ရန်ကုန်မှာ ‌ဆိုင်အများစု ပိတ်လိုက်လို့ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ


လူဦးရေ ၆ သန်းဝန်းကျင်နေထိုင်ရာ ရန်ကုန်မြို့မှာ အဓိက ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးတွေမှာ ဈေးဆိုင်ခန်း အများအပြား ပိတ်သိမ်းထားပြီး ကုန်ဈေးနှုန်းလည်း အနည်းငယ်တက်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချတဲ့ ဗဟိုစံပြငါးဈေးမှာ ဆိုင်ခန်း ၈၀ ရာခိုင်နှုန်း လောက်က ပိတ်ထားတာကြောင့် ပင်လယ်စာကုန်အဝင် နည်းပါးလာပြီး ရေချိုငါးတွေလည်း ဈေးတက်နေပါတယ်။

ဆိုင်တွေ ပိတ်ကုန်ရတာဟာ ကုန်အဝင် နည်းပါးတဲ့အချက်အပြင် ကုန်စည်ပို့ဆောင်ရာမှာလည်း မြို့တွေကို ဖြတ်သန်းသွားလာရ ခက်ခဲတာကြောင့် ရောင်းချတာတွေကို ရပ်ဆိုင်းလိုက်ကြတာလို့ ဈေးသာယာရေးအဖွဲ့ဝင် ပြည့်ဖြိုးအောင် ငါး၊ ပုဇွန်ရောင်းဝယ်ရေး ပိုင်ရှင် ဦးကျော်သူက ပြောပါတယ်။

“၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားတယ်၊ တချို့က ကြောက်လို့နားတာ တချို့က အကန့်အသတ်တွေကြောင့် နယ်တွေက မဝင်လို့ နားတာ၊ ပင်လယ်စာက လုံးလုံးမဝင်ဘူး၊ ရေချိုလည်းတက်တယ် ။ ဒီတိုင်းဆက်သွားရင် ဒီမှာလည်း တဖြေးဖြေးပါးသွားလိမ့်မယ်။ အဓိက အဝင်အထွက်ပဲ ရန်ကုန်ဈေးကိုရောက်လို့ မြို့တွေကို သွားရင်လည်း မြို့စဉ်ချသွားလို့ရရင်တမျိုးပေါ့ ဟိုကတား ဒီကပိတ်နဲ့ သွားရတာ ခက်တယ် အဲဒီအပိုင်းတွေ လည်း ပါတာပေါ့”

ရေချိုငါးလည်း အဝင်နည်းပါးသွာပြီး ငါးအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၁၀၀ ကနေ ၁၀၀၀ လောက်အထိ ဈေးတက်နေတယ်လို့ ဆိုပါတယ်။

ဆန်၊ ဆီ၊ ဆား၊ ငြုတ်၊ ကြက်သွန်နဲ့ ကုန်ခြောက်တွေ အဓိကရောင်းချနေတဲ့ ဘုရင့်နောင်ကုန်စည် ဒိုင်မှာလည်း ဆိုင်ခန်း လေးပုံ တစ်ပုံလောက်သာ ဖွင့်တော့တယ်လို့ ပွဲရုံဝင်းအတွင်းက အောင်ဇမ္မူ ဆန်ပွဲရုံ ပိုင်ရှင် ဦးရဲနောင်စိုးက ပြောပါတယ်။

“တချို့ဆိုင်တွေက ကိုယ့်သဘောနဲ့ကိုယ်ပိတ်တယ်၊ တချို့ကတော့ ဖွင့်ထားတယ်၊ တော်တော်နည်းသွားပြီ လေးပုံတစ်ပုံလောက်ပိတ်ထားပြီ ပြီးခဲ့တဲ့ တစ်ပတ်လောက် တနလာၤနေ့ကတည်းက ပိတ်သွားကြတာ”

ဆန်ဈေးကတော့ မြင့်တက်လာတာမရှိဘူးလို့ ဆိုပါတယ်။

ဟင်းသီး ဟင်းရွက်ဈေးဖြစ်တဲ့ သိရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးကြီးတွေမှာလည်း ဆိုင်ခန်းအများအပြား ပိတ်ထားပြီး ကုန်ပစ္စည်းက အဝင်နည်းသလို ပြန်လည်ရောင်းချရာမှာလည်း အမှာနည်းလာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးဖြစ်တဲ့ မပိုင်ပိုင်က ရပ်ကွက်ဈေးထဲမှာ ဈေးသည်တွေ နည်းသွားသလို ဈေးနှုန်းတွေကလည်း တက်လာတယ်လို့ ဈေးဝယ်ရတဲ့ အခြေအနေကို ပြောပါတယ်။

“အောင်ဆန်းဈေး သွားနေကြဈေးထဲမှာ ဝက်သားအမဲသားဆိုင်တောင် မရှိတော့ဘူး၊ ကြက်သားနဲ့ ငါးဆိုင်ပဲရှိတော့တယ်၊ ဈေးတွေကတော့ တက်သွားတယ်၊ အသီးအရွက်တွေကအစ အာလူး၊ ကြက်သွန် အာလူးက ပိုဈေးတက်တယ်၊ အသီးအရွက်တွေလည်း အရင်က ဂေါ်ဖီတစ်စိတ်ဆို ၃၀၀ အခု ၅၀၀ ဝယ်ရတယ်၊ ခရမ်းချဉ်သီးဆိုလည်း အရင်ကလို ၂၀၀၊ ၃၀၀ မရတော့ဘူး ဈေးထဲမှာလည်း အသည်မရှိတော့ဘူး ရှိတဲ့အသည်မှာပဲ ဝယ်ရတယ် သူတို့ဈေးအတိုင်းပဲ”

အရင် အာလူးတစ်ပိဿာ ၁၀၀၀ ကျပ်က ၁၈၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၇၀၀ ကျပ်က ၁၂၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ်က ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ဆယ်သား ၃၀၀ ကျပ်က ၅၀၀ ကျပ် စသဖြင့် ဈေးတက်လာတာဖြစ်ပါတယ်။

ဈေးဆိုင်ခန်းပိုင်ရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် ပိတ်ကြတာပါ။ အများစုက ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ နေအိမ်မှာပဲနေဖို့  ထုတ်ပြန်လိုက်ပြီးနောက် ပိတ်သိမ်းလိုက်ကြတာ ဖြစ်ပါတယ်။

ဒီလိုပိတ်သွားကြရတာဟာ ရောဂါကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် ပိတ်တဲ့သူတွေရှိသလို ကုန်အဝင် မရှိတော့တာကြောင့် ပိတ်လိုက်တဲ့သူတွေလည်း ရှိနေပါတယ်။

“ကုန်ကဝင်တယ် ကားတွေက ရောက်ချိန်မမှန်တော့ ဘယ်လိုသွားရောင်းမလဲ၊ ကိုယ်ရောင်းရမယ့်အချိန်နဲ့ သူရောက်တဲ့အချိန်က တလွဲစီဖြစ်နေတယ်၊ ဒီနေ့ရောက်တဲ့ကုန်က မနက်ဖြန်မှရောင်းရသလိုဖြစ်နေတော့ ကုန်တွေက မလတ်တော့ဘူး၊ ရာသီကုန်တွေက အဲလိုဖြစ်တယ် ပင်လယ်စာတွေကတော့ ဆိုင်တွေက ပါဆယ်ဆိုတော့ မရောင်းရဘူး၊ ကိုယ်တွေကမှာရင် တစ်ပုံး၊ နှစ်ပုံးမှာရတယ်၊ ရေခဲရိုက်ထားရတာ တစ်ရက်နှစ်ရက်ပဲ ထားလို့ရတယ်၊ ရောင်းလည်းမရောင်းရ သိပ်ပြီးလဲမမြတ်တော့ အဲဒါကြောင့် ပိတ်လိုက်တာ”

ဒညင်းကုန်းဈေးမှာ ရခိုင်ပြည်နယ်ကလာတဲ့ ကုန်စည်တွေကို ရောင်းချနေတဲ့ မတင်ဇာ ပြောသွားတာပါ။

နယ်ဒေသတွေက ကုန်အဝင်ကားတွေ မြို့တွေကို ဖြတ်သန်းသွားလာရာမှာ တားဆီးစစ်ဆေးမှု အခြေအနေကြောင့်   ကုန်စည်စီးဆင်းမှု လျော့နည်းလာတဲ့တာကြောင့် ကုန်ဈေးနှုန်း တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ရေးကာလမှာ ကုန်စည်စီးဆင်းမှု လွယ်ကူအဆင်ပြေစေဖို့ အမျိုးသားအဆင့် ကိုဗစ်ကော်မတီက မြို့နယ်အသီးသီးက အာဏာပိုင်တွေကို ညွှန်ကြားချက် စာထုတ်ထားပြီးဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

“ကုန်တင်မော်တော်ယာဉ်တွေအားလုံးက သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ အသင်းတွေနဲ့ တိုက်ရိုက်ပတ်သက်ပြီး အုပ်ချုပ်လို့ပါ။ အဲဒါတွေဖြစ်နေတယ်ဆိုတာ ကြားသိရတဲ့အတွက် ကိုဗစ်ဗဟိုကော်မတီကြီးက ဒါတွေမဖြစ်ဖို့ဆိုပြီး ညွှန်ကြားချက်စာ ထုတ်ထားပြီးသားပါ”

ကပ်ဘေးကာလ ကန့်သတ်ချက်တွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ ရှိနေပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်ရေးအတွက် တိကျတဲ့လမ်းညွှန်ချက်တွေ ထုတ်ပြန်သင့်သလို အောက်ခြေကလည်း လိုက်နာဖို့ လိုအပ်နေတယ်လို့ ကုန်စည်ဒိုင်တွေက ထောက်ပြထားပါတယ်။

ဒီလိုမျိုး ကုန်စည်စီးဆင်းဖို့ ဆက်လက်ခက်ခဲနေပြီး ကုန်အဝင်ရှားပါးသွားမယ်ဆိုရင် ကုန်စည်ဒိုင်တွေ အားလုံးနီးပါး ရပ်နားသွားနိုင်ပြီး ကုန်ဈေးနှုန်း ထိန်းချုပ်လို့မရ ဖြစ်သွားနိုင်တာကြောင့် အဆင်ပြေအောင် စီမံပေးစေလိုတယ်လို့ ပြောဆိုနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/ygn-market-prices-09302020043859.html 

ရန်ကုန်မှာ ‌ဆိုင်အများစု ပိတ်လိုက်လို့ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ ရန်ကုန်မှာ ‌ဆိုင်အများစု ပိတ်လိုက်လို့ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.