ကိုဗစ်ကာကွယ်ဆေး- ကမ္ဘာကို ဖြန့်ဖို့ ဂျက်လေယာဥ်ကြီး အစင်း ၈၀၀၀ လိုမယ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပို့ဆောင်ရေးဟာ သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုတွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့ လေကြောင်းလိုင်းတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံတွေဆီပို့ဆောင်ရေးဟာ တွေ့ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေထဲမှာ အကြီးမားဆုံး ဖြစ်တယ်လို့ လေကြောင်းလုပ်ငန်းတွေရဲ့ အဆိုအရ သိရပါတယ်။

ကာကွယ်ဆေးပို့ဖို့ ဘိုးအင်း ၇၄၇ ဂျက်လေယာဥ် အစင်း ၈၀၀၀ နဲ့ ညီမျှတဲ့ လေယာဥ်တွေ လိုအပ်မှာ ဖြစ်တယ်လို့ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး အသင်း IATA က ပြောပါတယ်။

အခုတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးတွေ လေကြောင်းက ပို့ဆောင်ရေးအတွက် IATA က အခုကတည်းက လေကြောင်းလိုင်းတွေ၊ လေဆိပ်တွေ၊ နိုင်ငံတကာ ကျန်းမာရေး အာဏာပိုင်အဖွဲ့တွေ၊ ဆေးဝါးလုပ်ငန်းတွေ နဲ့ ဆက်သွယ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

အခုပို့ဆောင်ရေး အစီအစဥ်က လူတစ်ယောက်ကို ကာကွယ်ဆေး တစ်ကြိမ်နှုန်းနဲ့ပဲ ခန့်မှန်းထားတာပါ။

"ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လုံခြုံစိတ်ချစွာ ပို့ဆောင်နိုင်ရေးက ကမ္ဘာ့လေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရဲ့ ရာစုနှစ်အတွက် အကြီးမားဆုံး ပို့ဆောင်ရေး လုပ်ငန်းပါ။ ဒါပေမဲ့ သေချာကြိုတင်မပြင်ဆင်ရင် အဲဒါ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါကို အခု စလုပ်ရပါမယ်"လို့ လေကြောင်းအသင်းရဲ့ အမှုဆောင်အရာရှိချုပ် အလက်ဇန်းဒါး ဒါ ယူနီယက်က ပြောပါတယ်။

ခရီးသည်တင် လေယာဥ်တွေကို ရပ်နားထားလို့ လေကြောင်းလိုင်းတွေက ကုန်စည်ပို့ဆောင်ရေးဘက်ကို အာရုံစိုက်နေချိန်မှာ ကာကွယ်ဆေးပို့ဆောင်ရေးက ပိုရှုပ်ထွေး လာပါတယ်။

ကာကွယ်ဆေးပို့ဆောင်ရေးအတွက် အပူချိန်က ၂ ဒီဂရီကနေ ၈ ဒီဂရီကြား ရှိဖို့ လိုအပ်လို့ လေယာဥ်အားလုံးက ဒါကိုပို့ဖို့ သင့်တော်မှာ မဟုတ်ပါဘူး။ ကာကွယ်ဆေးတချို့က ရေခဲမှတ်လောက်အပူချိန် ရှိဖို့ လိုလို့ မသင့်တော်တဲ့ လေယာဥ်တွေ အများကြီး ထပ်ဖယ်ရပါဦးမယ်။

အရှေ့တောင်အာရှလို ကာကွယ်ဆေး မထုတ်လုပ်နိုင်တဲ့နေရာတွေ အပါအဝင် ကမ္ဘာ့နေရာတချို့ကို ပို့ဖို့က အရေးကြီးလိမ့်မယ်လို့ လေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရဲ့ အကြီးအကဲ ဂလင်းဟျူဂျ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပို့ဆောင်ရေးဟာ သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုတွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့ လေကြောင်းလိုင်းတွေက ပြောပါတယ်။

စစ်ဆင်ရေးလို တိကျဖို့လို

ကုန်တင်လေယာဥ် တွေရဲ့ ပို့ဆောင်နိုင်စွမ်း လိုအပ်ချက်၊ ဒေသရဲ့အရွယ်အစားနဲ့ နယ်စပ်ဖြတ်ကျော်သွားလာရေး ရှုပ်ထွေးခက်ခဲမှုတွေကြောင့် အာဖရိကတစ်လွှားကို ကာကွယ်ဆေး ပို့ဆောင်ရေးက အခုချိန် မဖြစ်နိုင်ဘူးလို့ လေကြောင်းပို့ဆောင်ရေးအသင်းက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးက စစ်တပ် စစ်ဆင်ရေးတွေလို တိကျဖို့ လိုအပ်မှာ ဖြစ်ပြီး ပို့ဆောင်မယ့်နေရာတွေမှာ ကာကွယ်ဆေးတွေ ထိန်းသိမ်းထားဖို့ အအေးခန်းနေရာတွေ ချိတ်ဆက်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခုချိန်မှာ ကာကွယ်ဆေး ၁၄၀ က စမ်းသပ်ထုတ်လုပ်မှု အစောပိုင်း အဆင့်မှာ ရှိနေပါတယ်။

ကာကွယ်ဆေး ၂၅ ခု လောက်ကတော့ လူတွေနဲ့ စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပါပြီ။

အဲဒီကာကွယ်ဆေးတွေထဲက တစ်ခုက အောက်စဖို့ဒ် တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်တဲ့ ဆေးဖြစ်ပြီး ဆေးစမ်းသပ်မှု နောက်ပိုင်းအဆင့်ကို ရောက်နေပါပြီ။

ကာကွယ်ဆေးတွေ အတည်ပြုခံရပြီး ဖြန့်ချိဖို့ အဆင်သင့် ဖြစ်ချိန်အတွက် လိုအပ်ချက်တွေ သေချာကြိုတင်ပြင်ဆင်ထားဖို့ အစိုးရတွေကို လေကြောင်းအသင်းက တိုက်တွန်းပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးတွေ ထိန်းသိမ်းတာ၊ ပို့ဆောင်တာ၊ လိုအပ်တဲ့ အပူချိန် ရအောင် ဆောင်ရွက်တာတွေနဲ့အတူ လုံခြုံရေးက နောက်ထပ် လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။

"ကာကွယ်ဆေးတွေက တန်ဖိုးကြီး ကုန်စည် ဖြစ်လာပါလိမ့်မယ်။ သူခိုး သူဝှက်ရန် ကင်းကင်း ပို့ဆောင်နိုင်ဖို့က လိုအပ်ချက်တွေ အစီအစဥ်တကျ ဖြစ်နေရပါမယ်"လို့ လေကြောင်းအသင်းက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54103597

ကိုဗစ်ကာကွယ်ဆေး- ကမ္ဘာကို ဖြန့်ဖို့ ဂျက်လေယာဥ်ကြီး အစင်း ၈၀၀၀ လိုမယ်  ကိုဗစ်ကာကွယ်ဆေး- ကမ္ဘာကို ဖြန့်ဖို့ ဂျက်လေယာဥ်ကြီး အစင်း ၈၀၀၀ လိုမယ် Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.