ထိုင်းမှာ ဟိုတယ် မကောင်းကြောင်း ရေးခဲ့တဲ့ နိုင်ငံခြားသား ထောင်ချခံရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အခက်အခဲနဲ့ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံမှာ အမေရိကန်တစ်ဦးဟာ သူနေခဲ့တဲ့ ဟိုတယ် မကောင်းကြောင်း ရေးခဲ့အပြီးမှာ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ် ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတဲ့ အသရေဖျက်မှု ဥပဒေနဲ့ သူ့ကို Sea View Resort ဟိုတယ်က တရားစွဲခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဝက်စလီ ဘန်းစ် ဆိုသူ အဲဒီ အမေရိကန်က Sea View Resort ဟိုတယ် မကောင်းကြောင်း မှတ်ချက်တွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်း အမျိုးမျိုးကနေ တင်ခဲ့ပြီး အဲဒီဟိုတယ်ဟာ ခေတ်သစ်ကျွန်စနစ် ကျင့်သုံးနေတယ် ဆိုပြီး စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

Sea View Resort ဟိုတယ်ကတော့ သူ့ရဲ့ ရင့်သီးတဲ့ မှတ်ချက်တွေဟာ လုံးဝမမှန်ဘဲ ဟိုတယ်ရဲ့ ဂုဏ်သိက္ခာကို ညှိုနွမ်းစေတယ်လို့ ပြောပါတယ်။

"ဟိုတယ်တွေအကြောင်း ဝေဖန် မှတ်ချက်တွေ ဖော်ပြတဲ့ TripAdvisor ဝက်ဆိုက်ပေါ်ကနေ အဲဒီလူက တစ်ဖက်စောင်းနင်း မှတ်ချက်တွေ တင်ခဲ့တာကြောင့် ဟိုတယ်ပိုင်ရှင်က တရားစွဲတိုင်ကြားခဲ့တာ"လို့ ထိုင်းရဲက AFP သတင်းဌာနကိုပြောပါတယ်။

အခုနှစ်အစောပိုင်းက ခိုချန်ကျွန်းပေါ်က Sea View Resort ဟိုတယ်မှာ တည်းနေတဲ့ မစ္စတာ ဘန်းစ်က ဟိုတယ်စားသောက်ဆိုင်ထဲ သူ့အရက်ပုလင်း ယူလာချင်တဲ့ ကိစ္စနဲ့ စကားများကြရာကနေ အစပြုပြီး ဒီဖြစ်ရပ် ဖြစ်လာခဲ့တာပါ။

ဟိုတယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာဘန်းစ်ကြောင့် ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရကြောင်း၊ စားသောက်ဆိုင်ထဲ အရက်ပုလင်း ယူလာရင် ပေးရမယ့်ငွေကို မစ္စတာ ဘန်းစ်က ပေးဖို့ ငြင်းဆန်နေခဲ့ရာမှာ မန်နေဂျာကပဲ ကြားဝင် ဖြေရှင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဟိုတယ်က ထွက်သွားအပြီးမှာ မစ္စတာ ဘန်းစ်ဟာ ဟိုတယ် မကောင်းကြောင်း မှတ်ချက် အများအပြားကို ဆိုရှယ်မီဒီယာတွေပေါ်ကနေ တင်ခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ သူ့ကို ဟိုတယ်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မစ္စတာ ဘန်းစ်ကို ရဲက ဖမ်းဆီး ခဲ့ပြီး ထောင်ထဲမှာ ရက်အတော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီနောက်မှာမှ အာမခံနဲ့ ပြန်လွတ်လာတာပါ။

ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ အသရေဖျက်မှု ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားမယ် ဆိုင်တော့ မစ္စတာ ဘန်းစ်ဟာ ထောင်ဒဏ် ၂ နှစ် ကျခံရဖို့ ရှိပါတယ်။

မစ္စတာ ဘန်းစ်ရဲ့ မှတ်ချက်တွေဟာ မှားယွင်းပြီး အသရေဖျက်တဲ့ မှတ်ချက်တွေလို့ ဟိုတယ်က ပြော

သူ့ရဲ့ မှတ်ချက်တွေဟာ လုပ်ကြံဖန်တီး၊ တမင် ချောက်တွန်းထားပြီး ထပ်ခါတလဲလဲ ဖော်ပြခဲ့တဲ့ မှတ်ချက်တွေ ဖြစ်ကြောင်း၊ TripAdvisor ဝက်ဆိုက်ပေါ်က ပို့စ် တစ်ခုမှာဆိုရင် ဟိုတယ်ဟာ ခေတ်သစ်ကျွန်စနစ် ကျင့်သုံးနေတယ်လို့ စွပ်စွဲထားကြောင်း ဟိုတယ်က ပြောပါတယ်။

မစ္စတာဘန်းစ်ကတော့ အဲဒီ ပို့စ်ဟာ TripAdvisor ဝက်ဆိုက်ရဲ့ လမ်းညွှန်ချက်တွေနဲ့ မညီတဲ့အတွက် တင်လို့ မရခဲ့ဘူးလို့ ဘီဘီစီ ကိုပြောပါတယ်။

ဒါ့အပြင် ဒီကိစ္စကြောင့် သူအလုပ်ပြုတ်ခဲ့ရပြီး သူ့အမှုအကြောင်း ဟိုးလေးတကြော် ဖြစ်သွားတဲ့အတွက် အလုပ်သစ် ရှာရခက်မှာကို သူအကြီးအကျယ် စိုးရိမ်နေတယ်လို့ မစ္စတာ ဘန်းစ်က ပြောပြပါတယ်။

အောက်တိုဘာလမှာ နောက်ထပ် ရုံးချိန်း သွားရမယ်လို့ ဆိုပါတယ်။ ရဲထိန်းသိမ်း ခံခဲ့ရတဲ့ ပထမရက်ပိုင်းတွေက အရမ်းကို ကြောက်စရာ ကောင်းခဲ့တာမို့ ထောင်ထဲ ဝင်ရမှာကို စိုးရိမ်ထိတ်လန့်နေတယ်လို့ မစ္စတာ ဘန်းစ်က ပြောပါတယ်။

ဒီအမှုကို ဟိုတယ်နဲ့ တိုက်ရိုက် ညှိနှိုင်း ကျေအေးနိုင်ဖို့ သူမျှော်လင့်ထားနေဆဲပါ။

ဒါပေမဲ့ ဟိုတယ်ကတော့ သူတို့ တရားမစွဲခင်မှာ မစ္စတာ ဘန်းစ်ကို ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

"ရှေ့ဆက်မလုပ်အောင် တားတဲ့အနေနဲ့ မကျေနပ်ကြောင်း တိုင်ကြားစာ ကျွန်တော်တို့ အရင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဟိုတယ် မကောင်းကြောင်း မှတ်ချက်တွေကို သီတင်း တစ်ပတ်ပြီးတစ်ပတ် ဆက်ရေးနေခဲ့ပါတယ်။ ဒီကိစ္စကို အေးအေးဆေးဆေး ညှိရအောင် သူ့ကို ဆက်သွယ်ဖို့ တစ်လကျော်လောက်ကို ကြိုးစားခဲ့တာပါ။ သူက ကျွန်တော်တို့ကို လုံးဝ ဂရုမစိုက်ဘဲ နေခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့ကို ဆက်သွယ်လာတဲ့ အချိန်ကျမှသာ ကျွန်တော်တို့ကို အကြောင်းပြန်ခဲ့တာပါ"လို့ Sea View Resort ဟိုတယ်က ပြောပြပါတယ်။

မစ္စတာ ဘန်းစ်ရဲ့မှတ်ချက်တွေ ဆိုရှယ်မီဒီယာတွေပေါ် ပျံ့သွားခဲ့အပြီးမှာ လူတွေက ဟိုတယ်မှာ ကြိုတင်စာရင်းပေးထားတာတွေကို ပြန်ဖျက်တာတွေ၊ ဟိုတယ်ဝန်ထမ်းတွေအပေါ် ဆက်ဆံပုံတွေအကြောင်း စုံစမ်းမေးမြန်းတာတွေ ရှိခဲ့တယ်လို့ Sea View Resort ဟိုတယ်က ရှင်းပြပါတယ်။

မဟုတ်တမ်းတရားတွေ နောက်ထပ်မရေးရင် သူ့အပေါ် အမှုဖွင့် တရားစွဲတာတွေ ဆက်မလုပ်တော့ဘူးလို့ မစ္စတာ ဘန်းစ်ကို သူတို့ အကြိမ်ကြိမ် ပြောခဲ့တယ်လို့ ဟိုတယ် ကြီးကြပ်ရေးက ပြောပါတယ်။

"မဟုတ်မမှန်၊ အသရေဖျက်တဲ့ မှတ်ချက်တွေ အချိန်အတော်ကြာ ထပ်ခါတလဲလဲ အရေးခံနေရတာဟာ ဟိုတယ်အပေါ် အကြီးအကျယ် ထိခိုက်နစ်နာစေပါတယ်။ အထူးသဖြင့် ဒီလို မကြုံစဖူး ခက်ခဲနေတဲ့ အချိန်မျိုးမှာပါ"

ထိုင်းနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကြောင့် အကြီးအကျယ် အထိနာနေရပါတယ်။

ထိုင်းနိုင်ငံဟာ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဟာ သိပ်မဆန်းလှပေမဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်တဲ့ အဲဒီဥပဒေက မတရား အသုံးချဖို့ အရမ်းလွယ်တယ်လို့ ထိုင်းအခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ် က ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းက သူပို့ခဲ့တဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ကြောင့် အသရေဖျက်မှု ရာဇဝတ်မှုနဲ့ သူတရားစွဲ အရေးယူခံခဲ့ရဖူးပါတယ်။

တစ်နှစ်ခွဲလောက်အကြာမှာတော့ တရားလိုဘက်က အမှုပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

တရားလိုအနေနဲ့ ဒီဥပဒေနဲ့ တရားစွဲချင်ရင် ရဲဌာန ဒါမှမဟုတ် အစိုးရရှေ့နေထံမှာ အမှုဖွင့်စရာ မလိုဘဲ တရားရုံးကို တိုက်ရိုက် ဦးတိုက် လျှောက်ထားနိုင်ပါတယ်။ တရားရုံးကလည်း အမှုကို ပယ်ချတာ အတော်လေး ရှားပါတယ်။

ဒီတော့ ဒီလို အတိုင်ခံရပြီဆိုတာနဲ့ ရာဇဝတ် တရားခံ အဖြစ် သတ်မှတ်ခံရလေ့ရှိပြီး တရားရုံးမှာ လာရောက် စစ်ဆေးခံဖို့ ဆင့်ခေါ်ခံရတတ်ပါတယ်။ တရားရုံးကို မလာရင်တော့ အဖမ်းခံရဖို့ ရှိပါတယ်။

တရားစွဲခံထားရသူ အနေနဲ့ အာမခံ လျှောက်ခွင့် ရှိမှာ ဖြစ်ပြီး တကယ်လို့ နိုင်ငံခြားသား ဖြစ်နေမယ်ဆိုရင် သူ့နိုင်ငံကူးလက်မှတ်ကို တရားရုံးက သိမ်းထားပါလိမ့်မယ်။ အမှုက နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။

တကယ်လို့ တရားစွဲခံထားရသူဘက်က အမှုနိုင်ခဲ့ရင်တောင် ရှေ့နေကြေးတွေ၊ တရားရုံးကုန်ကျစရိတ်တွေ ပြန်မတောင်းနိုင်ပါဘူး။ ဒါတွေ ပြန်တောင်းဖို့အတွက် သီးခြားအရပ်ဘက် အမှုနဲ့ ပြန်တရားစွဲရမှာ ဖြစ်ပါတယ်။

တရားလိုတွေဘက်က အမှုရှုံးသွားရင်တောင် ကုန်ကျစရိတ် ပေးစရာ မလိုပါဘူး။

ဒါ့ထက်ဆိုးတာက တခြားနိုင်ငံတွေလို ထိုင်းနိုင်ငံမှာ ကိုယ်ပြောတဲ့စကား၊ ကိုယ်ဖော်ပြခဲ့တဲ့ သတင်းက မှန်နေရင်တောင်၊ ဒါမှန်ပါတယ် ဆိုတာကို တရားလိုကလည်း ထုတ်ဖော် ဝန်ခံထားပြီးတာတောင် တရားစွဲခံထားရသူအနေနဲ့ ဒီသတင်းဟာ လူထုအကျိုးအတွက် ဖော်ပြရတာပါဆိုတာကို သက်သေမပြနိုင်ရင် ထောင်ကျရမယ့် အခြေအနေ ရှိနေဆဲပါ။ စိတ်ချရတဲ့ ရှေ့နေ၊ ထိုက်သင့်တဲ့ငွေနဲ့ ငှားနိုင်မယ့်ရှေ့နေ ရဖို့ကလည်း အရမ်းကို ခက်ပါတယ်။

ဒီတော့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးကိစ္စ အငြင်းပွားမှုတွေမှာ မကြာခဏ ဆိုသလို အဲဒီ အသရေဖျက်မှု ဥပဒေကို အသုံးချလေ့ ရှိတာ တွေ့ရမှာပါ။

မတရားမှုတွေကို တိုက်ပွဲဝင်နေသူတွေကို အနှောင့်အယှက်ပေးဖို့နဲ့ နှုတ်ဆိတ်သွားအောင် လုပ်ဖို့ ဒီဥပဒေကို အသုံးချလေ့ ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောနေပါတယ်။

အသားကြိတ်စက်ရုံ ကုမ္ပဏီတစ်ခုဆိုရင် မတရားအလုပ်ခိုင်းစေနေတဲ့အကြောင်း တိုင်တန်းတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေအပေါ် အမှုပေါင်း ၃၈ မှုလောက် စွဲဆိုထားပြီး အတော်များများဟာ အသရေဖျက်မှု ဥပဒေတွေနဲ့ ဖြစ်ပါတယ်။

ဒီအမှုအကြောင်း ဆိုရှယ်မီဒီယာမှာ ဝေဖန်ရေးခဲ့တဲ့ သတင်းထောက်တစ်ဦးလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54341590

ထိုင်းမှာ ဟိုတယ် မကောင်းကြောင်း ရေးခဲ့တဲ့ နိုင်ငံခြားသား ထောင်ချခံရဖွယ်ရှိ  ထိုင်းမှာ ဟိုတယ် မကောင်းကြောင်း ရေးခဲ့တဲ့ နိုင်ငံခြားသား ထောင်ချခံရဖွယ်ရှိ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.