ဗိုင်းရပ်စ်ကာကွယ်ဆေး အချိန်နဲ့တစ်ပြေးညီ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံ ပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ စက်တင်ဘာ ၂၁ ရက်နေ့က ပြည်သူလူထုထံ မိန့်ခွန်းပြောကြားစဉ် / Photo: Myanmar State Counsellor Office

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ ကုသဆေးတွေ ပေါ်ပေါက်လာပြီဆိုရင် မြန်မာနိုင်ငံအတွင်း အချိန်နဲ့ တစ်ပြေးညီ အမြန်ဆုံး ရောက်ရှိနိုင်အောင် အစိုးရက ပြင်ဆင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာလ ၂၁ ရက်နေ့ မနေ့က ပြည်သူလူထုထံ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက် ပါတယ်။

ဒီကပ်ရောဂါဟာ ဘယ်လောက်ကြာဦးမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ ကာကွယ်ဆေး၊ ကုသဆေးတွေ ထုတ်လုပ်ဖို့ကြိုးပမ်းနေကြတာရှိပြီး မြန်မာနိုင်ငံအနေနဲ့ ဆေးဝါးမထုတ်လုပ်နိုင်ပေမယ့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဆေးထုတ်လုပ် နေတဲ့ နိုင်ငံတွေက သံတမန်တွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးမြန်မြန်ရနိုင်ရေး ညှိနှိုင်းဆွေးနွေးနေတာတွေရှိတယ်လို့ ပြောပါတယ်။

ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်လုပ်မှုအောင်မြင်တယ်လို့ သေချာမှသာ သုံးစွဲမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ရောဂါပြန့်ပွားမှု မကျသေးတာကို စိတ်ဓာတ်မကျဖို့နဲ့ စပြီးရောဂါ ပြန့်ပွားတဲ့ကာလကနေ တွက်မယ်ဆိုရင် အခုအချိန်မှာ မကျနိုင်သေးကြောင်းနဲ့ ပိုးကူးစက်မှုများနေတဲ့ ရန်ကုန်မှာအတွင်းနေထိုင်သူ တစ်ဦးချင်းစီက ပိုးမကူးအောင် ဂရုစိုက်ကြဖို့ သတိပေးခဲ့ပါတယ်။

ရန်ကုန်မှာ အသွားအလာတွေနည်းသွားတာ၊ နှာခေါင်းစည်းတွေ တပ်တာတွေတွေ့ရလို့ ဝမ်းသာကြောင်းလည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပင်ပန်းလာချိန်မှာ စောင့်ရှောက်ရသူတွေ ပိုများလာပြီး အားလုံးကျေနပ်အောင် စောင့်ရှောက်မှုမပေးနိုင်တာကို သည်းခံပေးဖို့နဲ့ အငြိမ်းစားယူထားတဲ့ ဆရာဝန်ကြီးတွေလည်း ပါဝင်ဆောင်ရွက်နေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်အလွန်ကာလမှာ စီးပွားရေးထိခိုက်မှုတွေ နည်းအောင် ပြင်ဆင်ထားကြောင်း၊ အထွေထွေ ပိုလျှံငွေ ဘီလီယံ ၁၀၀၀ ကျော်ကို ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အကျိုးဆက်တွေ၊ လိုအပ်ချက်တွေအတွက် သုံးဖို့ပြင်ဆင်ထား တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dassk-speech-covid-19-09212020230953.html

ဗိုင်းရပ်စ်ကာကွယ်ဆေး အချိန်နဲ့တစ်ပြေးညီ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံ ပြော  ဗိုင်းရပ်စ်ကာကွယ်ဆေး အချိန်နဲ့တစ်ပြေးညီ သုံးနိုင်ဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံ ပြော Reviewed by THITHTOOLWIN on 18:43 Rating: 5

No comments:

Powered by Blogger.