မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ


လာမည့်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ခေါ် UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ဖြင့် ရဲများ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

နှင်းဆီပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံလုံး အတိုင်းအတာ အရ ဒုတိယ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တခုဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင် ကို စက်တင်ဘာ ( ၂၉ ) ရက် ညက ထောင်ပြေးမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၄ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က မီဒီယာများကို ပြောဆိုလိုက်သည်။

ဦးကျော်မြင့် နိုင်ငံရေးလောက ထဲဝင်ရောက်လာပြီး မြန်မာနိုင်ငံတွင်ဒုတိယ နေရာအများဆုံးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ တွင် ဥက္ကဌ ဖြစ်သည့်အပေါ် နိုင်ငံရေးလောကတွင် ဂယက်ထလာခဲ့သည်။

“နှင်းဆီ ဥက္ကဋ္ဌ ကျော်မြင့်လိုဟာမျိုးကျတော့ နိုင်ငံရေး ပြဿနာမဟုတ်ပါဘူး။ ဗမာပြည်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကျော်မြင့်ဆိုတာ ဘယ်နေရာမှာမှ မပါဖူးဘူး။ ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှ မပါဘူး။ ဗမာပြည်ကွန်ရက်ပါတီမှာ ပါခဲ့တယ် ဆိုတာတွေ အကုန်လိမ်ညာတာတွေ ဗမာပြည်ကွန်ရက်ဆိုတာ တကယ်တမ်း ပါခဲ့တဲ့သူ မဟုတ်ပါဘူး” မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ က ငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့ဖူးသူ မြန်မာ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲစနစ်ကို စတင်ဖော်ထုတ်ခဲ့သူ ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က ရုပ်သံ ဗီဒီယိုဖြင့် Live လွှင့်ပြီး ပြောဆိုခဲ့သည်။

“ဘယ်တပ်ဖွဲ့မှလည်း မပါဖူးသလို ဘယ်ငြိမ်းချမ်းရေး လုပ်ငန်းမှလည်း မပါဖူးဘူး။ ဗမာပြည် နိုင်ငံရေးမှာလည်း ဘယ်လှုပ်ရှားမှုမှလည်း မပါခဲ့ဖူးဘူး” ဟု ဦးမောင်မောင်စိုး က ပြောသည်။

၎င်းအနေဖြင့် နိုင်ငံရေးအတွင်း ဝင်လာနိုင်အောင် မည်သည့်ကျောထောက်နောက်ခံပြုမှုရှိထားသည်ကို လေ့လာဖို့လိုအပ်ကြောင်းလည်း ဦးမောင်မောင်စိုးကပြောသည်။

“အလိမ်အညာများနဲ့ လူထုပါတီ မြန်မာ့နိုင်ငံရေးထဲ ငြိမ်းချမ်းရေးကို ရှုပ်ဖို့ ကြိုးစားတဲ့သူဖြစ်တဲ့ အတွက်ကြောင့်မလို့ လက်ရှိ နိုင်ငံရေး လှုပ်လှုပ်ရှားရှား ဖြစ်နိုင်စရာ အကြောင်းမရှိဘူး” ဟု ဦးမောင်မောင်စိုး ကပြောသည်။

လက်ရှိမှာ နှင်းဆီ ပါတီ သည် မြန်မာတဝှမ်းသာမက သျှမ်းပြည်တွင်လည်း နေရာအနှံ့ပါတီ ဆိုင်းဘုတ်များထောင်ကာ ပါတီစည်းရုံးရေးများဆင်းနေသည့် အပြင် ငွေကြေး အများဆုံး အသုံးပြုကာ မဲဆွယ်နေသည့် ပါတီ တခုလည်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

“ လောလောဆယ်မှာတော့ သူအဖမ်းခံရရင်လည်း ထောက်ပံ့မှုတွေ ရပ်သွားရင်တော့ သူ့လူတွေရဲ့ စည်းရုံး လှုပ်ရှားမှုတွေလည်း ရပ်သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။ တစ်နှစ်အကြာ ၁၉၉၉ ဇန်နဝါရီ ၁၉ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ် လူမော်ဆိုသူနှင့် အတူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Myanmar Now က ရေးသားထားသည်။

မြန်မာနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ခြေရှုပ်မခံရအောင် နောက်ခံအကြောင်းအရာများကို အသေးစိတ်လေ့လာရန် လိုအပ်ကြောင်းလည်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.