့တဲ့ စက်တင်လ ၁၁ ရက်နေ့အထိ လူပေါင်း ၇၆ဝဝဝ ကျော်ဟာ ယာယီစုရပ်ပေါင်း ၁၅၄ ခုနဲ့ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြရတယ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/refugees-in-rakhine-increased-09182020090123.html

ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာ  ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.