တိဘက်မှာ လူသိန်းချီကို တရုတ်အစိုးရ ပညာပေးစခန်းတွေဆီ အဓမ္မပို့နေတယ်ဆိုတဲ့ အစီရင်ခံစာထွက်

တိဘက်

တရုတ်အစိုးရက တိဘက်မှာ သိန်းဂဏန်းရှိတဲ့လူတွေကို စစ်တပ်ပုံစံ ပညာပေးစခန်းတွေဆီ အတင်းအဓမ္မ ပို့နေတယ်လို့ အစီရင်ခံစာတစ်ခုမှာ သတိပေး ဖော်ပြထားပါတယ်။

Jamestown Foundation နိုင်ငံရေးအကြံပေးအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ အစိုးရသတင်းတွေ၊ ပေါ်လစီမူဝါဒ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို အခြေခံထားတာ ဖြစ်ပါတယ်။

တိဘက်က အခြေအနေဟာ အထောက်အထားနဲ့တကွ တွေ့ရတဲ့ ရှင်ဂျန်းပြည်နယ်က ဝီဂါလူမျိုးတွေရဲ့ အခြေအနေတွေနဲ့ အလားတူတယ်လို့လည်း အဲဒီအစီရင်ခံစာထဲမှာ နှိုင်းယှဉ်ပြထားပါတယ်။

ဒီတွေ့ရှိချက်နဲ့ ပတ်သက်လို့ တရုတ်အာဏာပိုင်တွေဘက်က ဘာတုံ့ပြန်ချက်မှ မပေးသေးပါဘူး။

တိဘက်ပြည်နယ်ဟာ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်နေတဲ့ ဝေးလံခေါင်သီတဲ့ ဟိမဝန္တာတောင်တန်းမှာ တည်ရှိပြီး တရုတ်နိုင်ငံ လက်အောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်ပါတယ်။ တိဘက်ဒေသမှာ ယဥ်ကျေးမှု၊ ဘာသာရေး လွတ်လပ်ခွင့်တွေကို တရုတ်အစိုးရက ကန့်သတ် ချုပ်ချယ်နေတယ်လို့ စွပ်စွဲခံနေရတာပါ။

တရုတ်အစိုးရကတော့ သူတို့အနေနဲ့ အဲဒီဒေသ တိုးတက်ဖွံဖြိုးရေးကို ကူညီဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

အလုပ်ကြမ်းစခန်းတွေ၊ သင်တန်းစခန်းတွေဆီ တိဘက်လူမျိုးတွေ အတင်းအဓမ္မ ပို့ဆောင် ပညာပေးခံနေရတယ် ဆိုတာကို ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ တိဘက် သမ္မတ လော့ဘ်ဆန်း ဆန်ဂေး ကလည်း အရင်က စွပ်စွဲပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီ ပညာပေး စီမံကိန်းရဲ့ အတိုင်းအတာ ပမာဏဟာ အရင်က ထင်ထားတာထက် အများကြီး ပိုကြီးမားနေတယ် ဆိုတာကို ဒီအစီရင်ခံစာပါ အသေးစိတ် အချက်အလက်တွေက ဖော်ပြနေပါတယ်။

အစီရင်ခံစာပါ တွေ့ရှိချက်တွေ

တိဘက်နဲ့ ရှင်ဂျန်းပြည်နယ်အရေးဆိုင်ရာ သီးခြားလွတ်လပ်တဲ့ သုတေသီ အန်ဒရီယန် ဇန်း လေ့လာပြုစုတဲ့ ဒီအစီရင်ခံစာထဲမှာ ၂၀၂၀ ခုနှစ် ပထမ ၇ လတာကာလအတွင်း လယ်သမားတွေ၊ သိုးနွားထိန်းသူတွေ အများစုပါတဲ့ လူ ၅ သိန်းလောက်ကို ပညာပေးစခန်းတွေဆီ ပို့ခဲ့ကြောင်းနဲ့ အဲဒီ အလုပ်သမားတွေကို တရုတ်အာဏာပိုင်တွေက အချိုးကျခွဲပြီး တိဘက်ဒေသအတွင်းနဲ့ တရုတ်နိုင်ငံက တခြားဒေသတွေဆီ အစုလိုက်အပြုံလိုက် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ စီမံကိန်းတွေထဲမှာ ဖော်ပြထားချက်တွေအရ ဒီပညာပေး အစီအစဥ်တွေဟာ လုပ်ငန်းခွင် စည်းမျဥ်းစည်းကမ်း၊ တရုတ်ဘာသာစကား၊ လုပ်ငန်းခွင် ကျင့်ဝတ်တွေ တိုးတက်လာဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တိဘက်အရေး ဆန္ဒပြသူတွေ

တိဘက်တွေကို ကမ္ဘာတဝန်းက ထောက်ခံဆန္ဒပြသူတွေ

ဒီစီမံကိန်းဟာ လုပ်ငန်းခွင်မှာ တွေ့ရတတ်တဲ့ "မလုပ်တတ်ဘူး။ မလုပ်ချင်ဘူး။ မလုပ်ရဲဘူး" ဆိုတဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တာ ဖြစ်သလို အပျင်းထူသူတွေကို ထိထိရောက်ရောက် ပထုတ်ပစ်နိုင်ဖို့ အတိအကျ မသတ်မှတ်ထားတဲ့ အရေးယူမှုတွေ လုပ်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဒီပညာပေး အစီအစဥ်တွေ တက်ခဲ့တဲ့ အလုပ်သမားအများစုဟာ အထည်ချုပ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ အပါအဝင် လစာနည်းတဲ့ အလုပ်တွေဆီ ရောက်သွားကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

" လူနည်းစုလူမျိုးစုတွေကို အရှိန်တိုး ဝါးမြိုချုပ်ကိုင်ဖို့ တရုတ်အစိုးရ ချမှတ်ထားတဲ့ ပေါ်လစီပါ အချက်တွေအရ အဲဒီလူမျိုးစုတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေး အမွေအနှစ်တွေ အကြာကြီး ပျောက်ကွယ်သွားအောင် လုပ်ဖို့ ရည်ရွယ်ပုံရတယ်"လို့ အစီရင်ခံစာက သတိပေးထားပါတယ်။

ရှင်ဂျန်းဒေသက အခြေအနေနဲ့ ဘာတွေ ဆင်တူနေသလဲ

တရုတ်က ထိန်းသိမ်း စခန်း

တရုတ်အစိုးရကတော့ ဒီစခန်းတွေဟာ အကြမ်းဖက်မှုနဲ့ ဘာသာရေး အစွန်းရောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ဖွင့်ထားတဲ့ ပညာပေးစခန်းတွေ ဖြစ်တယ်လို့ဆို

ဒီပညာပေး အစီအစဥ်တွေဟာ မွတ်ဆလင် ဝီဂါတွေ အများစုပါတဲ့ လူတွေကို တရုတ်အာဏာပိုင်တွေက အစုလိုက်အပြုံလိုက် ထိန်းသိမ်းပို့ဆောင်နေတယ် ဆိုတဲ့ ရှင်ဂျန်းပြည်နယ်က အလုပ်ကြမ်းစခန်း စီမံကိန်းတွေနဲ့ အလားတူတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

"ရှင်ဂျန်းမှာရော တိဘက်မှာပါ တရုတ်အစိုးရရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းအရ မိသားစုတွေအတွင်းထဲထိအောင် အစိုးရက လူမှုရေး ထိန်းချုပ်မှုတွေ ထဲထဲဝင်ဝင် လုပ်နေတယ်" လို့ ဖော်ပြထားပါတယ်။

ရှင်ဂျန်းမှာ မွတ်ဆလင် သိန်းပေါင်းများစွာကို တရုတ်အစိုးရက မတရားဖမ်းဆီးထိန်းသိမ်းပြီး ပညာပေး စခန်းတွေဆီ ပို့နေတယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ တရုတ်အစိုးရကတော့ ဒီစခန်းတွေဟာ အကြမ်းဖက်မှုနဲ့ ဘာသာရေး အစွန်းရောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ဖွင့်ထားတဲ့ ပညာပေးစခန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကက်ရှ်ဂါမြို့က ဒီထိန်းသိမ်းရေးစခန်းလိုမျိုး စခန်းတွေဟာ ပညာပေး လေ့ကျင့်သင်တန်းပေးဖို့ ဖြစ်တယ်လို့ တရုတ်အစိုးရက အခိုင်အမာပြောနေပါတယ်။

ဒါပေမဲ့လည်း Jamestown အစီရင်ခံစာထဲမှာတော့ တိဘက်ဒေသမှာလုပ်နေတဲ့ ပညာပေး အစီအစဥ်တွေဟာ တိဘက်လူမျိုးတချို့က သူတို့ရဲ့ လစာဝင်ငွေ တိုးလာအောင် သူတို့သဘောနဲ့သူတို့ တက်ကြတာတွေ ရှိနေပြီး ရှင်ဂျန်းနဲ့စာရင် အတင်းလုပ်ခိုင်းတာမျိုး ပိုနည်းတဲ့ပုံ ရှိတယ်လို့ ဆိုပါတယ်။

ရှင်ဂျန်းက အခြေအနေနဲ့ ဒီလိုကွာခြားမှုတွေ ရှိနေပေမဲ့လည်း အတင်းအကျပ် လုပ်တာတွေ၊ ဦးနှောက်မှိုင်းတိုက်တာတွေနဲ့အတူ တိဘက် လူမျိုးစုရဲ့ လူနေမှုဘဝစနစ်ကို ရာသက်ပန် နက်နက်နဲနဲ ပြောင်းလဲပစ်ဖို့ တရုတ်အစိုးရက အကွက်ကျကျ စီစဥ်မှုတွေ ရှိနေတယ် ဆိုတာ အထင်အရှားပေါ်လွင်နေပြီး ဒါဟာ ကြီးမားတဲ့ ပြဿနာကြီး ဖြစ်တယ်လို့ အစီရင်ခံစာက ကောက်ချက်ချ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54264186

တိဘက်မှာ လူသိန်းချီကို တရုတ်အစိုးရ ပညာပေးစခန်းတွေဆီ အဓမ္မပို့နေတယ်ဆိုတဲ့ အစီရင်ခံစာထွက်  တိဘက်မှာ လူသိန်းချီကို တရုတ်အစိုးရ ပညာပေးစခန်းတွေဆီ အဓမ္မပို့နေတယ်ဆိုတဲ့ အစီရင်ခံစာထွက် Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.