ရသေ့တောင်မြို့နယ်မူစဲကမ်းအနီး ဇက်စစ်ရေယာဉ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ကျွဲနှစ်ကောင်သေပြီး အိမ်တချို့ပျက်စီးမှုရှိ

(ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်း ခုတ်မောင်းသွားလာနေသည့် ဇက်စစ်ရေယာဉ်တစ်စီးကို တွေ့ရစဉ်။ ယခုဖြစ်ပွားမှုနှင့် သက်ဆိုင်မှု မရှိပါ။)

နိရဥၥရာ၊ စက္တင္ဘာ ၁၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းအနီးတွင် မေယုမြစ်ထဲမှ စစ်ရေယာဉ်နှင့် AA တို့အကြား အပြန်အလှန်ပစ်မှု ဖြစ်ပွားခဲ့၍ ကျွဲနှစ်ကောင်သေဆုံးကာ၊ အိမ်တချို့ ကျည်ဆံ ထိမှန်ပျက်စီးခဲ့မှု ရှိကြောင်း သတင်းရရှိသည်။

မူစဲကမ်း ဒေသခံ တစ်ဦးက “ ရသေ့တောင်ဘက်ကနေ အောက်ဘက်ကို ဆင်းလာတဲ့ ဇက်ရေယာဉ်နဲ့ ဖြစ်ကြတာ။ ကူတောင် ချောင်းဝ ကနေ စပစ်ခတ်သံကို ကြားရပါတယ်။ ဘယ်နှစ်စီး ဆင်းလာတယ် ဆိုတာကို ကျနော်မမြင်တဲ့ အတွက် မုသားဖြစ်မှာစိုးတဲ့အတွက် မပြောနိုင်ဘူး။ အေအေက ပစ်ရာကနေ အပြန်အလှန် ပစ်ကြတယ်လို့တော့ ပြောကြတယ်။ ဦးဂါရွာမှာ တော့ လက်နက်ကြီးကျည် တစ်လုံးကျပြီး အုတ်ခဲတွေ လွင့်ထွက်သွားတယ်လို့ ကြားတယ်။ ကံပြင်ရွာမှာတော့ ကျွဲသေတာ ရှိတယ်။ အိမ်တွေမှာ ကျည်ထိတာတွေက အများကြီးဘဲ။ လူတွေထိခိုက်တာတော့ မကြားမိဘူး” ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာ အနီးရှိ ရွှေလောင်းတင်ကျေးရွာသို့ ဆက်သွယ်ရာ ပစ်ခတ်မှုမှာ ညနေ ၅ နာရီခွဲလောက်က စတင်ပြီး ဇက်ရေယာဉ်နှစ်စီးနှင့်  မိနစ် ၃၀ ကျော်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေလောင်းတင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ဘယ်အချိန်ဆိုတာတောင် မမှတ်မိလိုက်ဘူး။ သေနတ်သံကြားတာနဲ့ ဗုံးကျင်းထဲကို ရောက်သွားတာ။ ၅ နာရီခွဲလောက်တော့ ရှိပါလိမ့်မယ်။ ပစ်သံကြားတာက မိနစ် ၃ဝ ကျော်လောက် ကြားပါတယ်။ အသံတွေက ဘယ်လို အသံတွေမသိဘူး။ အရမ်းကြောက်စရာ ကောင်းပါတယ်။ ရွာမှာတော့ တစ်စုံတစ်ရာအထိအခိုက်မရှိဘူး။ နေဗီ ဆင်းသွားတဲ့ အတိုင်း မေယုမြစ် အောက်ဘက် မြင်းကန်းချောင်း၊ ကပ်ချောင်း၊ ပန်ဇင်းမော်ထိ သေနတ်သံတွေကြားပါတယ်” ဟု ပြောကြားသည်။

မြင်းကန်းချောင်းသို့ ဆက်သွယ်ရာ ကျေးရွာသားများ အထိအခိုက်မရှိကြောင်း၊ အိမ်တစ်ဆောင်ကို ကျည်ဖောက်ဝင်သွားသည်ဟု ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ကျွန်တော်တို့ရွာမှာတော့ လူအထိအခိုက်မရှိပါ။ အိမ်တစ်ဆောင်တော့ ကျည်ဖောက်သွားပါတယ်။ ကံပြင်ရွာမှာတော့ ကျွဲသားမိနှစ်ကောင်သေပါတယ်။ ဦးဂါရွာထဲမှာတော့ လက်နက်ကြီးတစ်လုံး ကျပါတယ်။ ညဉ့်အချိန်ဖြစ်နေတော့ အသေအချာ စုံစမ်းဖို့က မဖြစ်နိုင်သေးဘူး။ မနက်လင်းမှ အသေးစိတ်သိရပါမယ်။ အေအေနဲ့ အပြန်အလှန်ပစ်ကြတယ်လို့လည်း အပြင်မှာ ပြောကြပါတယ်။ ကျွန်တော်တို့ အရပ်သားတွေကတော့ ကိုယ်တိုင်မမြင်ရတဲ့ အတွက် အတိအကျ မပြောနိုင်ပါ” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက်က ဇက်ရေယာဉ် နှစ်စီးသည် ရေချမ်းပြင်ဘက်မှ မေယုမြစ်အတိုင်း ရသေ့တောင်မြို့ အလွန် အောင်ဇေယျ (ကုလားချောင်း) တွင် တပ်စွဲထားသော တပ်မတော်သားများအား ရိက္ခာပို့ပြီး ပြန်အဆင်းတွင် ကူတောင်ချောင်းဝတွင် အေအေ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံများက ပြောကြားမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်ရာတွင် ဆက်သွယ်မှု မရရှိခဲ့ပါ။

ရက္ခိုင့်တပ်တော် (AA) သို့လည်း ဆက်သွယ်မေးမြန်းခွင့်ကို လက်ရှိ အစိုးရမှ ဥပဒေအရ ပိတ်ပင်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိသဖြင့် တပ်မတော်ရေယာဉ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ရှိ/မရှိကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

၎င်းမြို့နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာ ၎င်းသတင်းသူမရသေးကြောင်း၊ နေ့လယ်က အာကာတောင်ဘက်တွင် ပစ်ခတ်မှု ဖြစ်ပွားသည့် သတင်းကိုသာ ရရှိထားကြောင်း ပြောကြားသည်။


ခိုင္လူလွ(နိရဥၥရာ)

Narinjara

https://www.facebook.com/narinjara.info

ရသေ့တောင်မြို့နယ်မူစဲကမ်းအနီး ဇက်စစ်ရေယာဉ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ကျွဲနှစ်ကောင်သေပြီး အိမ်တချို့ပျက်စီးမှုရှိ ရသေ့တောင်မြို့နယ်မူစဲကမ်းအနီး ဇက်စစ်ရေယာဉ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ကျွဲနှစ်ကောင်သေပြီး အိမ်တချို့ပျက်စီးမှုရှိ Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.