ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက်

မြန်မာဘက်ကိုပိုမယ့်ထိုင်းကုန်စည်များလည်းမဲဆိုင်ဘက်မှာ ပိတ်မိနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၂၊ ၂၀၂၀)

ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြား ရောဂါပြန့်ပွားမယ့် အန္တရာယ်ကို ထိန်းချုပ်တဲ့အနေနဲ့ ကန့်သတ်မှုတွေ တိုးမြှင့်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆိုင်နဲ့ ရှမ်းပြည်နယ် တာချီလိတ်ကြား ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ဖြတ်သန်းနေတဲ့ မြန်မာကုန်တင်ကား အရေအတွက်ကို ခြောက် စီးသာ ဖြတ်သန်းခွင့်ပြုဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကန့်သတ်လိုက်တာပါ။ အရင်က ကန့်သတ်ချက်မရှိဘဲ ဝင်ထွက်ခွင့်ပေးထားပေမဲ့ အခုအခါ ထိုင်းနိုင်ငံဘက်က သိသိသာသာ လျှော့ချလိုက်ပြီးနောက်မှာတေ့ မြန်မာဘက်ကလည်း အလားတူ ထိုင်းဘက်က ကုန်တင်ကား ခြောက် စီးသာ ဝင်ခွင့်ပြုဖို့ ပြန်လည်ကန့်သတ်လိုက်ပါတယ်။

အပြန်အလှန် ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်လာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မနေ့တုန်းက ထိုင်းနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်ရေး အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလော ထိုင်းမြန်မာနယ်စပ်တွေမှာ လုပ်ဆောင်နေတဲ့ ထိုင်းအစိုးရဲ့ ကန့်သတ်တားဆီးမှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ပိုးဆိုးလာနေတဲ့ ကိုဗစ်ရောဂါပိုး ထိုင်းဘက်ကိုပြန့်ပွားကူးဆက်လာမှာကို ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်တယ် အခြေအနေပိုဆိုးမလာရအောင် ထိုင်းက ကြိုတင်ကာကွယ်နေတာဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု လွဲမှားမှုတွေပြေလည်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Krit Petch Petchaburanin က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာဘက်ကလာတဲ့ ကားမောင်းသူကို ထိုင်းဘက်ကို ဖြတ်မောင်းခွင့်မပေးတော့ဘဲ ထိုင်းဘက်ကကားမောင်းသူနဲ့ လူချင်းလဲပြီး ထိုင်းဘက်ကို ဝင်ရတော့မယ့် ထိုင်းနယ်စပ်အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံကနေ တာချီလိတ် ဝင်မယ့် ကုန်စည်နဲ့ စွမ်းအင်သုံးဆီတင်ကားတွေ အစီး ၆၀၀ ကျော် မဲဆိုင်ဘက်မှာ ပိတ်နေတာပါ။

အခုလို ထိုင်းဘက်က ကန့်သတ်မှုတွေ ပိုများလာလို့ တာချီလိတ်အာဏာပိုင်တွေကလည်း ထိုင်းဘက်ကဝင်လာတဲ့ ထိုင်းနိုင်ငံသားနဲ့ ကုန်စည်တွေကို တားဆီးပိတ်ပင်တာတွေဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာဘက်ကလည်း ထိုင်းကုန်စည် ဖြတ်သန်းမှုတွေကို ပိတ်ပင်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး တနေ့ ဘတ်သန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးနစ်နာမှုတွေ ရှိနေကြောင်း ထိုင်းနယ်စပ်ကုန်သည်တွေက ဆိုပါတယ်။

ဒီကိစ္စကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးဖို့သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုနေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေတာပါ။

မြန်မာနိုင်ငံမှာ စက်တင်ဘာလဆန်းက စပြီး ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့အတွက် ထိုင်းဘက်ကလည်း စိုးရိမ်မှုတွေဖြစ်ပြီး နယ်စပ်မှာ သံဆူးကြိုးတွေ ကာရံတာ လူဝင်လူထွက်တွေကို ဖမ်းဆီးတာတွေ မြန်မာဘက်ကလာတဲ့ ရေထွက်ပစ္စည်းတင်တဲ့ကားတွေကို ပိတ်ပင်လိုက်တာတွေလည်းရှိနေပါတယ်။ အခုအခါမှာတော့ ထိုင်းမြောက်ပိုင်းမှာ နှစ်ဘက်တင်းမာတဲ့ အခြေအနေထိဖြစ်သွားခဲ့ပါတယ်။ 


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-border/5592913.html

ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက် ထိုင်းမြန်မာနယ်စပ်ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးထိခိုက် Reviewed by THITHTOOLWIN on 18:47 Rating: 5

No comments:

Powered by Blogger.